နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကြားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။
အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။)
ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။ (အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။ ခဏသာ ခါးပေမယ့် ပြီးရင် နာကျင်ဆင်းရဲမှုတွေ ပျောက်ပြီး ချမ်းသာရာ ရောက်ရမှာပါ။) ( ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ရွှေပန်းခိုင်လေးနဲ့ ပူဇော်ဖို့လာတဲ့ ရေဝတီဆိုတဲ့ ကလေးမလေး လူအုပ်ကြီးနင်းခံရလို့ သေသွားသလို၊ ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဥပါသကာကြီး လူသတ်ခံရလို့ သေသွားသလို မျက်မြင်အားဖြင့် (ကောင်းတာလုပ်ရင်းက) ကံဆိုးရသလိုလိုနဲ့ အမှန်က သူတို့ ဝဋ်ကြွေးမြန်မြန်ကျေပြီး ပိုကောင်းတဲ့ ဘဝကို ရရှိသွားကြတာမျိုးပါ။)

သတ္တဝါတို့ကို စီမံတတ်တဲ့ ကံက (၄) မျိုးရှိပါတယ်။
အဲဒါတွေကတော့-
(၁) ဖြစ်စေတတ်တဲ့ကံ (ဇနကကံ)
(၂) ထောက်ပံ့တတ်တဲ့ကံ (ဥပတ္ထမ္ဘကကံ)
(၃) ညှင်းပန်းနှိပ်စက်တတ်တဲ့ကံ (ဥပပီဠကကံ)
(၄) သတ်ဖြတ်တတ်တဲ့ကံ (ဥပဃာတကကံ) တို့ပါပဲ။

(၁) ဇနကကံ - ကောင်းတဲ့ အကျိုးကိုပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ အကျိုးကိုပဲဖြစ်ဖြစ် ဖြစ်စေတတ်တဲ့ကံပါ။
(၂) ဥပတ္ထမ္ဘကကံ - ပေးပြီးသား ကောင်းကျိုးကို ပိုကောင်းအောင်၊ မကောင်းကျိုးကို ပိုဆိုးအောင် ထောက်ပံ့တတ်တဲ့ကံပါ။
(၃) ဥပပီဠကကံ - ပေးပြီးသား ကောင်းကျိုးကို အားနည်းအောင်၊ မကောင်းကျိုးကိုလည်း အားပျော့အောင် နှိပ်စက်တတ်တဲ့ကံပါ။
(၄) ဥပဃာတကကံ - ကောင်းကျိုးကို ပြတ်တောက်စေပြီး မကောင်းကျိုးကို ဖြစ်စေတတ်၊ မကောင်းကျိုးကို ပြတ်တောက်စေပြီး ကောင်းကျိုးကို ဖြစ်စေတတ်တဲ့ကံပါ။

ဥပမာ -
(၁) လူဘဝကိုရခြင်းဟာ ကုသိုလ်ဇနကကံကြောင့်ပါ။
(၂) ထိုလူ ကျန်းမာ၊ ချမ်းသာနေခြင်းဟာ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။
(၃) ထိုလူ ရောဂါထူ၊ ဆင်းရဲနေခြင်းဟာ အကုသိုလ်ဥပပီဠကကံက ညှင်းဆဲလို့ပါ။
(၄) ထိုလူ သေဆုံးသွားခြင်း၊ လူ့ဘဝပြတ်သွားခြင်းဟာ အကုသိုလ် ဥပဃာတကကံက သတ်ဖြတ်လို့ပါ။

နောက်ဥပမာတစ်ခု -
(၁) ခွေးဘဝရခြင်းဟာ အကုသိုလ် ဇနကကံကြောင့်ပါ။
(၂) ခွေးပိန်၊ ခွေးဝဲစားဖြစ်ခြင်းဟာ အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။
(၃) ချမ်းသာတဲ့သူက အဲဒီခွေးကို ကောက်ယူမွေးစားပြီး ကောင်းမွန်စွာ စားသောက်နေထိုင်ရခြင်းဟာ ကုသိုလ် ဥပပီဠကကံက (ခွေးရဲ့အကုသိုလ်ကံကို အားနည်းသွားအောင်) နှိပ်စက်လို့ပါ။
(၄) ခွေးဘဝ ပြတ်စဲသေဆုံးသွားပြီး ကောင်းရာဘဝရောက်ခြင်းဟာ ကုသိုလ် ဥပဃာတကကံက (အကုသိုလ်ကံကို) ဖြတ်တောက်လိုက်လို့ပါ။

ကုသိုလ်ဇနကကံကြောင့် ထီပေါက်တယ်။
ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ဆုကြီးကြီး ပေါက်တယ်။
အကုသိုလ်ဥပပီဠကကံကနှိပ်စက်လို့ ဆုသေးသေးလေးပဲ ပေါက်တယ်။
အကုသိုလ်ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ထီလက်မှတ်ပျောက်လို့ တစ်ပြားမှမရ ဖြစ်ရပါတယ်။

အကုသိုလ် ဇနကကံကြောင့် ကားမှောက်တယ်။
အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။
ကုသိုလ် ဥပပီဠကကံက နှိပ်စက်လို့ ဒဏ်ရာအနည်းငယ်သာ ရတယ်။
ကုသိုလ် ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ဘာဒဏ်ရာမှ မရဘဲ အနာလွတ်ကင်း ချမ်းသာရတယ်။

ဒီလိုပါပဲ ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာခြင်း၊ တိုးတက်လာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပျက်စီးသွားခြင်းများ စသည်ဖြင့် အကျိုးတရားတွေကို မိမိဥာဏ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။
ဖြစ်စေတတ်တဲ့ ဇနကကံပေါ် မူတည်ပြီး တိုးတက်မှာလား၊ ဆုတ်ယုတ်မှာလား၊ ပျက်စီးသွားမှာလားဆိုပြီး ကျန်တဲ့ကံ(၃)ပါးအနက် တစ်ပါးပါးက လာတွဲမှာပါ။
ဖြစ်စေတတ်တဲ့ကံကို - အမျိုးတူတဲ့ကံက (ကုသိုလ်ကို ကုသိုလ်က) (အကုသိုလ်ကို အကုသိုလ်က) ထောက်ပံ့ပြီး၊
အမျိုးမတူတဲ့ကံက (ကုသိုလ်ကို အကုသိုလ်က) (အကုသိုလ်ကို ကုသိုလ်က) ညှင်းဆဲနှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။

ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ
နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ ဆိုပြီး အမျိုးအစားကွဲကြပါတယ်။

ကောင်းကျိုးကို ဆိုရင်-
ကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံတယ်။
အကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။

မကောင်းကျိုးကို ဆိုရင်-
အကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံ့တယ်။
ကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။

အတိတ် ဇနကကုသိုလ်ကံကြောင့် ကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် ကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးအားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးပြတ်သွားအောင် ဖြတ်တောက်မယ်။

အတိတ် ဇနက အကုသိုလ်ကံကြောင့် မကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် အကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး အားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး ပြတ်သွားအောင် ဖြတ်တောက်မယ်။

တစ်နည်းအားဖြင့် -
ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်ဇနကကံကို အတိတ်ကံတို့က ထောက်ပံ့၊ ညှင်းဆဲ၊ သတ်ဖြတ်ကြတယ်။ ပစ္စုပ္ပန် ကောင်းမှု / မကောင်းမှုတို့ကို အတိတ်ကောင်းမှု / မကောင်းမှုတို့က ထောက်ပံ့တဲ့အခါ ကုသိုလ် / အကုသိုလ်လေး နည်းနည်းပြုရုံနဲ့ ကောင်းကျိုး / ဆိုးကျိုး များစွာရနိုင်ပါတယ်။ 'ရေလာမြောင်းပေး' ဆိုသလိုပဲ အတိတ်ကံ ရေလာချင်ပေမယ့် ပစ္စုပ္ပန်မြောင်း မဖောက်ရင် လာနိုင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ...
ကောင်းကျိုးလိုလားရင် ပစ္စုပ္ပန်မှာ ကောင်းမှု လုပ်မှသာ အတိတ်ကောင်းမှုကံတို့ ထောက်ပံ့ခွင့်ကို ရပါမယ်။
မကောင်းကျိုး မလိုလားရင် ပစ္စုပ္ပန်မှာ မကောင်းမှု မလုပ်မှသာ အတိတ်မကောင်းမှုကံတွေလည်း အကျိုးပေးခွင့်မသာမှာပါ။

ပစ္စုပ္ပန် ကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်အကုသိုလ်ကံတွေ ဝင်ရောက် နှိပ်စက်ရင် ကောင်းကျိုးတွေ အားနည်းပြီး မှန်းသလောက် မပေါက်မြောက်ပဲ ဖြစ်တတ်ပါတယ်။ အတိတ်အကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ ကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး ကောင်းမှုတွေ ပြုနေပေမယ့်လည်း မကောင်းကျိုးတွေပဲ ခံစားနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။

ပစ္စုပ္ပန် မကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်ကုသိုလ်ကံတွေက အဲဒီ့မကောင်းမှုကံကို နှိပ်စက်ရင် မကောင်းကျိုးတွေ အားနည်းပြီး ထင်သလောက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အတိတ်ကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ မကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး မကောင်းမှုပြုနေပေမယ့် ကောင်းကျိုးတွေ ခံစားနေကြရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။

အဲဒီတော့ သတ္တဝါတွေကို စီမံနေတာက မိမိတို့ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပါ။
ဒီကံတွေကလည်း အတိတ် နဲ့ ပစ္စုပ္ပန်ပေါင်းပြီး ခြယ်လှယ်နေကြတာပါ။
အတိတ်ကံက အမေနဲ့တူပြီး၊ ပစ္စုပ္ပန်ကံက အဖေနဲ့တူပါတယ်။ တစ်နည်းပြောရရင်... ပစ္စုပ္ပန်ကံက အမေနဲ့တူပြီး၊ အတိတ်ကံက အဖေနဲ့ တူပါတယ်။ အမေက မွေးထုတ်လိုက်ပြီး တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဟာ အဖေ့ရဲ့ စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီးမှီသလိုပါပဲ။
မိမိတို့က ကံတွေကို ပြုလုပ်စီမံခဲ့တော့ ကံတွေရဲ့ စီမံပြုလုပ်ခြင်းကို မိမိတို့ပဲ ပြန်ခံကြရတာပေါ့။ ကံစီမံတာ မခံချင်ဘူးဆိုရင်တော့ ကံကို မစီမံမှ ဖြစ်မှာပါ။ ကံကို မစီမံ မပြုလုပ်ရဘူး ဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။ သတ္တဝါတွေဆိုတာ အချိန်နဲ့အမျှ ကုသိုလ်ကံမပြုရင် အကုသိုလ်ကံတွေ ပြုနေကြတာပါ။ (ကာယ၊ ဝစီ၊ မနောမှာ ကုသိုလ်ကံ မဖြစ်သမျှ အကုသိုလ်ကံတွေ ဖြစ်နေတာပါ။)

ကံကို မစီမံချင်ရင်၊ မပြုလုပ်ချင်ရင် ကံကို ဖြတ်တောက်ပစ်ရမှာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ ၂-မျိုးလုံးကို ဖြတ်တောက်ပစ်ရမှာပါ။ ဖိနပ်အကောင်းစားစီးပြီး ပြေးတဲ့လူနဲ့ ဖိနပ်အစုတ်/ ဖိနပ်မပါဘဲ ပြေးတဲ့လူ- မောတာချင်းကတော့ အတူတူပါပဲ။ အပြေးရပ်မှကို ချမ်းသာမှာပါ။
အပြေးရပ်သလို ကံဖြတ်ဖို့ဆိုရင် ရဟန္တာဖြစ်မှ ကံကပြတ်မှာပါ။ ရဟန္တာဟာ ကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ အကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ ရဟန္တာကို ကုသိုလ်၊ အကုသိုလ် မပြုသူလို့ ခေါ်ပါတယ်။ ရဟန္တာများပြုတဲ့ ကုသိုလ်များဟာ ကုသိုလ်မမည်တော့ဘဲ ပြုကာမတ္တ ကြိယာသာ မည်ပါတော့တယ်။ အဆံမအောင်တဲ့ မျိုးစေ့လို အပင်ကို မဖြစ်စေတော့တဲ့အတွက် မျိုးစေ့အဖြစ်သုံးလို့ မဖြစ်တော့ပါဘူး။ မျိုးစေ့မဟုတ်တဲ့ သစ်စေ့လို ကုသိုလ်မဟုတ်တဲ့ ကြိယာ ဖြစ်သွားပါတယ်။
အဲဒီတော့ ရဟန္တာတွေလို ကံပြတ်သွားအောင် ကံဖြတ်ရပါမယ်။ ကံကို ဘယ်လိုဖြတ်မလဲဆိုတော့... ဝိပဿနာကုသိုလ်ကံကို ပြုရင်းနဲ့ပဲ ဖြတ်ရမှာပါ။ ဝိပဿနာကုသိုလ်ကံတွေ ပြုပါများတော့ ဝိပဿနာဥာဏ်တွေ ရင့်သန်လာပြီး အဆင့်ဆင့် အရိယာမဂ်၊ ဖိုလ်တို့ရဲ့ နောက်ဆုံး အရဟတ္တမဂ်ဥာဏ်ကိုရပြီး သံသရာလည်စေတတ်တဲ့ ကံအားလုံး ပြတ်သွားတော့တာပါပဲ။ မရှိတော့တဲ့ကံက ဘာကိုများ စီမံနိုင်ဦးမှာတဲ့လဲ ...။

This entry was posted on 4:18 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: