နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
လူ မဟုတ်တဲ့ လူ
4:10 PM | Author: Dhamma Yanant

ကျန်းမာရေးအရ လတ်ဆတ်မှတဲ့
သူ့အသက်ကိုလည်း တန်ဖိုးမတွက်တဲ့အခါ…
ငတ်ပြတ်လွန်းတဲ့ အူအခွေအတွက်
ကြုံသလိုရပ် အစာဖွေထွက်တဲ့အခါ…
ရောင်စုံတံလျှပ် ရမ္မက်တွေအောက်က
ပန်းကုံးတွေလည်း ရောင်းမလောက်တဲ့အခါ…
အပြုံးညာဖက် မာယာစွက်ပြီး
လင်္ကာတွေစွဲ နှစ်သက်တဲ့အခါ…
လူမှုရေးပြ ငြင်းထွက်မရလို့
မူးယစ်ရီဝေ လက်ခံလေတဲ့အခါ…

ပကာသနနဲ့ ဂုဏ်ဒြပ်တွေက
စိတ်ဓာတ်ကို အဆိပ်ခတ် သတ်ကြ
ဗြဟ္မစိုရ်တရားတွေ ပြိုကျ
သိက္ခာဆိုတာတွေ မြေခ
သီလတွေလည်း ဖျားသွားတဲ့အခါ…

ငါဟာ…
လူမဟုတ်တော့တဲ့ လူဖြစ်နေပြီလေ။

[+/-] အပြည့်အစုံဖတ်မယ်...

မကြောက်တတ်သူ...
5:25 PM | Author: Dhamma Yanant

ပျော်ရွှင်ကျန်းမာ ချမ်းသာမိန်းမူး
ရာထူးဂုဏ်သိမ် စည်းစိမ်သ္မီးသား
အင်္ဂါခြေလက် အသက်မချွတ်
မစွန့်လွှတ်ရဲလို့
လက်လွတ်ရမှာ ကြောက်သတဲ့…။

မရဘူးလည်း ဦးသူယူချင်
မြင်ရာလှမ်းဖမ်း ဆွဲရမ်းသိမ်းပိုက်
ကြိုက်ခိုက်မိုက်မလင်း ချင်ခြင်းတပ်စွန်း
လိုချင်လွန်းလို့
လွဲလိုက်ရမှာ ကြောက်သတဲ့…။

လောဘမြစ်ဖျား ဒေါသနှစ်ပါးက
ခလောက်ဆန်အောင်မွှေ
ဘ၀တွေ ပွေလိုက်ကြပုံများ
နေစရာကိုမရှိ စိတ်မချမှုအတိနဲ့
ပြည့်စုံတယ်လည်း မထင်ရ
မောဟက အမှောင်ချ…။

အမှောင်ကမ္ဘာက စမ်းတ၀ါးခရီး
ကြောက်လွန်းရှာသူတွေအတွက် အလင်းမီးက
ပေးလှူစွမ်းပြီး မရချင်ပါမှ ထိန်ငြီးခဲ့
အကြောက်ကင်းစင် အေးချမ်းတဲ့ဘ၀ရှင် ဖြစ်ဖို့ဆို
စိတ်ကိုပြင်ဆင် မလိုချင်လွန်းဘဲ
လောဘဒေါသ အစွန်းတွေကို ဆုတ်ဖြဲ
တောင့်တမှုတွေ မဖက်တွဲဘဲ
လွတ်လွတ်ရဲရဲ စွန့်ကြဲမှလေ…။

[+/-] အပြည့်အစုံဖတ်မယ်...

'အသင်္ချေ ဆိုတာ မရေမတွက်နိုင်အောင် များပြားသော' လို့ အဓိပ္ပါယ်ရပါတယ်။ (မရေမတွက်နိုင်ဘူးလည်း ဆိုသေးတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ ဘာလို့များ ပြောကြပါလိမ့်လို့လည်း အတွေးတစ်စ ဖြစ်ခဲ့ဖူးပါတယ်။)

တစ်နည်းပြောရရင် အသင်္ချေ = ၁ နောက်တွင် သုညပေါင်း ၁၄ဝ လုံးရှိတယ်လို့လည်း ဆိုပါတယ်။ လေးအသင်္ချေရေတွက်ပုံကတော့ ...
(၁) ဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူတဲ့ ဝရကမ္ဘာ = (ဘုရား-၄ဆူ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာပေါင်းများစွာ ဘုရားမပွင့်လို့ သုညကမ္ဘာအသင်္ချေ ကြာသွားပါတယ်။ အဲဒါကို 'သေလ အသင်္ချေ'လို့ ခေါ်ပါတယ်။
(၂) အဲဒီနောက် ... ကောဏ္ဍညဘုရားပွင့်တော်မူတဲ့ သာရကမ္ဘာ = (ဘုရားတစ်ဆူသာ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် သုညကမ္ဘာ အသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဘာသအသင်္ချေ'လို့ ခေါ်ပါတယ်။
(၃) အဲဒီနောက် ... မင်္ဂလဘုရား၊ သုမနဘုရား၊ ရေဝတဘုရား နဲ့ သောဘိတဘုရား ဆိုတဲ့ ဘုရားလေးဆူပွင့်တဲ့ ဝရကမ္ဘာပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာအသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဇေယျအသင်္ချေ'လို့ ခေါ်ပါတယ်။
(၄) အဲဒီနောက် ... အနောမဒဿီဘုရား၊ ပဒုမဘုရား နဲ့ နာရဒဘုရား ဆိုတဲ့ ဘုရားသုံးဆူပွင့်တဲ့ သာရမဏ္ဍကမ္ဘာပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာ အသင်္ချေကြာသွားပြန်ပါတယ်။ အဲဒါကို 'ရုစိယအသင်္ချေ'လို့ ခေါ်ပါတယ်။
အဲဒီလို သေလ၊ ဘာသ၊ ဇေယျ နဲ့ ရုစိယလို့ခေါ်တဲ့ ကမ္တာပေါင်း လေးအသင်္ချေအတွင်းမှာ ဘုရားပေါင်း (၁၂)ဆူ ပွင့်သွားပါတယ်။ အဲဒီနောက် ပဒုမုတ္တရဘုရားတစ်ဆူသာပွင့်တဲ့ သာရကမ္ဘာ ပေါ်ထွန်းပြီး ယခု ဂေါတမမြတ်စွာ ဘုရားပွင့်ရာ ဘဒ္ဒကမ္ဘာ= (ဘုရားငါးဆူ ပွင့်တဲ့ကမ္ဘာ) ထိ ကမ္တာပေါင်း တစ်သိန်းဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ ကမ္တာပေါင်း တစ်သိန်းအတွင်းမှာတော့ ဘုရားပေါင်း (၁၆) ဆူ ပွင့်တော် မူခဲ့ပါတယ်။
ဒီလိုနဲ့ ... လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ ဘုရားပေါင်း (၂၈) ဆူသာ ပွင့်တော်မူခဲ့ပါတယ်။ ဘုရားပွင့်ရာ ကမ္ဘာတစ်ခု ပေါ်ထွန်းလာပြီးနောက် သုညကမ္ဘာပေါင်း တမေ့တမော များစွာဖြစ်ပြီးမှ ဘုရားပွင့်ရာ ကမ္ဘာတစ်ခုပေါ်။ အဲဒီနောက် တစ်ခါ သုညကမ္ဘာတွေ တမေ့တမော များစွာပြန်ဖြစ် .......... တွေးကြည့်ရတာနဲ့တင် နက်ရှိုင်းတဲ့ အမှောင်ထုကြီးထဲမှာ ဦးတည်ရာမဲ့ အသက်လုပြီး ပြေးလွှားနေရသလို မောပန်းပြီး ကြောက်စရာကောင်းလှပါတယ်။
ဒါ့ကြောင့် ဘုရားရှင်နဲ့ တိုက်ရိုက်မကြုံပေမယ့် ဘုရားသာသနာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံနေခိုက်မို့ ရခဲလှတဲ့ဒုလ္လဘတရားတွေနဲ့လည်း ကိုက်ညီနေတုန်း အမှောင်လမ်းက စွမ်းသလောက်ရုန်းထွက် အလင်းတစ်ချက်နဲ့ သံသရာမှာ ထောက်မတ်မှုရအောင် အပျင်းမဖက် ၀ီရိယစွက်ရင်း ကြိုးစားကြဖို့ပါပဲ ... ။

[+/-] အပြည့်အစုံဖတ်မယ်...

'မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ' ဆိုတဲ့ မေတ္တာပို့လေးကို ကြားဖူးကြမှာပါ။ အကျိုးစီးပွားကို လိုလားခြင်း သဘောရှိတဲ့ မေတ္တာရဲ့ ဆန့်ကျင်ဘက်ရန်သူဟာ ဒေါသဆိုတာ အလွန်ထင်ရှားပါတယ်။

ဒါပေမယ့် ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူပါ။ ရေနဲ့ မီး၊ အအေးနဲ့ အပူ၊ ကောင်းကွက်ရှုတာနဲ့ မကောင်းကွက်ရှုတာ အဲဒီလို သဘောအားဖြင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေလို့ ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူ ဖြစ်ရတာပါ။ မေတ္တာလည်း ပွားမယ်။ ဒေါသလည်း ထွက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မေတ္တာပွားနေရင် ဒေါသမလာနိုင်ပါဘူး။
ဒါဆို အနီးရန်သူက ဘာလဲဆိုရင် ချစ်ခြင်းလို့ခေါ်တဲ့ ရာဂပါ။ ဘာလို့လဲဆိုရင် မေတ္တာကလည်း ကောင်းကွက်ကို ရှုတယ်။ ချစ်တာကလည်း ကောင်းကွက်ကို ရှုတယ်။ အဲဒီလို သဘောတူနေလို့ ကောင်းကွက်ကို ရှုရင်း၊ ရှုရင်းကနေ တစ်ခါတစ်ရံ မေတ္တာကို ကျော်လွန်ပြီး ချစ်တာဖြစ်သွားတတ်လို့ပါ။ မေတ္တာပွားရင် ကုသိုလ်ဖြစ်ပြီး ချစ်တာပွားရင် အကုသိုလ်ဖြစ်သွားမှာပါ။ ဒီလို ကုသိုလ်ကနေ အကုသိုလ်ဖြစ်သွားတတ်လို့ ရာဂဟာ မေတ္တာရဲ့ အနီးရန်သူ ဖြစ်ရတာပါ။

နောက်တစ်ခု- သနားခြင်းသဘောရှိတဲ့ ကရုဏာရဲ့ ထင်ထင်ရှားရှား အဝေးရန်သူကတော့ သနားခြင်းရဲ့ဆန့်ကျင်ဘက် ညှင်းဆဲခြင်း ဝိဟိံသပါ။ သနားနေရင် ညှင်းဆဲခြင်း မဖြစ်နိုင်ပါဘူး။
ကရုဏာရဲ့ အနီးရန်သူကတော့ (ကာမဂုဏ်ကို မှီတဲ့) စိတ်ဆင်းရဲခြင်း ဒေါမနဿပါ။ လိုချင်တာ မရလို့၊ ရပြီးသား ပျက်စီးသွားလို့ စိတ်ဆင်းရဲတာကို (ကာမဂုဏ်ကို မှီတဲ့) ဒေါမနဿလို့ ခေါ်ပါတယ်။ ဒေါမနဿကလည်း ပျက်စီးသွားခြင်းဆိုတဲ့ ဝိပ္ပတ္တိကို ရှုတယ်။ ကရုဏာကလည်း ပျက်စီးသွားခြင်းဆိုတဲ့ ဝိပ္ပတ္တိကို ရှုတယ်။ အဲဒီလို သဘောခြင်းတူနေတဲ့အတွက် ကရုဏာဆိုတဲ့ ကုသိုလ်ပွားနေရင်းကနေ ဒေါမနဿဆိုတဲ့ အကုသိုလ်သဘောကို အလွယ်တကူ ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

သူများကြီးပွားတာကို ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာရဲ့ အဝေးရန်သူကတော့ မမွေ့လျော်တဲ့ အရတိ ဖြစ်ပါတယ်။ ဝမ်းမြောက်ခြင်းနဲ့ မပျော်မွေ့ခြင်းဟာ သဘောခြင်း ဆန့်ကျင်တဲ့ အတွက်ကြောင့် အဝေးရန်သူတွေ ဖြစ်ရပါတယ်။ ဝမ်းမြောက်ခြင်း ဖြစ်နေရင် မပျော်မွေ့ခြင်း မဖြစ်နိုင်ပါဘူး။ (တနည်း - သူတပါးကို မနာလိုတဲ့ ဣဿာဆိုတာလည်း မုဒိတာရဲ့ ဆန့်ကျင်ဘက်ပါပဲ။)
မုဒိတာရဲ့ အနီးရန်သူကတော့ ကာမဂုဏ်ကိုမှီတဲ့ သောမနဿပါ။ လိုချင်တာတွေ ရလို့၊ အရင်တုန်းက ရဖူးလို့ ဝမ်းမြောက်နေတာကို ကာမဂုဏ်ကိုမှီတဲ့ သောမနဿလို့ ခေါ်ပါတယ်။ ပြည့်စုံခြင်းဆိုတဲ့ သမ္ပတ္တိကို ရှုခြင်း သဘောအားဖြင့် မုဒိတာနဲ့ သောမနဿဟာ တူနေပါတယ်။ ကုသိုလ်သဘော မုဒိတာ ပွားနေရင်းကနေ လောဘသဘော သောမနဿကို အလွယ်တကူ ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

ချစ်ခြင်း၊ မုန်းခြင်း မရှိတဲ့ ဥပေက္ခာရဲ့ အဝေးရန်သူကတော့ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ ရာဂနဲ့ ပဋိဃတို့ပါပဲ။ ဥပေက္ခာပွားနေရင် ချစ်ခြင်း၊ မုန်းခြင်း မဖြစ်နိုင်ပါဘူး။
ဥပေက္ခာရဲ့ အနီးရန်သူကတော့ ဉာဏ်ကင်းတဲ့ အဉာဏုပေက္ခာပါ။ ဂုဏ်၊ အပြစ်ကို မရှုမဆင်ခြင်ခြင်း သဘောအားဖြင့် တူသောကြောင့် အနီးရန်သူ ဖြစ်ရတာပါ။ ဂုဏ်ကိုဆင်ခြင်ရင် ချစ်ခြင်းဖြစ်နိုင်ပြီး အပြစ်ကို ဆင်ခြင်ရင် မုန်းခြင်း ဖြစ်နိုင်လို့ တမင်မရှုတဲ့ ဥပေက္ခာပွားနေရင်းကနေ ဂုဏ်အပြစ်ကို မခွဲခြား မသိမြင်လို့ မရှုမဆင်ခြင်တဲ့ အဉာဏုပေက္ခာအဖြစ် ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

ဆန့်ကျင်ဘက်ဖြစ်နေရင် ရန်သူဆိုတာ ထင်ရှားပေမယ့် အာရုံတူစွာ လာရောပြီး ပူးသတ်တတ်တဲ့ အနီးရန်သူကိုတော့ သတိပြုမိခဲတတ်ကြပါတယ်။ ဒါ့ကြောင့် ဆင်တူရိုးမှား သတိပြုပါဆိုတဲ့ စကားလိုပဲ အနီးရန်သူနဲ့ အဝေးရန်သူ ဘယ်ရန်သူကို ပိုဂရုစိုက်ရမလဲဆိုတာ သတိချပ်စေလိုပါကြောင်း ...။

[+/-] အပြည့်အစုံဖတ်မယ်...

ကြားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။
အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။)
ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။ (အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။ ခဏသာ ခါးပေမယ့် ပြီးရင် နာကျင်ဆင်းရဲမှုတွေ ပျောက်ပြီး ချမ်းသာရာ ရောက်ရမှာပါ။) ( ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ရွှေပန်းခိုင်လေးနဲ့ ပူဇော်ဖို့လာတဲ့ ရေဝတီဆိုတဲ့ ကလေးမလေး လူအုပ်ကြီးနင်းခံရလို့ သေသွားသလို၊ ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဥပါသကာကြီး လူသတ်ခံရလို့ သေသွားသလို မျက်မြင်အားဖြင့် (ကောင်းတာလုပ်ရင်းက) ကံဆိုးရသလိုလိုနဲ့ အမှန်က သူတို့ ဝဋ်ကြွေးမြန်မြန်ကျေပြီး ပိုကောင်းတဲ့ ဘဝကို ရရှိသွားကြတာမျိုးပါ။)

သတ္တဝါတို့ကို စီမံတတ်တဲ့ ကံက (၄) မျိုးရှိပါတယ်။
အဲဒါတွေကတော့-
(၁) ဖြစ်စေတတ်တဲ့ကံ (ဇနကကံ)
(၂) ထောက်ပံ့တတ်တဲ့ကံ (ဥပတ္ထမ္ဘကကံ)
(၃) ညှင်းပန်းနှိပ်စက်တတ်တဲ့ကံ (ဥပပီဠကကံ)
(၄) သတ်ဖြတ်တတ်တဲ့ကံ (ဥပဃာတကကံ) တို့ပါပဲ။

(၁) ဇနကကံ - ကောင်းတဲ့ အကျိုးကိုပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ အကျိုးကိုပဲဖြစ်ဖြစ် ဖြစ်စေတတ်တဲ့ကံပါ။
(၂) ဥပတ္ထမ္ဘကကံ - ပေးပြီးသား ကောင်းကျိုးကို ပိုကောင်းအောင်၊ မကောင်းကျိုးကို ပိုဆိုးအောင် ထောက်ပံ့တတ်တဲ့ကံပါ။
(၃) ဥပပီဠကကံ - ပေးပြီးသား ကောင်းကျိုးကို အားနည်းအောင်၊ မကောင်းကျိုးကိုလည်း အားပျော့အောင် နှိပ်စက်တတ်တဲ့ကံပါ။
(၄) ဥပဃာတကကံ - ကောင်းကျိုးကို ပြတ်တောက်စေပြီး မကောင်းကျိုးကို ဖြစ်စေတတ်၊ မကောင်းကျိုးကို ပြတ်တောက်စေပြီး ကောင်းကျိုးကို ဖြစ်စေတတ်တဲ့ကံပါ။

ဥပမာ -
(၁) လူဘဝကိုရခြင်းဟာ ကုသိုလ်ဇနကကံကြောင့်ပါ။
(၂) ထိုလူ ကျန်းမာ၊ ချမ်းသာနေခြင်းဟာ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။
(၃) ထိုလူ ရောဂါထူ၊ ဆင်းရဲနေခြင်းဟာ အကုသိုလ်ဥပပီဠကကံက ညှင်းဆဲလို့ပါ။
(၄) ထိုလူ သေဆုံးသွားခြင်း၊ လူ့ဘဝပြတ်သွားခြင်းဟာ အကုသိုလ် ဥပဃာတကကံက သတ်ဖြတ်လို့ပါ။

နောက်ဥပမာတစ်ခု -
(၁) ခွေးဘဝရခြင်းဟာ အကုသိုလ် ဇနကကံကြောင့်ပါ။
(၂) ခွေးပိန်၊ ခွေးဝဲစားဖြစ်ခြင်းဟာ အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။
(၃) ချမ်းသာတဲ့သူက အဲဒီခွေးကို ကောက်ယူမွေးစားပြီး ကောင်းမွန်စွာ စားသောက်နေထိုင်ရခြင်းဟာ ကုသိုလ် ဥပပီဠကကံက (ခွေးရဲ့အကုသိုလ်ကံကို အားနည်းသွားအောင်) နှိပ်စက်လို့ပါ။
(၄) ခွေးဘဝ ပြတ်စဲသေဆုံးသွားပြီး ကောင်းရာဘဝရောက်ခြင်းဟာ ကုသိုလ် ဥပဃာတကကံက (အကုသိုလ်ကံကို) ဖြတ်တောက်လိုက်လို့ပါ။

ကုသိုလ်ဇနကကံကြောင့် ထီပေါက်တယ်။
ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ဆုကြီးကြီး ပေါက်တယ်။
အကုသိုလ်ဥပပီဠကကံကနှိပ်စက်လို့ ဆုသေးသေးလေးပဲ ပေါက်တယ်။
အကုသိုလ်ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ထီလက်မှတ်ပျောက်လို့ တစ်ပြားမှမရ ဖြစ်ရပါတယ်။

အကုသိုလ် ဇနကကံကြောင့် ကားမှောက်တယ်။
အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။
ကုသိုလ် ဥပပီဠကကံက နှိပ်စက်လို့ ဒဏ်ရာအနည်းငယ်သာ ရတယ်။
ကုသိုလ် ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ဘာဒဏ်ရာမှ မရဘဲ အနာလွတ်ကင်း ချမ်းသာရတယ်။

ဒီလိုပါပဲ ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာခြင်း၊ တိုးတက်လာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပျက်စီးသွားခြင်းများ စသည်ဖြင့် အကျိုးတရားတွေကို မိမိဥာဏ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။
ဖြစ်စေတတ်တဲ့ ဇနကကံပေါ် မူတည်ပြီး တိုးတက်မှာလား၊ ဆုတ်ယုတ်မှာလား၊ ပျက်စီးသွားမှာလားဆိုပြီး ကျန်တဲ့ကံ(၃)ပါးအနက် တစ်ပါးပါးက လာတွဲမှာပါ။
ဖြစ်စေတတ်တဲ့ကံကို - အမျိုးတူတဲ့ကံက (ကုသိုလ်ကို ကုသိုလ်က) (အကုသိုလ်ကို အကုသိုလ်က) ထောက်ပံ့ပြီး၊
အမျိုးမတူတဲ့ကံက (ကုသိုလ်ကို အကုသိုလ်က) (အကုသိုလ်ကို ကုသိုလ်က) ညှင်းဆဲနှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။

ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ
နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ ဆိုပြီး အမျိုးအစားကွဲကြပါတယ်။

ကောင်းကျိုးကို ဆိုရင်-
ကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံတယ်။
အကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။

မကောင်းကျိုးကို ဆိုရင်-
အကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံ့တယ်။
ကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။

အတိတ် ဇနကကုသိုလ်ကံကြောင့် ကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် ကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးအားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးပြတ်သွားအောင် ဖြတ်တောက်မယ်။

အတိတ် ဇနက အကုသိုလ်ကံကြောင့် မကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် အကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး အားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး ပြတ်သွားအောင် ဖြတ်တောက်မယ်။

တစ်နည်းအားဖြင့် -
ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်ဇနကကံကို အတိတ်ကံတို့က ထောက်ပံ့၊ ညှင်းဆဲ၊ သတ်ဖြတ်ကြတယ်။ ပစ္စုပ္ပန် ကောင်းမှု / မကောင်းမှုတို့ကို အတိတ်ကောင်းမှု / မကောင်းမှုတို့က ထောက်ပံ့တဲ့အခါ ကုသိုလ် / အကုသိုလ်လေး နည်းနည်းပြုရုံနဲ့ ကောင်းကျိုး / ဆိုးကျိုး များစွာရနိုင်ပါတယ်။ 'ရေလာမြောင်းပေး' ဆိုသလိုပဲ အတိတ်ကံ ရေလာချင်ပေမယ့် ပစ္စုပ္ပန်မြောင်း မဖောက်ရင် လာနိုင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ...
ကောင်းကျိုးလိုလားရင် ပစ္စုပ္ပန်မှာ ကောင်းမှု လုပ်မှသာ အတိတ်ကောင်းမှုကံတို့ ထောက်ပံ့ခွင့်ကို ရပါမယ်။
မကောင်းကျိုး မလိုလားရင် ပစ္စုပ္ပန်မှာ မကောင်းမှု မလုပ်မှသာ အတိတ်မကောင်းမှုကံတွေလည်း အကျိုးပေးခွင့်မသာမှာပါ။

ပစ္စုပ္ပန် ကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်အကုသိုလ်ကံတွေ ဝင်ရောက် နှိပ်စက်ရင် ကောင်းကျိုးတွေ အားနည်းပြီး မှန်းသလောက် မပေါက်မြောက်ပဲ ဖြစ်တတ်ပါတယ်။ အတိတ်အကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ ကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး ကောင်းမှုတွေ ပြုနေပေမယ့်လည်း မကောင်းကျိုးတွေပဲ ခံစားနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။

ပစ္စုပ္ပန် မကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်ကုသိုလ်ကံတွေက အဲဒီ့မကောင်းမှုကံကို နှိပ်စက်ရင် မကောင်းကျိုးတွေ အားနည်းပြီး ထင်သလောက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အတိတ်ကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ မကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး မကောင်းမှုပြုနေပေမယ့် ကောင်းကျိုးတွေ ခံစားနေကြရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။

အဲဒီတော့ သတ္တဝါတွေကို စီမံနေတာက မိမိတို့ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပါ။
ဒီကံတွေကလည်း အတိတ် နဲ့ ပစ္စုပ္ပန်ပေါင်းပြီး ခြယ်လှယ်နေကြတာပါ။
အတိတ်ကံက အမေနဲ့တူပြီး၊ ပစ္စုပ္ပန်ကံက အဖေနဲ့တူပါတယ်။ တစ်နည်းပြောရရင်... ပစ္စုပ္ပန်ကံက အမေနဲ့တူပြီး၊ အတိတ်ကံက အဖေနဲ့ တူပါတယ်။ အမေက မွေးထုတ်လိုက်ပြီး တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဟာ အဖေ့ရဲ့ စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီးမှီသလိုပါပဲ။
မိမိတို့က ကံတွေကို ပြုလုပ်စီမံခဲ့တော့ ကံတွေရဲ့ စီမံပြုလုပ်ခြင်းကို မိမိတို့ပဲ ပြန်ခံကြရတာပေါ့။ ကံစီမံတာ မခံချင်ဘူးဆိုရင်တော့ ကံကို မစီမံမှ ဖြစ်မှာပါ။ ကံကို မစီမံ မပြုလုပ်ရဘူး ဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။ သတ္တဝါတွေဆိုတာ အချိန်နဲ့အမျှ ကုသိုလ်ကံမပြုရင် အကုသိုလ်ကံတွေ ပြုနေကြတာပါ။ (ကာယ၊ ဝစီ၊ မနောမှာ ကုသိုလ်ကံ မဖြစ်သမျှ အကုသိုလ်ကံတွေ ဖြစ်နေတာပါ။)

ကံကို မစီမံချင်ရင်၊ မပြုလုပ်ချင်ရင် ကံကို ဖြတ်တောက်ပစ်ရမှာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ ၂-မျိုးလုံးကို ဖြတ်တောက်ပစ်ရမှာပါ။ ဖိနပ်အကောင်းစားစီးပြီး ပြေးတဲ့လူနဲ့ ဖိနပ်အစုတ်/ ဖိနပ်မပါဘဲ ပြေးတဲ့လူ- မောတာချင်းကတော့ အတူတူပါပဲ။ အပြေးရပ်မှကို ချမ်းသာမှာပါ။
အပြေးရပ်သလို ကံဖြတ်ဖို့ဆိုရင် ရဟန္တာဖြစ်မှ ကံကပြတ်မှာပါ။ ရဟန္တာဟာ ကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ အကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ ရဟန္တာကို ကုသိုလ်၊ အကုသိုလ် မပြုသူလို့ ခေါ်ပါတယ်။ ရဟန္တာများပြုတဲ့ ကုသိုလ်များဟာ ကုသိုလ်မမည်တော့ဘဲ ပြုကာမတ္တ ကြိယာသာ မည်ပါတော့တယ်။ အဆံမအောင်တဲ့ မျိုးစေ့လို အပင်ကို မဖြစ်စေတော့တဲ့အတွက် မျိုးစေ့အဖြစ်သုံးလို့ မဖြစ်တော့ပါဘူး။ မျိုးစေ့မဟုတ်တဲ့ သစ်စေ့လို ကုသိုလ်မဟုတ်တဲ့ ကြိယာ ဖြစ်သွားပါတယ်။
အဲဒီတော့ ရဟန္တာတွေလို ကံပြတ်သွားအောင် ကံဖြတ်ရပါမယ်။ ကံကို ဘယ်လိုဖြတ်မလဲဆိုတော့... ဝိပဿနာကုသိုလ်ကံကို ပြုရင်းနဲ့ပဲ ဖြတ်ရမှာပါ။ ဝိပဿနာကုသိုလ်ကံတွေ ပြုပါများတော့ ဝိပဿနာဥာဏ်တွေ ရင့်သန်လာပြီး အဆင့်ဆင့် အရိယာမဂ်၊ ဖိုလ်တို့ရဲ့ နောက်ဆုံး အရဟတ္တမဂ်ဥာဏ်ကိုရပြီး သံသရာလည်စေတတ်တဲ့ ကံအားလုံး ပြတ်သွားတော့တာပါပဲ။ မရှိတော့တဲ့ကံက ဘာကိုများ စီမံနိုင်ဦးမှာတဲ့လဲ ...။

[+/-] အပြည့်အစုံဖတ်မယ်...

အထူးဆန်းဆုံးအရာ
9:02 AM | Author: Dhamma Yanant

ဒီမှာ သူငယ်ချင်း…
ကမ္ဘာမှာ အဆန်းဆုံးအရာ ?
အဖြေတွေက အများအပြား
ဘလော့ဂ်တွေမှာလည်း မရှားပါး
ဒို့ရဲ့ဘုရား ဟောခဲ့တာက
တိရစ္ဆာန်တွေ သဏ္ဌာန်စုံနေလည်း
စိတ်သည်သာလျှင် အဆန်းတကာ့အဆန်း တဲ့။

သူငယ်ချင်းရေ…
စိတ်တွေဆန်းတော့ ကံတွေကွဲ
ကံတွေကွဲတော့ ပုံစံမမြဲ
ပုံစံမမြဲတော့ အခေါ်အဝေါ်ခွဲ
အခေါ်တွေခွဲတော့ ဆန္ဒကလွဲ - ဒီလိုနဲ့ ဂတိတွေပါဆန်း…
အရင်းစစ်တော့ အပြစ်က စိတ်
အနှစ်ချုပ်တော့ အရှုပ်က ကံ။

တွေးကြည့်စမ်းပါ သူငယ်ချင်း…
မလွန်ဆန်သရွေ့ သောကတမြေ့မြေ့
မေ့လျော့အပူခံ လှမ်းကြတာလည်း
ကြမ္မာတစ်ကွေ့မဟုတ် သံသရာအပြည့်
စိတ်ဆောင်နေသရွေ့ ချမ်းသာမတွေ့
လမ်းကောင်းမွေ့ချင် ခေါင်းဆောင်ပြောင်းမှ
အတွေးဟောင်းတွေလည်း ရပ်ကြမှလေ။

သူငယ်ချင်းလည်း သိမှာပါ…
ခေါင်းဆောင်သစ်က ပညာဆိုတာ
စွမ်းဆောင်သူ၊ ပါရဂူတွေလည်း ပညာမရှိ
ဝိတက်တွေကို ပညာနဲ့လွဲပြီး
ပညာရှင်အမည်ပေါက်သူတွေလည်း များစွာ
အမှန်က… ရုပ်နာမ် လက္ခဏာမြင်မှ ပညာ
ဖြစ်ပျက်သိလေ ပညာရှိလေပါပဲ။

ဒီတော့ သူငယ်ချင်းရေ…
ဖိနှိပ်ဖို့ခက် လွတ်ထွက်တတ်တဲ့ (စိတ်ကို)
ပညာလက်နက်နဲ့ ဆုံးမတိုက်ဖျက်
အဆန်းအပြားမှာ မကျက်စားစေဘဲ
အထူးအဆန်းကို ကျော်လွန်လှမ်းနိုင်မှ
ပညာရှင် ပညာရှိဘ၀နဲ့ (ဒို့တတွေ)
စိတ်ချလက်ချ ထောက်ရာရမှာမို့
ဉာဏ်မှောင်ကိုခွင်း ပညာအလင်းနဲ့
အ၀ိဇ္ဇာကင်းကင်း သတိကပ်ရင်း စိတ်ပါ ခါရှင်းလိုက်ကြစို့လေ…။

[+/-] အပြည့်အစုံဖတ်မယ်...

၁၅၀၀ နဲ့ ၅၂၈
6:50 PM | Author: Dhamma Yanant

ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။

ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။

အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
(၁) လောဘ - လိုချင်တာ
(၂) ဒေါသ - ကြမ်းတမ်းတာ၊ စိတ်ထိခိုက်တာ
(၃) မောဟ - မသိတာ
(၄) မာန - ထောင်လွှားတာ
(၅) ဒိဋ္ဌိ - အယူမှားတာ
(၆) ဝိစိကိစ္ဆာ - သံသယဖြစ်တာ
(၇) ထိန - မလန်းဆန်းတာ
(၈) ဥဒ္ဓစ္စ - စိတ်ပျံ့လွင့်တာ
(၉) အဟိရိက - မကောင်းတာလုပ်ဖို့ မရှက်တာ
(၁ဝ) အနောတ္တပ္ပ - မကောင်းတာလုပ်ဖို့ မကြောက်တာ တွေပါ။

အဲဒီ ကိလေသာတွေက-
စိတ် (၁)ခု၊
စေတသိက် (၅၂) ခု၊
နိပ္ဖန္နရုပ် (၁၈)ခု၊
လက္ခဏရုပ် (၄)ခု ဆိုတဲ့ (၇၅) ခုသော ရုပ်၊ နာမ်တရားတွေကို အာရုံပြုပါတယ်။ အဲဒီတရားတွေဟာ ကိုယ့်သန္တာန်၊ သူများသန္တာန် ၂ မျိုးလုံးမှာရှိလို့ (၇၅x၂) = ၁၅ဝ ဖြစ်သွားပါတယ်။ ကိလေသာ ၁-ပါးမှာ အာရုံ (၁၅ဝ)ရှိတော့ ကိလေသာ (၁ဝ)ပါးဆိုတော့ ၁၅ဝဝ - ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီ့ ၁၅ဝဝ လုံးဟာ တပြိုင်နက် မဖြစ်နိုင်ပါဘူး။

အခု လူအများစု သိထားကြတဲ့ ၁၅၀၀ အချစ်ဆိုတာ ကာမရာဂလို့ခေါ်တဲ့ တဏှာ=လောဘကို အခြေခံပြီး တောင်းနေကြ ပေးနေကြတာပါ။ ၁၅ဝဝ ပေးလိုက်တယ်ဆိုပြီး ကိုယ့်ဆီက ဘယ်ကိလေသာမှ လျှော့သွားမှာ မဟုတ်သလို ယူလိုက်ရလို့လည်း အရေအတွက် တိုးလာမှာ မဟုတ်ပါဘူး။ လောဘထု စတာတွေသာလျှင် တိုးလာမှာပါ။

ချစ်သူရည်းစားလို၊ ဇနီးခင်ပွန်းလို ချစ်မှ ၁၅ဝဝ မဟုတ်ပါဘူး။ လိုချင်မှု လောဘသာပါမယ်ဆိုရင် ဘယ်လိုချစ်ခြင်းပဲဖြစ်ဖြစ် ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ ချစ်တာမှ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင်လည်း ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ မုန်းခြင်းဆိုတာ ဒေါသကိလေသာပါ။ တခြား မာနပြိုင်နေကြသူတွေ စတာတွေဟာလည်း ၁၅ဝဝ ပိုင်ရှင်တွေပဲဆိုတာ ကိလေသာ ဆယ်ပါးကို ဖတ်ကြည့်လိုက်ရင် သတိပြုမိမှာပါ။

၅၂၈- ဆိုတာကတော့-
၁။ သဗ္ဗေ သတ္တာ = ခန္ဓာကို တွယ်တာတတ်တဲ့ သတ္တဝါ အားလုံး
(က) အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
(ခ) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
(ဂ) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ။
၂။ သဗ္ဗေ ပါဏာ = ထွက်သက်၊ ဝင်သက်ရှိသော သတ္တဝါ အားလုံး
၃။ သဗ္ဗေ ဘူတာ = ကံ၊ ကိလေသာကြောင့် ဖြစ်သော သတ္တဝါ အားလုံး
၎။ သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် အားလုံး
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ = ခန္ဓာ၊ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါ အားလုံး
(ဒီ ၅-ပါးက ဘယ်သူဘယ်ဝါလို့ မရည်ညွှန်းဘဲ သတ္တဝါအားလုံးကို ဆိုလိုတဲ့အတွက် အနောဓိသ လို့ခေါ်ပါတယ်။)

၆။ သဗ္ဗာ ဣတ္ထိယော = မိန်းမ အားလုံး
၇။ သဗ္ဗေ ပုရိသာ = ယောက်ျား အားလုံး
၈။ သဗ္ဗေ အရိယာ = အရိယာ အားလုံး
၉။ သဗ္ဗေ အနရိယာ = အရိယာ မဟုတ်သူ (ပုထုဇဉ်) အားလုံး
၁ဝ။ သဗ္ဗေ ဒေဝါ = နတ်၊ ဗြဟ္မာ အားလုံး
၁၁။ သဗ္ဗေ မနုဿာ = လူ အားလုံး
၁၂။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်သတ္တဝါ အားလုံး
(နောက် ၇-ပါးကတော့ မိန်းမ၊ ယောက်ျား ရည်ညွှန်းပိုင်းခြားထားလို့ သြဓိသ လို့ခေါ်ပါတယ်။)

အဲဒီ မေတ္တာခံ (၁၂) ပါးကို အဝေရာ ဟောန္တု စသော ပွားနည်း (၄) ပါးနဲ့ မြှောက်လိုက်ရင် ၄၈- ပါး ရပါတယ်။
အဲဒီ ၄၈-ပါးကို အရပ် (၁ဝ) မျက်နှာ တစ်ခုစီပို့တော့ (၄၈x၁ဝ)= ၄၈ဝ ရပါတယ်။
အဲဒီ ၄၈ဝ ကို အရပ်မပိုင်းခြားရသေးတဲ့ မူလ ၄၈-နဲ့ ပေါင်းတော့ = ၅၂၈ ရပါတယ်။
ဒီတော့ သတ္တဝါတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာခြင်း စတဲ့ အကျိုးစီးပွားကို လိုလားခြင်းသာလျှင် အေးချမ်းတဲ့ မေတ္တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေများ သာမက ချစ်သူ ရည်းစား ခင်ပွန်းဇနီးများပါ (ကိုယ့်အတွက် လောဘမပါဘဲ) သူ့အကျိုးစီးပွား သက်သက်ကို လိုလားမယ်ဆိုရင် ၅၂၈ ထဲမှာ ပါဝင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ကတော့ ချစ်သူ၊ မုန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ၊ မိဘ မောင်နှစ်မ ပုဂ္ဂိုလ်မရွေး ... ကိလေသာ (၁ဝ) ပါးကို အခြေခံရင် ၁၅ဝဝ ထဲမှာ ပါနေပြီး၊ အကျိုးလိုလားမှုကို အခြေခံရင် ဘယ်သူပဲဖြစ်ဖြစ် ၅၂၈ ထဲမှာပါတယ်ဆိုတဲ့အကြောင်း မေတ္တာလောင်းပြီး သုတပေါင်းပေးကြည့်တာပါ...။

[+/-] အပြည့်အစုံဖတ်မယ်...

သားလိမ္မာ - ၂ ယောက်
5:43 PM | Author: Dhamma Yanant

မိဘလုပ်ကျွေး သားလိမ္မာ
အိမ်ထောင် မပြုချင်ပါ
တိုက်တွန်းကာသာ ထိမ်းမြားပေး
သားလေးရှေ့ရေး မျှော်ကာတွေး။

လိမ္မာလွန်းတဲ့ သားလိမ္မာ
မယားကိုလည်း အလိုလိုက်ရှာ
အမိုက်မှာလေ ကမ်းကုန်ချက်
မယားခိုင်းတော့ ဖေမေသတ်။

စိတ်ဓာတ်ပြောင်းတဲ့ သားလိမ္မာ
ရှင်မောဂ္ဂလာန် အလောင်းပါ
သေလွန်တော့လေ ငရဲသွား
နောက်ဆုံးဘဝထိ သူခံစား ... ။

မိဘလုပ်ကျွေး သားလိမ္မာ
အိမ်ထောင်မပြုချင်ပါ
တိုက်တွန်းကာသာ ထိမ်းမြားပေး
သံဃာလုပ်ကျွေးသူမှရွေး။

ရေဝတီလေး ဟန်ဆောင်ကာ
သူ့ရှေ့မှာတင် လုပ်ကျွေးတာ
ကွယ်ရာမှာလေ ဆဲဆိုသေး
သေလွန်တော့လေ ငရဲပြေး။

စိတ်ဓာတ်မပြောင်းတဲ့ သားလိမ္မာ
နတ်သမီးတွေက မျှော်နေရှာ
မသေခင်မှာ ဗိမ္ဗာန်ပေါက်
နန္ဒိယတဲ့ ထိုတစ်ယောက် … ။

နှစ်ယောက်အနက် သားလိမ္မာ
ဘယ်သူ့လိုပင် ဖြစ်သင့်တာ
ကြိုတင်ကာလေ သတိပေး
သားလိမ္မာတို့ သေချာတွေး
အမိုက်ဓာတ်များ မကူးစေရေး
အလိမ္မာဓာတ်များ ဖြန့်ဝေပေး ... ။

[+/-] အပြည့်အစုံဖတ်မယ်...