နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပေးဆပ်သူများ
10:06 AM | Author: Dhamma Yanant

မိဘ၊ ဆရာသမား စတဲ့ အနန္တော အနန္တ ကျေးဇူးရှင်များအပေါ် တချို့ တချို့ရဲ့ ခံယူချက်ကလေးတွေ နည်းနည်း လွဲနေသလားလို့ပါ။ မိဘဆရာသမားတို့ ပစ္စည်းဥစ္စာ ပြည့်စုံနေလို့၊ သူတို့က မပြည့်စုံလည်း သူတို့ကို ထောက်ပံ့ကူညီနေသူတွေရှိနေလို့၊ ပြုစုမယ့်သူတွေ ဝိုင်းဝိုင်းလည်နေလို့ ကိုယ်ကလှည့်မကြည့်မိတာမျိုး။ အဲဒါလေးတွေပါ..။ မိမိကို ပေးထားကြသူတွေကို မိမိက ပြန်မဆပ်မိသေးတာမျိုးပါ။

တချို့က ငွေအား မတတ်နိုင်လို့၊ တချို့က လူအား မတတ်နိုင်လို့။ အဲဒီလို “မတတ်နိုင်လို့” ဆိုတဲ့ အကြောင်းပြချက် ပေးတဲ့သူတွေလည်း ရှိပါတယ်။ သေချာစဉ်းစားကြည့်ရင် ကိုယ်တတ်နိုင်တာ တစ်ခုခုတော့ ရှိမှာပါ။ ငွေကြေးပစ္စည်း မထောက်ပံ့နိုင်ရင် လူကိုယ်တိုင်သွားပြီး ပြုစုတာမျိုး။ လူကလည်း မအားရင် ဖုန်းဆက်တာမျိုး၊ စာရေးတာမျိုး၊ စကားကြုံပါးတာမျိုး စသဖြင့်... ကြံဖန်ပြီး ဂရုစိုက်မယ်ဆိုရင် အများကြီးပါ။

မိဘဆရာသမားတွေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ ကြီးငယ်မဟူ သူတို့မှာလည်း လိုအပ်ချက်တွေ၊ လိုလားချက်တွေဆိုတာ ရှိနေမှာပါ။ မရှိဘူးပဲထားဦးတော့။ ကိုယ့်သားသမီး၊ တပည့်တွေကို တွေ့ရမြင်ရရင်၊ သတင်းလေးတွေ ကြားနေရရင် ဝမ်းသာနေကြတာ အမှန်ပါပဲ။ မိဘဆရာသမားတွေအနေနဲ့ သားသမီးတပည့်တွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးထောက်ပံ့ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတာဟာ တစ်ချိန်မှာ ဘာတွေပြန်ယူမယ်ဆိုတဲ့ ရလိုမှု အကြွေးသဘောမျိုး လုံးဝမရှိပါဘူး။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာရံတဲ့ မေတ္တာစိတ် သန့်သန့်လေးနဲ့ ပေးခဲ့ကြတာပါ။

သားသမီးတပည့်တွေ ဒုက္ခကြုံတဲ့အခါ ကိုယ်တိုင်ကြုံတွေ့ရသလို မှတ်ယူခံစားပြီး လွတ်ရာလွတ်ကြောင်း ရှာဖွေပေးတာ၊ ချမ်းသာနေတဲ့အခါမှာလည်း မုဒိတာအပြည့်နဲ့ ရလိုမှုမပါ ၀မ်းမြောက်ပေးတာ၊ အပြစ် ချို့ယွင်းချက်တွေရှိရင်လည်း နားလည်ခွင့်လွှတ်ပေးတတ်တာ။ ဒါတွေနဲ့ ပြည့်စုံတာကိုက မိဘဆရာသမားတို့ရဲ့ မေတ္တာစစ်ပါ။ ဒီလို လိုအပ်တဲ့ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ ရံထားတဲ့ မေတ္တာမျိုးကိုသာ မေတ္တာစစ်လို့ ခေါ်နိုင်ပါမယ်။ ဒီလိုမှ မရံနိုင်ရင်တော့ ပါးစပ်က မေတ္တာတွေ ဘယ်လောက်ကြီးပဲ အော်ပြီးပို့နေပါစေ၊ အတုကြီးပဲ ဖြစ်နေပါလိမ့်မယ်။

မိဘဆရာသမားတို့ရဲ့ မေတ္တာဟာ သိပ်ကို အစွမ်းထက်ပါတယ်။ လိပ်မကြီးဟာ အဝေးကနေ မေတ္တာဓာတ်တွေ လွှတ်ပေးရုံနဲ့ လိပ်ကလေးတွေ ပေါက်လာပြီး လိပ်မကြီးသေသွားရင် လိပ်ဥလေးတွေဟာ အကောင်မပေါက်တော့ဘူးဆိုတာ ကြားဖူးကြမှာပါ။ တိရစ္ဆာန်မိခင်ရဲ့ မေတ္တာတောင် ဒီလောက်စွမ်းအားကြီးရင် မိမိတို့ရဲ့ မိဘဆရာသမားတွေရဲ့ မေတ္တာဟာ ဘယ်လောက် တန်ခိုးကြီးလိုက်မလဲ။ သားသမီးတို့ကို မြင်ရ၊ သတင်းတွေကို ကြားရတဲ့အချိန်မှာ သာမန်အချိန်တွေမှာ ထားတဲ့မေတ္တာထက် ပိုပြီး မေတ္တာပွါးမိကြမှာ အမှန်ပါပဲ။ လွှင့်တဲ့သူက လွှင့်ပေးပေမယ့် ခံတဲ့သူဘက်ကလည်း မိအောင်ဖမ်းတတ်ဖို့ အရေးကြီးလှပါတယ်။

မိဘဆရာသမားတွေရဲ့ မေတ္တာဟာ လောဘ၊ ဒေါသ၊ မာန အရောင်မခြယ် ကြည်လင်သန့်ရှင်းလွန်းလို့ တချို့များဆို ထူးပြီးတော့တောင် မမြင်တတ်ကြပါဘူး။ သူတို့မွေးထားတာပဲ ကျွေးပေါ့၊ သူတို့ လခယူထားတာပဲ သင်ပေါ့ ဆိုပြီး ပေါ့ပေါ့လေး တွေးမိကြပါတယ်။ သတိထားရမှာက ဖန်ဂူကို ရှိမှန်းမသိ တအားခုန်အုပ်လို့ သေကြေဒုက္ခရောက်ရတဲ့ ခြင်္သေ့ကို သင်ခန်းစာယူဖို့ပါ။ မိဘဆရာသမားတို့ရဲ့ မေတ္တာဖန်ဂူကြီးကို သတိမမူ ဂူမမြင်လို့ ၀င်တိုက်မိရင်တော့ မိမိတို့ပဲ ဒုက္ခရောက်ရမှာပါပဲ။

သူများတွေ ထောက်ပံ့စောင့်ရှောက်တာ မစောင့်ရှောက်တာ ကိုယ်နဲ့ မဆိုင်ပါဘူး။ ကိုယ်စောင့်ရှောက်မှ၊ ကိုယ်သိတတ်မှ ကိုယ်ကုသိုလ်ရမှာပါ။ (ဥပမာ- ထမင်းဆိုရင် သူစားနေတာပဲ၊ ကိုယ်စားစရာ မလိုပါဘူးလို့ မတွေးမိသလိုမျိုးကို ဖြစ်ရပါမယ်။) မိဘဆရာသမားတို့နဲ့ ပတ်သက်တဲ့ ကုသိုလ်ကို မိဘဆရာသမားတို့ ရှိတုန်းမှာဘဲ ရနိုင်ပါတယ်။ ဒါ့ကြောင့် ရှိတုန်းမှာ ဂရုစိုက်မိဖို့ လိုပါတယ်။ မရှိတော့တဲ့သူတွေကလည်း မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ မိဘအရွယ်ရှိသူတွေကို မိဘတွေလို သဘောထားဆက်ဆံလို့ ရတာပါပဲ။ သံသရာမှာ ဆွေမျိုးမတော်ဘူးသူဆိုတာ မရှိဘူး မဟုတ်လား။ ဆရာသမားတွေဆိုတာလည်း အိုကြီးအိုမအရွယ်မှာ မပြည့်မစုံနဲ့ ပီတိစားနေကြရသူတွေ ခပ်များများပါ။ တပည့်တွေရဲ့ ကောင်းသတင်းလေးတွေကြားပြီး ကျေနပ်ဗိုက်ပြည့်နေကြရတာပါ။ သူတို့ပေးခဲ့တာတွေက အတိုင်းမရှိ ကြီးမားပေမယ့် ကိုယ်ဆပ်လိုက်တဲ့ သိတတ်မှုသေးသေးလေးနဲ့တင် အလွန်ကို ကျေနပ်ဝမ်းသာနေတတ်ကြတာပါ။

သားသမီး၊ တပည့်တွေ ဝတ္တရားကျေပွန်တာဟာ ပေးကမ်းထောက်ပံ့ခြင်း (ဒါန)၊ ပြုစု စောင့်ရှောက်ခြင်း (သီလ)၊ မေတ္တာ၊ ကရုဏာ ထားခြင်း(ဘာဝနာ) တရားတွေ တိုးပွားနေတာပါပဲ။ သူများကို ဖြည့်နေပေမယ့် တကယ်တော့ ကိုယ်ပြည့်နေတာပါ။ ဒီလို နှစ်ဦးနှစ်ဘက် အကျိုးရှိစေအတွက် မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်များနှင့် ပတ်သက်လာရင် သူတို့ပြည့်စုံနေလည်း (မလိုလည်းဘဲ) ကိုယ့်ဘက်က နောင်တစ်ချိန်မှာ နောင်တရမကျန်ရလေအောင် ပေးခဲ့ကြသူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြန်ဆပ်လိုက်ကြပါစို့လား.....။


[+/-] အပြည့်အစုံဖတ်မယ်...

လိုတရ
6:48 PM | Author: Dhamma Yanant

လိုတဲ့နေရာမှာ လိုသလို ဖြည့်ဆည်းပေးခြင်းဟာ ဘယ်လောက် အကျိုးများတယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မလိုတာတွေကို ဖြည့်မိပြီး အကျိုးရှိသင့်သလောက်မရှိ အလကားနီးပါး ဖြစ်သွားရတာတွေလည်း မနည်းလှပါဘူး။

မဆာတဲ့သူတွေ၊ စားစရာပေါတဲ့သူတွေ၊ ပြည့်စုံလွန်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဖိတ်ကြားကျွေးမွေး လက်ဆောင်ပေး ဂုဏ်ယူတတ်ကြပါတယ်။ တကယ်ဆာ၊ တကယ်လိုအပ်နေတဲ့ သူတွေကိုတော့ သီးသန့်မဟုတ်တောင် ကိုယ်စားမယ့်၊ ကိုယ်သုံးမယ့်အထဲက နည်းနည်းလောက် ဖဲ့ကျွေးလိုက်ဖို့၊ ပေးလှူလိုက်ဖို့ သတိရသူ ရှားလှပါတယ်။ လိုအပ်လွန်းလို့၊ ဆာလွန်းလို့ လာတောင်းရင်တောင် ရွံရွံရှာရှာနဲ့ မောင်းထုတ်ခိုင်းမိကြပါတယ်။

သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ငွေထောင်သောင်းချီ ဖြုန်းသုံးစားသောက် ပျော်ပါးပစ်လိုက်ဖို့ ၀န်မလေးပေမယ့် လမ်းပေါ်က အိုကြီးအိုမ သူတောင်းစားတစ်ယောက်ကိုတော့ မိဘချင်း ကိုယ်ချင်းစာပြီး ရာဂဏန်းလောက်တောင် မလှူဖူး၊ လှူဖို့လည်း အာရုံမရှိဖူးသူတွေ အများကြီးပါ။ လွတ်လွတ်စွန့်ကြဲဖို့ထားလို့…။ သံသရာမှာ ကိုယ်လည်း သူတို့နေရာ ရောက်နိုင်တယ်။ အဲဒီ့ကျရင် တူသောအကျိုးလေး ပြန်ခံစားရအောင် လှူလိုက်ပါဦးမယ်လို့တောင် မတွေးဖြစ်ပါဘူး။ သတိပေးရင်တောင် ကျိန်စာတိုက်တယ် ထင်မလားမသိ။

ကုန်တိုက်ကြီးတွေမှာ ဈေးကြီးလှတဲ့ ပစ္စည်းတွေကို ဈေးနှုန်းကပ်ထားသလောက် ရက်ရောစွာ ၀ယ်ဖြစ်ကြပေမယ့် လမ်းဘေးက ဟင်းရွက်သည်ကိုတော့ မရမက ကပ်သပ်ဆစ်နေတဲ့သူတွေကိုလည်း မြင်ဖူးကြမှာပါ။ ၀ယ်ရတာချင်းအတူတူတောင် ကုန်တိုက်က ဆစ်မရတဲ့ ပစ္စည်းကိုတော့ ငါ့ပစ္စည်းက ဘယ်လောက်တန်ကွလို့ ဈေးကြီးကြောင်း၊ ဟင်းရွက်ကိုကျတော့ ငါက ဘယ်လောက်လေးနဲ့ ရခဲ့တာလို့ ဈေးနည်းကြောင်း (ဈေးချိုကြောင်း) ကြွားဝါလိုက်ပါသေးတယ်။ ကုန်တိုက်က ပစ္စည်းတစ်ခုရဲ့အမြတ်က ဟင်းရွက်သည်လေးတွေရဲ့ ဆယ်ရက်စာ အမြတ်မကပါလား။ သူတို့ကမှ တကယ်လိုအပ်နေသူများပါလားလို့ သတိရမိသူ ရှားပါလိမ့်မယ်။

အာကာသကို အပြိုင်အဆိုင် အပန်းဖြေ အလည်ခရီး လိုက်သွားတဲ့ ကမ္ဘာ့သူဌေးကြီးတွေရဲ့ ဒေါ်လာသန်းပေါင်းများစွာကို တကယ်ကို ဆင်းရဲငတ်မွတ်နေတဲ့သူတွေကို လှူလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....။ ဒါပေမယ့် သူသူကိုယ်ကိုယ် ပုထုဇဉ်တွေချည်းပဲမို့ ပါရမီမြောက်တဲ့ ဒါနမျိုးစေ့နဲ့ မနီးတာလည်း အပြစ်ဆိုစရာ မရှိပါဘူး။ ကိုယ်လည်း သူတို့လို သူဌေးကြီးဆိုရင် အပန်းဖြေခရီး သွားမှာလား၊ အကောင်းဆုံးဆိုတာတွေနဲ့ချည်း ဖြုန်းတီးဇိမ်ခံပစ်လိုက်မှာလား၊ လိုအပ်သလောက်ပဲသုံးပြီး ပေးလှူပစ်လိုက်မှာလား…။ နောက်ဆုံးအချက်နဲ့တော့ သိပ်မနီးစပ်ဘူး ထင်ပါတယ်။

ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ သတ္တ၀ါတွေဟာ ဒါနရဲ့အကျိုးကို ငါဘုရားလိုသာ သဘောပေါက်ကြမယ်ဆိုရင် မလှူဘဲ ဘာကိုမှ စားမှမဟုတ်ဘူး။ စိတ်ထဲမှာလည်း ငြူစူမိတာတွေ၊ နှမြောမိတာတွေ ရှိမှာမဟုတ်ဘူး။ အလှူခံသာရှိမယ်ဆိုရင် ပါးစပ်နားရောက်နေတဲ့ ထမင်းလုပ်ကိုတောင် မစားဘဲ လှူကြလိမ့်မယ်။ မလှူဖြစ်ကြတဲ့အကြောင်းက နှမြောလို့နဲ့၊ လှူဖို့သတိမရလို့ (လှူရကောင်းမှန်း မသိလို့) ပါတဲ့။ မိမိတို့အနေနဲ့ အမှောင်ထဲကပဲ လာလာ၊ အလင်းထဲကပဲ လာလာ ရှေ့ဆက်ရမယ့်ခရီးကို အလင်းပဲဖြစ်စေဖို့ ကိုယ်လက်လှမ်းမှီရာ ပတ်ဝန်းကျင်မှာ လိုအပ်ချက်လေးတွေ၊ ဖြည့်နိုင်မှာလေးတွေ ရှာကြည့်ဖို့ လိုပါတယ်။

လိုချင်မှု တဏှာမကင်းတဲ့ လောကကြီးမှာ တစ်ခုခုကတော့ အမြဲလိုအပ်နေမှာပါဘဲ။ လိုချင်တာမျိုးမဟုတ်ဘဲ လိုအပ်နေတဲ့ နေရာလေးတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ပါပဲ။ ဘာလိုတယ် မလိုဘူး ခွဲခြားသိဖို့ဆိုတာ ဉာဏ်က အရေးအကြီးဆုံးပါ။ အသိဉာဏ်မယှဉ်တဲ့ လှူဒါန်းပေးကမ်းမှုတွေ လောကမှာ အလွန်ပေါလှပါတယ်။ ဗေဒင်၊ ယတြာသဘောအရ မလိုအပ်တာတွေ၊ အလှူခံနဲ့ မသင့်လျော်တာတွေ၊ သုံးမရတာတွေ လျှောက်လှူနေကြတာ မြင်နေကြားနေကြမှာပါ။ ဉာဏ်မပါတဲ့အတွက် သူများလိုတာ ဖြည့်ဖို့ထက် ကိုယ်လိုတာ ပြည့်ဖို့ကိုပဲ ကြိုးစားနေမိတာပါ။

မှန်နဲ့တူတဲ့ သံသရာမှာ သူများ မလိုတာတွေ ဖြည့်ရင် ကိုယ်လည်း မလိုတာတွေ ပြည့်မယ်။ ကိုယ်လိုတာ ပြည့်ဖို့ဆိုရင် သူများလိုတာ ဖြည့်မှရမယ်လို့ သဘောပေါက်ရင်…၊ အားလုံးကို မဖြည့်စွမ်းနိုင်ပေမယ့် ကိုယ်တစ်နိုင်လေး ဖြည့်ဆည်းသွားမယ်လို့ ရည်ရွယ်ထားရင်တော့ မလိုတာတွေကို မပိုမိစေပဲ လိုတာကို လိုတဲ့အချိန်မှာ ဖြည့်ရင်းက လိုတရကြမှာပါ…။

[+/-] အပြည့်အစုံဖတ်မယ်...

အပြစ်ကိုသာ မရှုရာ

ပရဝဇ္ဈာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာန သညိနော၊
အာသဝေါ တဿ ၀ဎုန္တိ၊ အာရာ သော အာသဝက္ခယာ။
(ဓမ္မပဒ၊ မလဝဂ်၊ ဥဇ္ဈာနသညိတ္ထေရဝတ္ထု)
သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်း (နိဗ္ဗာန်)မှ ဝေးကွာ၏။

န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ၊
အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိစ။
(ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ပါဝေယျအာဇီဝကဝတ္ထု)
သူတစ်ပါးတို့၏ မလျော်သောအမှုတို့ကို မရှုမဆင်ခြင်ရာ။ ကောင်းမှု၊ မကောင်းမှု ပြု/မပြုကို မရှုမဆင်ခြင်ရာ။ မိမိပြုပြီးသော ကောင်းမှု တို့ကိုလည်းကောင်း၊ မပြုရသေးသော ကုသိုလ်တို့ကိုလည်းကောင်း ကြံတွေးဆင်ခြင်ရာ၏။

သံသရာလောကကြီးထဲမှာ ကျင်လည်နေရသေးတဲ့နောက် သူသူကိုယ်ကိုယ် အပြစ်မကင်းသူ ပုထုဇဉ်တွေချည်းပဲမို့ သာမညအပြစ်လေးတွေကို အာသဝေါ အပွါးခံပြီး လျှောက်ရှာလိုက်ကြည့် ပုံကြီးချဲ့မနေဘဲ စိတ်ထားကြီးကြီးနဲ့ နားလည်ပေးနိုင်၊ ခွင့်လွှတ်နိုင်မယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့ တပည့်သားသမီး ပီသကြမှာပါပဲ။



အပြစ်ကိုသာ ရှုလိုက်စမ်းပါ

အပြစ်မမြင်တော့ ချစ်ခင်တယ်။
ချစ်ခင်လို့ အပြစ်မမြင်တော့ပါ… တဲ့။ စကားနှစ်မျိုး ရှိပါတယ်။

အပြစ်မမြင်လို့ဘဲ ချစ်ခင်ခင်၊ ချစ်ခင်လို့ဘဲ အပြစ်မမြင်မြင်။ (မမြင်မသိမှု) အဝိဇ္ဇာနဲ့ (ချစ်ခင်မှု) တဏှာဆိုတဲ့ ဝဋ်မြစ်-၂ပါး ဖြစ်နေတာမို့ ဝဋ်ဆင်းရဲ သံသရာကြီးကတော့ ရပ်မရ၊ ထိန်းမရ လည်နေဦးမှာပါပဲ။ ရုပ်နာမ်ခန္ဓာတို့ရဲ့ အပြစ်ကိုမြင်တဲ့ အာဒီနဝဉာဏ်ကိုရမှ လွတ်မြောက်ချင်တဲ့ မုဉ္စိတုကမျတာဉာဏ် ဖြစ်လာမှာပါ။ ဒီဉာဏ်တွေဟာ ဝိပဿနာဉာဏ်တွေ ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်ရမှလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရပြီး နိဗ္ဗာန်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သံသရာလောကကြီးထဲက ထွက်မြောက်ချင်တယ် ဆိုရင်ဖြင့် အပြစ်က မမြင်လို့ကို မဖြစ်ပါဘူး။ မြင်ကိုမြင်ရမှာပါ။

ဒါ့ကြောင့် အပြစ်မရှုရရင် မနေနိုင်ပါဘူး ဆိုသူများကိုလည်း အားကျကြည်ညို သာဓုခေါ်ပါတယ်။ အဲ… ဒါပေမယ့် ဗုဒ္ဓအလိုတော်ကျ ရုပ်နာမ်တို့ရဲ့ အပြစ်ကိုပဲ အကုသိုလ်ကင်းကင်းနဲ့ ရှုသူဖြစ်ဖို့တော့ လိုပါတယ်နော်။

[+/-] အပြည့်အစုံဖတ်မယ်...

(၁) ဟောသောတရားတော်နှင့် အလိုအဇ္ဈာသယ ကိုက်ညီသွားသောအခါ....။
(၂) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူသော ဣနြေ္ဒတို့ ရင့်ကျက်သောအခါ...။
တစ်ထိုင်တည်း တရားထူးရတတ်ပါသည်။

အာသယာနုသယဥာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဥာဏ်တို့ကို ဘုရားရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်ပါသည်။ တရားနာသူတို့၏ ဣနြေ္ဒအနုအရင့်၊ အလိုအဇ္ဈာသယကိုကြည့်၍ ဟောသောကြောင့်လည်း ဘုရားရှင်လက်ထက်က တစ်ထိုင်တည်း တရားနာကာ တရားထူးရသွားကြသူ များရခြင်း ဖြစ်ပါသည်။

သို့သော်လည်း ဝိပဿနာ ဘာဝနာဆိုသည်မှာ မနောကံအမှုသာ ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်နှင့် တပည့်သားသာဝကတို့ တရားဟောသောအခါ တရားရမည့်သူသည် သူတော်ကောင်းတရားကို နာကြားရင်းကပင် နှလုံးသွင်းမှန်စွာဖြင့် ဝိပဿနာဘာဝနာကို ပွားများပြီး ဖြစ်သောကြောင့်လည်း တစ်ထိုင်တည်း တရားထူးရသွားကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ဥာဏ်ရင့်ကျက်ပြီး အကြိုက်နှင့် ကိုက်ညီသွားသောအခါ တရားနာရင်းပင် ၀ိပဿနာရှုကာ တရားထူးရတတ်သည်။ နာရုံသက်သက်ဖြင့်တော့ အရိယာမဖြစ်နိုင် (သောတာပန်မဟုတ်သောကြောင့် အပါယ်မပိတ်နိုင်) ဟု ရှင်းရှင်းလင်းလင်း သဘောပေါက်ကာ အယောင်ဆောင်သိမ်းသွင်းမှုများမှ မှန်ကန်သောအမြင်ဖြင့် ရုန်းထွက်နိုင်ကြပါစေ။

[+/-] အပြည့်အစုံဖတ်မယ်...


၁။ ဟေတုပစ္စည်း
စိတ်ရင်းကောင်းခြင်း၊ ရက်ရောခြင်း၊ မေတ္တာထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ အမြော်အမြင်ရှိခြင်း။

၂။ အာရမ္မဏပစ္စည်း
ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အတိဣဋ္ဌာရုံများနှင့် နေခြင်း / မကောင်းသော အာရုံတို့နောက် မလိုက်ဘဲ ကုသိုလ်အာရုံတို့နှင့်သာနေခြင်း (မိမိအတွက်)။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်စေခြင်း / အကုသိုလ် မဖြစ်စေခြင်း (သူတစ်ပါးအတွက်)။

၃။ အဓိပတိပစ္စည်း
ပညာဥာဏ်ကြီးခြင်း၊ စိတ်, ဇွဲ, ဆန္ဒ ထက်သန်ခြင်း။

၎။ အနန္တရပစ္စည်း
အလုပ်ကို (စိတ်လာလျှင်လုပ်၍ စိတ်မလာလျှင်မလုပ်ခြင်းမျိုး) ပြတ်တောက်ပြတ်တောက် မလုပ်ခြင်း။

၅။ သမနန္တရပစ္စည်း
ပုံမှန် စဉ်ဆက်မပြတ် ကြိုးစားခြင်း။

၆။ သဟဇာတပစ္စည်း
ညီညီညွတ်ညွတ် အတူတကွ လုပ်ကိုင်ခြင်း။

၇။ အညမညပစ္စည်း
အပြန်အလှန် ကောင်းကျိုး ပြုတတ်ခြင်း။

၈။ နိဿယပစ္စည်း
သူတစ်ပါး မှီခိုအားထားလောက်သော အရည်အချင်းရှိခြင်း။

၉။ ဥပနိဿယပစ္စည်း
ယုံကြည်မှုရှိခြင်း၊ ဆရာကောင်း, မိတ်ဆွေကောင်း, ပတ်ဝန်းကျင်ကောင်း ရှိခြင်း (အားကြီးသော မှီရာရှိခြင်း) (မိမိအတွက်)။
မိမိကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။

၁ဝ။ ပုရေဇာတပစ္စည်း
အခွင့်အလမ်းကောင်းများ ရှေ့ကဖြစ်ပေါ်နေခြင်း (ရှေ့ဆောင်ကောင်းရှိခြင်း) (မိမိအတွက်)။
မိမိက ရှေ့ကဦးဆောင်နိုင်ခြင်း (သူတစ်ပါးအတွက်)။

၁၁။ ပစ္ဆာဇာတပစ္စည်း
ကျောထောက်နောက်ခံကောင်းရှိခြင်း (နောက်လိုက်ကောင်းရှိခြင်း) (မိမိအတွက်)။
လိုအပ်သူတို့အား ထောက်ပံ့နိုင်ခြင်း၊ သားသမီးကောင်း၊ တပည့်ကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။

၁၂။ အာသေဝနပစ္စည်း
ကျွမ်းကျင်မှုရှိရန် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လေ့ကျင့်ခြင်း။

၁၃။ ကမ္မပစ္စည်း
စေတနာကောင်းထားခြင်း။

၁၄။ ဝိပါကပစ္စည်း
ကောင်းကျိုးတရားများ ခံစားရခြင်း။

၁၅။ အာဟာရပစ္စည်း
ကိုယ်/စိတ် အာဟာရ မျှတခြင်း။

၁၆။ ဣန္ဒြိယပစ္စည်း
မိမိဆိုင်ရာ၌ အစိုးရခြင်း။

၁၇။ ဈာနပစ္စည်း
မိမိအလုပ်၌ စူးစိုက်မှုရှိခြင်း။

၁၈။ မဂ္ဂပစ္စည်း
မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားခြင်း။

၁၉။ သမ္ပယုတ္တပစ္စည်း
မိမိဆိုင်ရာ အလုပ်/ ပုဂ္ဂိုလ်တို့နှင့် စိတ်ဝမ်းမကွဲပြား တစ်သားတည်း ဖြစ်ခြင်း။

၂ဝ။ ဝိပ္ပယုတ္တပစ္စည်း
ပျင်းရိသူများနှင့် မပေါင်းခြင်း၊ မကောင်းသူများနှင့် မရောခြင်း။

၂၁။ အတ္ထိပစ္စည်း
အကောင်းအဆိုး နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခြင်း။

၂၂။ နတ္ထိပစ္စည်း
တစ်ကိုယ်ကောင်းဆန်မှု မရှိခြင်း။

၂၃။ ဝိဂတပစ္စည်း
လူမိုက်တို့နှင့် ကင်းအောင်နေခြင်း ၊ ဟန်ဆောင်မှုကင်းခြင်း၊ သံသယ ကင်းခြင်း။

၂၄။ အဝိဂတပစ္စည်း
သတိလွတ်ကင်းမှု မရှိခြင်း (သတိအမြဲရှိခြင်း)။

အကျဉ်းမျှသာ ပြလိုက်ပါသည်။ ဤနည်းလမ်းကောင်းများနှင့် ပြည့်စုံအောင် ကျင့်ဆောင်နိုင်သော ပုဂ္ဂိုလ်အဖို့ ပစ္စုပ္ပန်၊ သံသရာ ဘ၀နှစ်ဖြာတို့၌ စိုးရိမ်ဖွယ်မရှိ။ အခြေမြင့် ကြီးပွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပဋ္ဌာန်းတရားတော်သည် အနန္တနယ (အဆုံးမရှိ) အလွန်ကျယ်ဝန်း နက်နဲသောကြောင့် ရွတ်ဖတ်တတ်ရုံမျှဖြင့် ကျေနပ်မနေကြဘဲ မိမိတို့စွမ်းနိုင်သလောက် နားလည်အောင် ကြိုးစားပြီး လက်တွေ့ဘဝတွင်လည်း အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့ ရည်ရွယ်ရင်း…။

[+/-] အပြည့်အစုံဖတ်မယ်...

ပဲ့တင်သံ
9:58 AM | Author: Dhamma Yanant

ရိုင်းစိုင်းတဲ့ အပြုအမူ
ငြူစူရွဲ့ မျက်နှာထား
စကားက မောက်မာ
ကောက်ဖြာပဲ့ စိတ်ထားနဲ့
လှည့်စားလို့ ကတိပျက်
မကျေနပ်စရာ ကြုံလာမှ
ပုံကာချ သူတစ်ပါးကို
အပြစ်ရှာ ဆဲဆိုကြ...။

လွှဲမရ တရားခံရှာ
တွေ့တာက လောကကြီး
'လောကကြီးက မတရားဘူး'တဲ့ ...
နင့်နင့်သီးသီး ဝေဖန်
အချောင်ခံရ လောကကြီး
လောင်ပြာကျ ဒေါသမီးတွေနဲ့
အမှောင်စံကြတဲ့ လူသားတွေ
ခြူလားလေ အောက်မေ့ရ...။

မမြင်ကြ ကိုယ့်အတိတ်ကံ
စိတ်ထန်ကာ ဒေါပွတော့
မောဟက ပိတ်ခံဆီး
လောကကြီးမှာ နားငြီးရ
ခါးသီးလှ ပဲ့တင်သံ
ကိုယ့်ထံအမှန် ပြန်လာကာမှ
လက်မခံပါ ငြင်းဖျက်မရ
တင်းကြပ်တဲ့ သက်ပြင်းသံ...။

ရှင်းမရတဲ့ လောကဓံမှာ
ကိုယ်ပေးတာ ကိုယ်ရ
ကိုယ်ချသလို ကိုယ်သိမ်း
ချိုငြိမ်းတဲ့ ပဲ့တင်သံ
ကြားချင်ပြန် ဘယ်လိုများ
သိပြီးသား အမှန်တရားပေမို့
သတိထားကာ သံသာယာဝေ
ခုပဲမကြာ ကြူးရင့်ကြည့်လေ.....။


[+/-] အပြည့်အစုံဖတ်မယ်...

ဒီအတိုင်းလေး...
10:31 PM | Author: Dhamma Yanant

လုပ်တိုင်းဆင်ပြေ ၀င်ငွေထွားလို့
လာဘပွါးလည်း မကြွားနဲ့လေ…။
အလာဘဆုံ ရှားပါးကြုံလို့
အကုန်များလည်း မဖျားနဲ့လေ…။
ကျော်စောပိုင်နိုင် ခြံရံလှိုင်လို့
သတင်းကြိုင်လည်း မပြိုင်နဲ့လေ…။
ကျော်စောမဲ့ယိုင် မခြံနိုင်လို့
အရံမပိုင်လည်း မငိုင်နဲ့လေ…။
ပြစ်ရှာကားချဲ့ မဲ့ရွဲ့မုန်းလို့
ကဲ့ရဲ့ဖုံးလည်း မနုံးနဲ့လေ…။
ကောင်းမွန်တော်ရာ စာစီကုံးလို့
ချီးမွမ်းတုန်းလည်း မပြုံးနဲ့လေ…။
ကိုယ်စိတ်ကျန်းမာ သုခါထုံလို့
ချမ်းသာပုံလည်း မခုန်နဲ့လေ…။
အနာပေါကာ ရောဂါစုံလို့
ဆင်းရဲကြုံလည်း မဖြုံနဲ့လေ…။
သင်္ချေ သင်္ချာ ကမ္ဘေ ကမ္ဘာမှာ
ကောင်းဆိုးနှစ်တန်
လောကဓံပစ်ကွင်းထဲက
ဘယ်သူများလွတ်ကင်းခဲ့ဖူးလို့လဲ…။
ဒီတော့... နိမ့်မြင့်ဓမ္မတာ ဆုံလေရာ
စိတ်တက်ကြွ ဘ၀င်ကိုင်
မရွှင်နိုင် လက်မှိုင်ချ
သားကောင်ဘ၀ ရုန်းခါထပြီး
ဥပေက္ခာ အတွေးသစ်နဲ့
စာသိအညီ စိတ်မရိုင်းစေဘဲ
တာဒိလေ ဒီအတိုင်းစွဲရင်း
အမွှေမဖက် အနေတတ် အသေမြတ်အောင်
ကြိုးစားဖြတ်သန်းကြစို့လေ…။
(တာဒိ = ဒီအတိုင်း)

[+/-] အပြည့်အစုံဖတ်မယ်...

မရှိဆိုရာဝယ်...
6:25 AM | Author: Dhamma Yanant

ဒီတစ်ခါ ဂဏန်းနှစ်လုံးအကြောင်း ပြောကြရအောင်။ တစ်မျိုးမတွေးပါနဲ့။ လောကီသုညနဲ့ လောကုတ္တရာသုည အကြောင်းပါ။ စာမေးပွဲဖြေကြတဲ့အခါ ဘယ်သူများ သုညရချင်ကြပါသလဲ။ လောကီစာမေးပွဲတွေမှာ သုညများ ရလိုက်တယ်ဆိုရင် ရင်ဆိုင်ရတဲ့ ဆိုးကျိုးတွေ၊ စိတ်ဆင်းရဲရမှုတွေဆိုတာ ဖော်မပြနိုင်လောက်အောင်ကို တစ်ပုံကြီးပါ။ အဲ… လောကုတ္တရာစာမေးပွဲမှာများ သုညရလိုက်မယ်ဆိုရင်တော့ စိတ်အေးရပြီပေါ့။ အနှိုင်းမဲ့ချမ်းသာ ရပြီလေ။ လောကီနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ကြီးပါ။ ပိုရှင်းအောင် နဲနဲခွဲကြည့်ရအောင်။

လောကီသုည ဆိုတဲ့ သဘောက- လောကမှာ မရှိတော့ရင်၊ မကျန်တော့ရင်၊ ကုန်ဆုံးသွားရင် သုညနဲ့ ကိုယ်စားပြုပါတယ်။ “သုဉ်း” ဆိုတဲ့ စကားလုံးက လာပါတယ်။ လောကီမှာတော့ မရှိ၊ မကျန်၊ ကုန်ဆုံး၊ ဆိတ်သုဉ်း ဆိုတာတွေက အပျက်သဘောဆောင် ဝေါဟာရတွေပါ။ ဘယ်သူမှ မကြားလိုကြပါဘူး။ ဆုတောင်မှ တောင်းကြပါသေးတယ်။ “ဖြစ်လေရာဘ၀မှာ မရှိဆိုတဲ့စကား မကြားရပါလို၏” တဲ့။ မရှိမှ၊ ကုန်မှ ကောင်းတဲ့အရာတွေလည်း ရှိနေသေးတယ်ဆိုတာ ဘာလို့များ မတွေးမိကြပါလိမ့်။ ဥပမာ- ကိုယ်ရော စိတ်ပါ ပူပန် ပင်ပန်းစေတဲ့ အကုသိုလ် စိတ်၊ စေတသိက်မျိုးတွေပေါ့။ ဒါတွေကိုလည်း အဆင်းရဲခံပြီး ဖက်တွယ်ထားချင်၊ ရှိချင်ကြတာပဲလား။

ပြန်ဆက်ပါဦးမယ်။ လောကီသုညက သူ့ချည်းနေရင် ဘာတန်ဖိုးမှ မရှိပါဘူး။ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေရဲ့ ရှေ့မှာ သွားနေပြန်ရင်လည်း တန်ဖိုးမတိုးပါဘူး။ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေရဲ့ နောက်မှာ နေမှသာ တန်ဖိုးတက်ပါတယ်။ ဒါကို ဥပမာထားပြီး လူတိုင်း လူတိုင်း မိမိတန်ဖိုးကို မိမိနားလည်သင့်ပါတယ်။ မိမိတန်ဖိုးက နည်းနေရင် တန်ဖိုးကြီးသူရဲ့နောက်မှာ နေပေးပြီးတော့ နှစ်ဦးနှစ်ဘက် တန်ဖိုးတက်စေရပါမယ်။ မိမိတန်ဖိုးက များနေရင်တော့ တန်ဖိုးနည်းသူ တန်ဖိုးမဲ့သူ လူသုညတွေရဲ့ ရှေ့ကနေ ရဲရဲဝံ့ဝံ့ကြီး ဦးဆောင်ကြိုးပမ်းပြီး မိမိ သူတစ်ပါး တန်ဖိုးများအောင် ပြုပေးရပါမယ်။ မိမိအနေနဲ့ သာတယ်၊ နာတယ် မတွက်ဘဲ အတ္တဟိတ၊ ပရဟိတ ပြီးစီးစေဖို့သာ အဓိကလို့ နှလုံးသွင်းမှန်ရပါမယ်။

လောကုတ္တရာသုည သဘောကတော့- ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော၊ ဘာပဲတွေးတွေး “ငါဆိုတာလည်း မရှိ၊ ငါ့ဟာဆိုတာလည်း မရှိ” လို့ အရာရာကို နှလုံးသွင်း မှန်ကန်နေမှုပါ။ လောကုတ္တရာမှာတော့ ဘာပဲဖြစ်ဖြစ် များများမရှိလေ၊ များများသုဉ်းလေ ကောင်းလေပါပဲ။ လောကုတ္တရာစာမေးပွဲမှာ မေးခွန်း(၁၀)ပုဒ် မေးပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိက၊ အနောတ္တပ္ပဆိုတဲ့ ကိလေသာ (၁၀)ပါးပါ။ အမှတ်မရအောင်၊ နည်းနိုင်သမျှနည်းအောင် ဖြေရပါမယ်။ ၇၅ မှတ်အထက် ဂုဏ်ထူးထွက်နေရင်တော့ တော်တော်ကြမ်းသေးတဲ့ အန္ဓဗာလပုထုဇဉ်ပါ။ ၇၅ နဲ့ ၅၀ ကြားဆိုရင်တော့ တရားနဲ့ ယဉ်ပါးစပြုလာတဲ့ ကလျာဏပုထုဇဉ်ပါ။ ၅၀ ဆိုရင် စူဠသောတာပန်၊ ၄၀ ဆိုရင် မဇ္ဈိမသောတာပန်၊ ၃၀ ဆိုရင် မဟာသောတာပန်၊ ၂၀ ဆိုရင် သကဒါဂါမ်၊ ၁၀ ဆိုရင် အနာဂါမ်၊ ၀ ဆိုရင်တော့ ရဟန္တာဖြစ်ပြီး ဒုက္ခငြိမ်းပါပြီ။ ပြန်မရှုံးတော့မယ့် စာမေးပွဲကို ၀ ရပြီး အမြင့်ဆုံးအဆင့်နဲ့ အောင်သွားပါပြီ။

ငါ ဆိုတဲ့ အတ္တ၊ ငါ့ဟာ ဆိုတဲ့ အတ္တနိယ ကနေ ဆိတ်သုဉ်းသွားရင် ကိလေသာ သံယောဇဉ်တွေကလွတ်ပြီး သုညတဝိမောက္ခ မည်တဲ့ မဂ်နဲ့ သုညတနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ ငါဆိုတဲ့ “ဒိဋ္ဌိ နဲ့ မာန”၊ ငါ့ဟာဆိုတဲ့ “တဏှာ” တွေကနေ ဆိတ်သုဉ်းနေပြီဖြစ်တဲ့အတွက် သုညတနိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာသုညရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ ဘာနဲ့မှ နှိုင်းမရ အမြင့်တကာ့ အမြင့်ဆုံးပါပဲ။

ဒါ့ကြောင့် မှတ်သားရမှာက-
လောကီ သုညရဲ့ ကိုယ်ပိုင်တန်ဖိုးက ဘာမှမရှိ။
လောကုတ္တရာ သုညရဲ့ ကိုယ်ပိုင်တန်ဖိုးက အနှိုင်းမဲ့ နိဗ္ဗာန်ဆိုတာပါပဲ။


လောကီစာမေးပွဲတွေမှာ သုညရပါစေလို့ ဆုတောင်းပေးရင် ကျိန်စာတိုက်တယ်ဆိုပြီး စိတ်အရမ်းဆိုးကြမှာပါ။ လောကုတ္တရာ စာမေးပွဲဝင်သူများကိုတော့ သုညရနိုင်ကြပါစေလို့ ဆုတောင်းပေးရင် နှစ်သက်ဝမ်းမြောက်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တောင်းလည်း တောင်းပေးလိုက်ပါတယ်။ သုညရအောင် ကြိုးစားကြဖို့ကတော့ မိမိတို့တာဝန်ပါပဲ…။

[+/-] အပြည့်အစုံဖတ်မယ်...

လွတ်လပ်တဲ့ဘဝ
10:34 AM | Author: Dhamma Yanant


သံသရာချီတဲ့ ဒေ၀ဒတ် ရန်ငြိုးက
ရွှေခွက်မရတာက စသတဲ့…။
ကလီယိုပါထရာကြောင့်
ရောမအင်ပါယာကြီး ပျက်ဖူးတယ်…။
နယ်ပယ်သစ်ကို လိုချင်လွန်းလို့
စစ်ပွဲတွေလည်း နွှဲခဲ့ကြဖူးတယ်…။
ရွှေတွင်း ငွေတွင်း ရတနာတွင်းတွေအတွက်လည်း
သွေးစက်တွေ မြေခခဲ့ရဖူးတယ်…။

ဝတ္ထု နေရာ လူ ဆု တစ်စုံတစ်ခု
ရလိုမှု အာရုံပြုပြီး
တရား၊ မတရား နည်းကုန်ဖက်
စွမ်းအားရှိသမျှ လုယက်ပြိုင်ဆိုင်
နိုင်ပြန်တော့ ရန်တွေပွါး
ရှုံးရတော့ ဒေါသများ
ကဲ… ဘယ်မှာလဲ အကျိုးအမြတ်တရား…။

သားတစ်ရှင် ကျီးတစ်ကောင်လို ဘဝ
မလွှတ်မချင်း ထိုးဆိတ်ခံရ
လွှတ်မချရင် ဘ၀ပျက်
စုတ်..ပြတ်..သတ်..ဖွာ..ထွက်
ငါတို့ကိုယ်တိုင်ကရော
ထိုးဆိတ်နေကြတာလား…။
အထိုးဆိတ်ခံနေရတာလား…။

အရင်းစစ်တော့ တရားခံက
အာရုံလုတဲ့ လောဘ…။
အပြစ်မမြင် အစစ်ထင်ပြီး
နှစ်ခဲ့ရတာလည်း မောလှပါပြီ
(ဒီတော့…) သံသရာဆက်မယ့် အာရုံတွေ တစ်ခန်းရပ်
ဥပါဒါန်အစွဲတွေ ချဖြတ်
လောကဓံ စည်းအပြင်မှာ ထရပ်ရင်း
ဘ၀ကို လွတ်လပ်မှု ပေးကြည့်ကြစို့လေ…။

[+/-] အပြည့်အစုံဖတ်မယ်...

အာရုံလုပွဲ
10:28 AM | Author: Dhamma Yanant

ဘယ်အာရုံကို လုရမလဲဆိုတော့… ခန္ဓာဆိုတဲ့ အာရုံကိုပါ။
ဘယ်သူနဲ့ ဘယ်သူနဲ့လုကြမလဲဆိုတော့… စွဲလမ်းမှု (ဥပါဒါန်) အသင်း နဲ့ ဝိပဿနာ (ပညာ) အသင်းတို့ပါ။
အာရုံလုပွဲမှာ -
မိမိတို့အသင်းက ဝိပဿနာအသင်း၊
တစ်ဘက်အသင်းက ဥပါဒါန်အသင်း။

ဝိပဿနာ အသင်းမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဆန္ဒ၊ စိတ္တ၊ ဝိတက်၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ၊ ဝိရတီ ၃ ပါး ဆိုတဲ့ ဗောဓိပက္ခိယ တရားကိုယ် (၁၄) ပါး ပါဝင်ပါတယ်။
အဲဒီအထဲမှာ ပညာက အသင်းခေါင်းဆောင်ဖြစ်ပြီး၊ သတိက ဂိုးစောင့်ပါ။
ဥပါဒါန် အသင်းမှာက မောဟ၊ အဟီရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ လောဘ၊ ဒိဋ္ဌိ၊ မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ကုက္ကုစ္စ ၊ ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ ဟူသော အကုသိုလ် စေတသိက် (၁၄)ပါး ပါဝင်ပါတယ်။
အဲဒီအသင်းမှာ လောဘက ခေါင်းဆောင်ပါ၊ ဒိဋ္ဌိကတော့ ဂိုးစောင့်ပေါ့။

ဝိပဿနာ အသင်းရဲ့ အဓိက ပန်းတိုင်ကတော့-
ဒိဋ္ဌိစောင့်ပိတ်ထားတဲ့ နိဗ္ဗာန်ဂိုးထဲကို ခန္ဓာ ဘောလုံးဝင်အောင် သွင်းဖို့ပါ။
ဥပါဒါန် အသင်းရဲ့ အဓိက ပန်းတိုင်ကလည်း -
သတိစောင့်ပိတ်ထားတဲ့ အပါယ်ဂိုးထဲကို ခန္ဓာ ဘောလုံးဝင်အောင် သွင်းဖို့ပါပဲ။

တစ်သံသရာလုံး ခန္ဓာဘောလုံးက ဥပါဒါန်ရဲ့ အာရုံအဖြစ်နဲ့ ဥပါဒါန်ရဲ့ ခြေထဲမှာပဲ ရှိနေခဲ့ပါတယ်။
အဲဒီ့ ဥပါဒါန်ရဲ့အာရုံ ၊ ဥပါဒါန်ရဲ့ခြေထဲက ဥပါဒါနက္ခန္ဓာ ဘောလုံးလေးကို မိမိတို့ ဝိပဿနာ အသင်းက ဝင်လုရမှာ ဖြစ်ပါတယ်။
အဲဒီ ဥပါဒါနက္ခန္ဓာ ဘောလုံးလေးမှာ - ယောင် (၆) သွယ်နဲ့ ဖွဲ့စည်းထားပါတယ်။
အဲဒါတွေကတော့-
အတိတ်ကို (၁) မြင်ယောင်
(၂) ကြားယောင်
(၃) နံယောင်
(၄) စားယောင်
(၅) ထိတွေ့ယောင် နဲ့
ကိုယ့်စိတ်ကူးနဲ့ကိုယ် ကြိုက်သလို (၆)တွေးယောင်နေခြင်း များပါပဲ။
ဥပါဒါန် အသင်းက မလွတ်တမ်း ဆွဲထားတဲ့ အဲဒီ မြင်ယောင်၊ ကြားယောင်.. ယောင်ခြောက်သွယ်ဘောလုံးကို မိမိတို့ ဝိပဿနာ အသင်းက အတင်းဝင်လု ကန်ဖျက်ရမှာဖြစ်ပါတယ်။

အဲဒီလို ဝင်လုလို့ မြင်ယောင်၊ ကြားယောင်.. စတာတွေဟာ ဝိပဿနာ ခြေဖျားမှာ အဖျက်ခံရပါများရင် ဒိဋ္ဌိဂိုးစောင့် ပြာယာခတ်၊ စိတ်ပူပြီး နိဗ္ဗာန်ဂိုးပေါက်ထဲ မဝင်နိုင်အောင်၊ လုံအောင် မပိတ်နိုင်တော့ပါဘူး။ တစ်ချက် အငိုက်မိတာနဲ့ တစ်ဂိုးရသွားတော့မှာပါပဲ။ ဝိပဿနာ အသင်းက (၄) ဂိုးရအောင် သွင်းနိုင်မယ်ဆိုရင်တော့ သံသရာ ခန္ဓာလုပွဲ သိမ်းပြီ ပေါ့။

တစ်သံသရာလုံး မိမိတို့ရဲ့ သတိဂိုးစောင့် တာဝန်မကျေခဲ့လို့၊ အရည်အချင်း မပြည့်ခဲ့လို့ ဥပါဒါန်အသင်းက အပါယ်ဂိုးထဲ သွင်းလိုက်တဲ့ ခန္ဓာဂိုးတွေလည်း ပေးခဲ့ရပေါင်း မနည်းတော့ပါဘူး။ သူတို့ကို ဂိုးတွေ ဘယ်လောက်ကြီးပဲ ပေးခဲ့ရ၊ ပေးခဲ့ရ၊ ကိုယ်က (၄) ဂိုးသွင်းနိုင်ရင်ပဲ အပြတ်နိုင်ပြီမို့ ဒီ (၄)ဂိုးကိုတော့ဖြင့် အလွတ်မခံဘဲ အစွဲသန်တဲ့ ဥပါဒါန်အသင်းဆီက ခန္ဓာအာရုံ လုကြပါစို့.......။

[+/-] အပြည့်အစုံဖတ်မယ်...

လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”

“ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။




(က) လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”

ရှိပါတယ်နော်။ တချို့လူတွေ ပြောတတ်ကြတာ။ “မရှိလို့လုပ်စားတာ ဖြေးဖြေးပေါ့။ ကံပါရင် ရလိမ့်မယ်”တဲ့။ ပျင်းတာသက်သက်လို့ပဲ ထင်ပါတယ်။ အတိတ်ကံ မျိုးစေ့တွေ ရှိပေမယ့် အဲဒီ့မျိုးစေ့ကို မြေပေါ်ချမစိုက်ရင်၊ ရေ၊ နေ စတဲ့ အထောက်အပံ့တွေ မပေးနိုင်ရင်၊ ပေါင်းသင် ပြုစုခြင်းတွေ မလုပ်ရင် အပင်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး။ ဥာဏ်၊ ၀ီရိယ မကူဘဲ ရစရာရှိရင် ရလိမ့်မယ်ဆိုပြီး ထိုင်မျှော်ရုံသက်သက်နဲ့တော့ ရဖို့မလွယ်ပါဘူး။ အတိတ်သံသရာက ပြန်ဆပ်လာမယ့် ကံကြွေးကိုထားလို့ လက်ရှိဘ၀မှာ ပေးမိတဲ့ အကြွေးတောင် နည်းမျိုးစုံနဲ့ မနည်းကို အားထုတ်ပြီး ပြန်တောင်းနိုင်မှ မှန်းထားတဲ့အတိုင်း ရတတ်ကြတာပါနော်။ ဘာမှ အားမထုတ်ရဘဲ အလိုလို ပြန်ရတယ်ဆိုတာ ရှိတော့ရှိမယ်။ ရှားပါလိမ့်မယ်။ မိမိတို့အနေနဲ့လည်း ဆပ်လာမယ့် ကုသိုလ်ကံကြွေးကို ကျေနပ်လောက်တဲ့ အတိုင်းအတာအထိရနိုင်ဖို့ (မိုးရွာရင် မိုးရေကို လိုအပ်တဲ့နေရာရောက်အောင် ကွက်တိစီးစေနိုင်ဖို့ မြောင်းကြိုဖောက်ထားရသလိုမျိုး) ဥာဏ်၊ ၀ီရိယကူပြီး ကုသိုလ်မြောင်းလေး ကြိုဖောက်ထားဖို့ လိုပါတယ်။ မြောင်းထဲမှာလည်း အမှိုက်တွေနဲ့ ပိတ်မနေအောင်၊ ရေစီးရေလာကောင်းအောင် ကြိုရှင်းပေးထားရပါမယ်။ ကုသိုလ်ကတော့ အကျိုးပေးလာပါပြီ။ မိမိတို့က အကုသိုလ်ကံတွေနဲ့ ပိတ်မိနေပြီး ကောင်းကျိုးရသင့်သလောက် မရဘဲ ဖြစ်တတ်လို့ပါ…။

(ခ) “ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။ (ဒီပုံပြင်လေးကို လူတိုင်းသိပြီး ဖြစ်လောက်တယ်လို့ ယူဆတဲ့အတွက် မဖော်ပြတော့ပါဘူး။)

အမှန်က ခြေကျိုးရသူဟာ သေရမယ့် အတိတ်အကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ထောက်တဲ့ ကုသိုလ်ကြောင့် မသေတော့ဘဲ ခြေပဲ ကျိုးရတာပါ။
ရွှေအိုးရသူဆိုတာလည်း ရှင်ဘုရင်ဖြစ်ရမယ့် အတိတ်ကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ပင်ချိုးတဲ့ အကုသိုလ်ကြောင့် ရှင်ဘုရင် မဖြစ်တော့ဘဲ ရွှေအိုးလောက်ပဲ ရတော့တာပါ။

တချို့ပြောကြတာ ကြားဖူးပါတယ်။ ဦးဘယ်သူ ဒေါ်ဘယ်ဝါပေါ့..။ အကုသိုလ်အလုပ်တွေ လုပ်နေတုန်းက ကောင်းကျိုးတွေ တရစပ်ရ ချမ်းသာနေပြီးတော့ တရားလေးဘာလေးနာမိလို့ အသိတရားရပြီး ကောင်းရောင်းကောင်းဝယ်လုပ်ခါမှ ကုန်းကောက်စရာမရှိအောင် စီးပွါးပျက်ဆင်းရဲသွားရတယ်တဲ့။ ဒီလို ပြောမိတတ်ကြရတာဟာ အတိတ်နဲ့ ပစ္စုပ္ပန် မျှမတွေး၊ မျှမသိဘဲ ပစ္စုပ္ပန် အကြောင်းနဲ့ အကျိုး သက်သက်လေးဘဲ ကွက်ကြည့်မိတတ်တဲ့အတွက် အယူမှားသွားကြရတာပါ။ ဘာမှ သံသယမဖြစ်ကြပါနဲ့။ ကုသိုလ်က ကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အကုသိုလ်ကလည်း အကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အခုဆင်းရဲရတာနဲ့ အခုကုသိုလ်လုပ်နေတာနဲ့ ဘာမှမဆိုင်ပါဘူး။ အခုဆင်းရဲရတာက အတိတ်အကုသိုလ်ကံရဲ့ အကျိုးဆက်ပါ။ အခုလုပ်နေတဲ့ ကုသိုလ်ကလည်း တစ်ချိန်မှာ ကောင်းကျိုးချမ်းသာကို ပေးပါလိမ့်မယ်။ ဒီလိုပါပဲ။ အကုသိုလ်လုပ်ပြီး ချမ်းသာနေတယ်လို့ မပြောမိပါစေနဲ့။ သက်သက်စီပါ။ ခွဲမြင်တတ်အောင် ကြည့်စေချင်ပါတယ်။ တစ်ခုတော့ သတိပေးပါရစေ။ ဒီနှစ်ခုမှာ ကုသိုလ်က အဆန်လမ်းဖြစ်ပြီး အကုသိုလ်ကတော့ အစုန်လမ်းပါ။ ကုသိုလ်က အားထုတ်ပြီး လှမ်းရပါတယ်။ အကုသိုလ်ကတော့ သက်သာလှပါတယ်။ ဒါပေမယ့် အဆုံးသတ်ပန်းတိုင်ချင်းကတော့ ကွာလွန်းပါတယ်။ ကမ်းကိုပဲ တက်ချင်ပါတယ်၊ ၀ဲဂယက်ထဲမှာ မြုပ်မသွားချင်ပါဘူးဆိုရင်တော့ တဒင်္ဂသက်သာမှုကို မကြည့်ဘဲ ပန်းတိုင်အထိ လှမ်းမြင်သတိရှိဖို့ လိုပါတယ်။ မာရ်နတ် တက်ရပ်ပေးတဲ့အတွက် အကုသိုလ်ဘက်က ချိန်ခွင်လျှာက သာပြီးသားပါ။ ဒါပေမယ့် ချိန်ခွင်လျှာ သာတာကို သာယာနေတဲ့သူအဖို့ ဒီလိုသာတဲ့အတွက် (ဒီဘက်အခြမ်းက) ပိုသာလေ အောက်ဘက်ကို ပိုကျလေဆိုတာလေးကို တွေးသိမိရင်ရော သာယာနိုင်ပါဦးမလား။

ကံတွေရဲ့ သဘောဟာလည်း ရေများရေနိုင်၊ မီးများမီးနိုင်ပါပဲ။ အကုသိုလ်သံလိုက်နဲ့ဆွဲရင် အကုသလ၀ိပါက်သံမှုန်တွေ လာကပ်ဖို့ လမ်းရှာနေကြပါတယ်။ ကုသိုလ်ဆိုရင်လည်း ကုသလ၀ိပါက်တွေက ချောင်းနေကြပါတယ်။ ဒါပေမယ့် အားကြီးသူက လမ်းရပါတယ်။ ကံတစ်ခုလုပ်ရင်- လက်ရှိဘ၀မှာတင် အကျိုးပေးတဲ့ကံ၊ ဒုတိယဘ၀မှာ အကျိုးပေးတဲ့ကံ၊ တတိယဘ၀ကစပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတဲ့ကံဆိုပြီး အရည်အသွေး (၃)မျိုးက တွဲပါပြီးသားပါ။ ကုသိုလ်လုပ်ပေမယ့် ကောင်းကျိုးမရသေးတာက ကုသလ၀ိပါက် တိုးဝင်နေရာယူနိုင်လောက်အောင် အားမကြီးသေးလို့ပါ။ ဒါကို အတွေးချော်မသွားစေဘဲ ဒီလောက်နဲ့မရသေးရင် ပိုပြီးတော့ အားထုတ်ရမယ်လို့ပဲ နှလုံးသွင်းမှန်ရပါမယ်။ အတိတ်ကပြုထားတဲ့ ကုသိုလ်ကံတွေ အရှိန်အဟုန်နဲ့ အကျိုးပေးနိုင်စေဖို့ လက်ရှိဘ၀မှာ ကုသိုလ်တွေ များများလုပ်ပြီး ဒီဘ၀တင် အကျိုးပေးမယ့် ကံတွေနဲ့ ချူယူတတ်ရပါမယ်။ မိမိက သေချာရှင်းထားလို့ မြောင်းထဲမှာ ရေကတော့ အရှိန်အဟုန်နဲ့ စီးလာပါပြီ။ ဆက်လိုက်စရာ ရေမရှိလို့ ရေပြတ်သွားရတယ်လို့လည်း မဖြစ်ပါစေနဲ့…။

(ဂ) ကံဆိုရာမှာလည်း မျိုးစေ့နဲ့ တူတဲ့ကံ၊ အမြစ်နဲ့ တူတဲ့ကံ ဆိုပြီး (၂)မျိုး ရှိပါတယ်။
မျိုးစေ့ဆိုတာ အပင်ဖြစ်ချိန်မှာ မရှိတော့ပါဘူး။ အတိတ်ကံဟာ မျိုးစေ့နဲ့ တူပါတယ်။ အကျိုးပေးချိန်မှာ မမြင်ရတော့ပါဘူး။ နာနာက္ခဏိကကံ လို့ ခေါ်ပါတယ်။
အမြစ်ဆိုတာမျိုးကျတော့ အပင်နဲ့ အတူတကွ ဖြစ်တာပါ။ ပစ္စုပ္ပန်ကံက အမြစ်နဲ့ တူပါတယ်။ သဟဇာတကံ လို့ ခေါ်ပါတယ်။

အတိတ်ကံကို ကိုယ်မပြုပြင်နိုင်ပေမယ့်-
အတိတ် ကုသိုလ်ကံရဲ့ အကျိုးပေး ကောင်းအောင်…
အတိတ် အကုသိုလ်ကံရဲ့ အကျိုးပေး ညံ့အောင်၊ ပျက်အောင်…
ပစ္စုပ္ပန်ကံတွေကို ကောင်းသထက်ကောင်းအောင် အားထုတ်ကြိုးစားပြီး ပြုပြင်နိုင်ပါတယ်။


ဒီလို ကမ္မပစ္စည်း (၂) မျိုးရဲ့ သဘောကို နားလည်နိုင်မယ်ဆိုရင်တော့…
ကံမျှော်သူ လူပျင်း အဖြစ်မှရော၊
ကံချော်သူ မိစ္ဆာဒိဋ္ဌိ အဖြစ်မှရော လွတ်မြောက်နိုင်ပါပြီ။

[+/-] အပြည့်အစုံဖတ်မယ်...

သက်ဆိုင်သူ
8:16 PM | Author: Dhamma Yanant

ဟိုလူ့ဆီရောက် ဒီဆီရောက်မို့ ရွှေငွေဥစ္စာ အသပြာများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
ငါဖြစ်ချင်သလို မဖြစ်ရလွန်းလို့ ဆွေမျိုးမိဘ သားသမီးများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
နာကျင်ခံခက် နှိပ်စက်ကြလို့ မျက်စိနားနှာ အင်္ဂါများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
နေချင်သေးလည်း သေကြရလို့ အသက်ခန္ဓာ ဘဝဆိုတာလည်း ငါကမပိုင် ငါနဲ့မဆိုင်။
ဘာဆို ဘာမှ ငါကမပိုင် ငါနဲ့မဆိုင်။

ကမ္ဘာအနှံ့ ကြီးစွာပျက်လည်း စိတ်လက်မမှိုင် ငါနဲ့မဆိုင်
သမီးသားဥစ္စာ အင်္ဂါပျက်တော့ စိတ်ဓာတ်မခိုင် ငါနဲ့ဆိုင်သတဲ့။
ဆိုင်တယ်ထင်မှား အယူများကို
ပယ်ဖျောက်ပြီးကာ အရာရာဝယ်
ငါနှင့်မဆိုင် ငါပိုင်မဟုတ်
ကံနှင့်သာဆိုင် ကံပိုင်အထုပ် ငါမရှုပ် ဟု
ငါစွဲပြုတ်အောင်
နိုင်နိုင်စိတ်တွင်း နှလုံးသွင်းသော်
စိတ်ရှင်းသက်သာ ဆင်းရဲကွာ၍
ထောက်ရာရကာ ချမ်းသာတိုးမည် အမှန်တည်း။

[+/-] အပြည့်အစုံဖတ်မယ်...

ဟိုလူ့ဆီရောက် ဒီဆီရောက်မို့ ရွှေငွေဥစ္စာ အသပြာများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
ငါဖြစ်ချင်သလို မဖြစ်ရလွန်းလို့ ဆွေမျိုးမိဘ သားသမီးများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
မနာချင်လည်းမရ နှိပ်စက်ကြလို့ မျက်စိနားနှာ အင်္ဂါများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
နေချင်သေးလည်း သေကြရလို့ အသက်ခန္ဓာ ဘဝဆိုတာလည်း ငါကမပိုင် ငါနဲ့မဆိုင်။


“ငါကို စွန့်နိုင်ရင် စွန့်။ ငါကို မစွန့်နိုင်ရင် အားလုံးကို ငါဖြစ်အောင်လုပ်” ဆိုတဲ့ စကားလိုပါပဲ။
ငါတိုးတက်အောင် လုပ်သလို အားလုံး တိုးတက်အောင် လုပ်ပေးရပါမယ်။
ငါချမ်းသာအောင် လုပ်သလို အားလုံးချမ်းသာအောင် လုပ်ပေးရပါမယ်။
ငါအန္တရာယ်ကင်းအောင် လုပ်သလို အားလုံး အန္တရာယ်ကင်းအောင် လုပ်ပေးရပါမယ်။
ဘာလို့လဲ ဆိုတော့ အားလုံးက ငါဖြစ်နေလို့ပါ။ အားလုံးက ငါနဲ့ ဆိုင်နေလို့ပါ။




ငါနဲ့မဆိုင်

ဟိုလူ့ဆီရောက် ဒီဆီရောက်မို့ ရွှေငွေဥစ္စာ အသပြာများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
ငါဖြစ်ချင်သလို မဖြစ်ရလွန်းလို့ ဆွေမျိုးမိဘ သားသမီးများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
မနာချင်လည်းမရ နှိပ်စက်ကြလို့ မျက်စိနားနှာ အင်္ဂါများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
နေချင်သေးလည်း သေကြရလို့ အသက်ခန္ဓာ ဘဝဆိုတာလည်း ငါကမပိုင် ငါနဲ့မဆိုင်။

ဘယ်လောက်ပဲ နာကျင်နေပါစေ။ (ဥပမာ- ရောဂါဝေဒနာ ခံစားရတဲ့အခါ၊ စိတ်ထဲမှာ နာကျင်ရတဲ့အခါ…)
ဘာတွေပဲ ပျက်စီးနေပါစေ။ (ဥပမာ- ဥစ္စာပျက်တဲ့အခါ၊ တပည့်သားသမီးတွေ ကိုယ့်စကား နားမထောင်ဘဲ ထင်ရာစိုင်းတဲ့အခါ...)
ခလုတ်နှိပ်တိုင်း စိတ်လိုက်တိုမနေဘဲ ငါနဲ့မဆိုင်၊ ငါ့ပိုင်မဟုတ်လို့ နှလုံးသွင်းလိုက်ရင် အေးချမ်းပြီး စိတ်သက်သာရာရသွားပါလိမ့်မယ်။

(ကိုယ်နဲ့မဆိုင်ရင်) တစ်ကမ္ဘာလုံး ဘာတွေ ဘယ်လောက်ကြီးပဲ ပျက်စီးနေကြပါစေ။ ဘယ်သူတွေ ဘယ်လောက်တောင် ဒုက္ခရောက်နေကြပါစေ။ စိတ်ထဲမှာ ကြီးကြီးမားမား မခံစားရဘဲ (ကိုယ့်နဲ့များ ပတ်သက်ရင်တော့) နည်းနည်းလောက်ကလေး ထိခိုက်ပျက်စီးရုံနဲ့ အကြီးအကျယ် စိတ်ထိခိုက် တုန်လှုပ်မှု ဖြစ်ကြရတယ်ဆိုတာ ငါနဲ့ မဆိုင်ခြင်း၊ ဆိုင်ခြင်း ဆိုတဲ့ အစွဲကြောင့်ပါ။ ငါနဲ့ မဆိုင်လို့ ယူဆရင် မပင်ပန်းရဘဲ ငါနဲ့ဆိုင်တယ်လို့ ယူဆရင်တော့ အစွဲကြီးရင် ကြီးသလောက် ပင်ပန်းကြရမှာပါပဲ။

ဒီတော့ ပင်ပန်းချင်တာလား... သက်သာချင်တာလား...။ သက်သာရာရချင်တယ် ဆိုရင်တော့ အရာအားလုံးကို ငါနဲ့မဆိုင် လို့ ......။

ငါနဲ့ ဆိုင်တယ်

“ငါကို စွန့်နိုင်ရင် စွန့်။ ငါကို မစွန့်နိုင်ရင် အားလုံးကို ငါဖြစ်အောင်လုပ်” ဆိုတဲ့ စကားလိုပါပဲ။
ငါတိုးတက်အောင် လုပ်သလို အားလုံး တိုးတက်အောင် လုပ်ပေးရပါမယ်။
ငါချမ်းသာအောင် လုပ်သလို အားလုံးချမ်းသာအောင် လုပ်ပေးရပါမယ်။
ငါအန္တရာယ်ကင်းအောင် လုပ်သလို အားလုံး အန္တရာယ်ကင်းအောင် လုပ်ပေးရပါမယ်။
ဘာလို့လဲ ဆိုတော့ အားလုံးက ငါဖြစ်နေလို့ပါ။ အားလုံးက ငါနဲ့ ဆိုင်နေလို့ပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်မတော်မှုတွေ၊ ဖြစ်ပေါ်လာတဲ့ တာဝန်၊ ဝတ္တရားတွေကို ငါနဲ့ဆိုင်တယ်လို့ သဘောထားပြီး-
မကောင်းတာတွေကို ကောင်းအောင်၊
ကောင်းတာတွေကို ပိုပြီးကောင်းအောင်
ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးရပါမယ်။

ဒါ့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်ချင်တယ်ဆိုရင်ဖြင့် အားလုံး ငါနဲ့ဆိုင်တယ် လို့ ....။

အကောင်းဆုံးကတော့-
ကိုယ့်အတွက်ဆိုရင် ငါနဲ့မဆိုင်၊
အများအတွက်ဆိုရင် ငါနဲ့ဆိုင်တယ် လို့ နှလုံးသွင်းပြီး လုပ်စရာရှိတာ လုပ်ကြဖို့ပါပဲ….။

[+/-] အပြည့်အစုံဖတ်မယ်...

ဣဿာပုံရိပ်
12:51 PM | Author: Dhamma Yanant

အောင်မြင်နေရင် ပြစ်ရှာပုပ်ချ
ကိုယ့်ထက်သာရင် ချောက်တွန်းပစ်ချ
အပေါ်ရောက်နေရင် ဝါးနဲ့ထိုးချ
အထက်မှာဟန်ရင် စုံကန်ဆွဲချ
ကျခါနီးရင် နောက်ကတွန်းချ
အောက်ဘက်ဆင်းရင် ဘီးတပ်လှိမ့်ချ
ရှေ့ကိုသွားရင် ခြေထိုးလှဲချ
မျိုးစုံကြံဆ ကျပြီးရင်းကျစေ
ထမရလေမှ ကရုဏာပြ
သြော်… ဣဿာ သဘာဝပါလား…။

မသိသူ ဘုရင်ဖြစ်နေပါစေ
(သိရင်) ငွေတစ်ရာတောင် မသာလေအောင်
ကြံဆောင် မရှုစိမ့် ဣဿာပုံရိပ်
ချိတ်တတ်ကြတာ ဓမ္မတာပေမို့
အရာလုပ်ကာ ထိတ်လန့်နေရင်ဖြင့်
ရှေ့လည်းမတက် အပေါ်လည်းမရောက်
ပြားပြားမှောက်ကာ အောက်ကျပြီးကျ
ကိုယ်စိတ်ဒုက္ခ ထောင်းခါချလို့
သံသရာစက်ဘီးမှာ လည်စင်းသာ ခံပေရော့…။

ဒီလိုမှမဟုတ် ကိုယ့်အလုပ်ကိုယ်လုပ်
အားထုတ်ဆတိုး ကြိုးစားဇွဲသန်
ကြံ့ကြံ့ခံရင်း ဣဿာရပ်ဝန်း
ဇွတ်နင်းကျော်ဖြတ် ရှေ့ကိုပဲ တက်မယ်ဆိုရင်တော့
လိုအင်မှန်သမျှ ပြည့်ဝရပြီး
ကိုယ်ရောစိတ်ပါ ချမ်းသာရပြီပေါ့
သူများဣဿာကိုလည်း လျစ်လျူရှု
ကိုယ့်ဣဿာလည်း အစမထွက်စေဘဲ
အားလုံးကို ၀မ်းမြောက်နိုင်လိုက်တဲ့အတွက်
မုဒိတာစာမေးပွဲအခက်ကြီးကို ဂုဏ်ထူးနဲ့ အောင်ပြီလေ…။

[+/-] အပြည့်အစုံဖတ်မယ်...

ကြား... ခိုလိုက်ပါ
9:27 AM | Author: Dhamma Yanant

အရည ဂတော ဝါ - တောအရပ်သို့ ကပ်၍သော်လည်းကောင်း၊
ရုက္ခမူလ ဂတော ဝါ - သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊
သုညာဂါရ ဂတော ဝါ - ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍သော်လည်းကောင်း- ဆိုပြီး တရားအားထုတ်ရန် နေရာတွေကို ဗုဒ္ဓမြတ်စွာက ညွှန်ပြခဲ့ပါတယ်။

သက်တမ်းကတို၊ အချိန်ကနည်း၊ လုပ်စရာတာဝန် ဝတ္တရားတွေကများ၊ စွဲမက်စရာ အာရုံတွေကပြည့် - ဒီကြားတွေထဲမှာ ညပ်နေရတဲ့ ယနေ့ခေတ် လူတွေအဖို့ ဘယ်လိုနည်းနဲ့များ တောအရပ်ကို ကပ်နိုင်ပါ့မလဲ၊ သစ်ပင်ရင်းကို ကပ်နိုင်ပါ့မလဲ၊ ဒါ့အပြင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံတွေ ပေါများလာရာမှာ ဆိတ်ငြိမ်ရာအရပ်တွေကလည်း တစ်နေ့တခြား ရှားပါးလာပါတယ်။ ဒီလိုဆိုရင် တရားအားထုတ်စရာ နေရာမရှိ၊ အချိန်မရှိလို့ အားမထုတ်ရတော့ဘူးလား။ တရားမရကြတော့ဘူးလား။ ဒီလို မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ ဘာဝနာအလုပ်ပါ။ ဘာဝနာဆိုတာ ကိုယ်၊ နှုတ်နဲ့ ပွါးရတာမျိုး မဟုတ်ပါဘူး။ စိတ်နဲ့ပွါးရတဲ့ မနောကံအလုပ်ပါ။ စိတ်ဖြစ်ဖို့ အချိန်လည်း မလို၊ နေရာလည်း မလိုပါဘူး။

ဒါဆိုရင် ဘာ့ကြောင့် အရညဂတောဝါ စသဖြင့် တရားအားထုတ်ဖို့ နေရာတွေကို (မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘဲနဲ့) ဗုဒ္ဓက ညွှန်ပြခဲ့ရတာပါလဲ။ အာရုံတွေရဲ့ လွှမ်းမိုးမှုကို မတော်လှန်နိုင်သူတွေအတွက် ညွှန်ပြခဲ့တာပါ။ ပင်ကိုယ်အားဖြင့်ကိုက နှစ်သက်စရာ အာရုံတွေ၊ ခေတ်နဲ့အညီ မကြိုက်ကြိုက်အောင် ဖန်တီးထားတဲ့ နှစ်သက်စရာ အာရုံတွေ.. ဒီလို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ အာရုံတွေကနေ ဝေးဝေးနေနိုင်စေဖို့၊ ရှောင်နိုင်စေဖို့ (အာရတီဖြစ်စေဖို့) ညွှန်ပြခြင်းသာ ဖြစ်ပါတယ်။ စိတ်ကို အာရုံအလို မလိုက်စေဘဲ၊ အာရုံကိုသာ စိတ်အလိုလိုက်နေစေနိုင်ရင် ဘယ်အချိန်၊ ဘာနေရာမှ မလိုတော့ပါဘူး

တစ်စုံတစ်ခုကို လိုချင်ရင် တစ်စုံတစ်ခုကို ပေးဆပ်ရမြဲ ဖြစ်ပါတယ်။ ဘယ်ဥစ္စာမှ အလကားမရပါဘူး။ မိမိတို့ ဘ၀မှာ အများဆုံး ပေးဆပ်လိုက်ရတာက အချိန်တွေပါ။ မွေးကတည်းက ပေးဆပ်လာခဲ့လိုက်ရတာ။ ပေးရဖန်များလွန်းလို့ လက်ကျန်အချိန်ဆိုတာတောင် မရှိတော့သလောက်ပါပဲ။ သီးသန့်အချိန်မရှိတော့မှတော့ ကြားဖြတ်အချိန်ယူရုံပဲ ရှိပါတော့တယ်။ ဒီတော့ ဘယ်လို ကြားဖြတ်ကြမလဲ။

မိမိတို့ နေ့စဉ်ပြုနေကြ အလုပ်ချိန်တွေထဲမှာ ကုသိုလ်စိတ်ကလေး ကြားခိုလိုက်ရုံပါပဲ။ ချက်ရင်း ပြုတ်ရင်း၊ လျှော်ရင်း ဖွပ်ရင်း၊ သွားရင်း လာရင်း၊ တွက်ရင်း ချက်ရင်း၊ လုပ်ရင်း ကိုင်ရင်း၊ ပြေးရင်း လွှားရင်း၊ မောင်းရင်း နှင်ရင်း၊ ပြောရင်း ဆိုရင်း.... အနည်းဆုံး အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာစိတ်ကလေး ကြားခိုနိုင်ပါတယ်။ ဂုဏ်တော်တွေ ပွားများတဲ့ စိတ်ကလေး ကြားခိုနိုင်ပါတယ်။ လုပ်လိုက်သမျှကို လိုက်လိုက်သိနေတဲ့၊ မမြဲတဲ့ သဘောကို သိသိပေးနေတဲ့ ဝိပဿနာ စိတ်ကလေး ကြားခိုနိုင်ပါတယ်။

ဒီလို ဝိပဿနာ စိတ်ကလေး ကြားခိုလိုက်တဲ့အတွက်ကြောင့် တရားထူးရပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အရိယာ ဖြစ်သွားသူတွေ မနည်းလှပါဘူး။ ဆီမီးထွန်းရင်း၊ ခြေဆေးရင်း၊ ထမင်းချက်ရင်း၊ ဟင်းရွက်ကြော်ရင်း၊ နွားကျောင်းရင်း၊ သင်္ဘောစီးရင်း… စသဖြင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်း အရိယာဖြစ်သွားသူတွေ မရေမတွက်နိုင် များစွာပါ။ ဗုဒ္ဓလက်ထက်တော်အခါက သာဝတ္ထိပြည်မှာ လူဦးရေ (၇)ကုဋေရှိတဲ့အထဲမှာ (၅) ကုဋေက အရိယာတွေပါ။ ဒီပုဂ္ဂိုလ်တွေဟာ အိမ်ယာတည်ထောင် လူ့ဘောင်မှာနေပြီး မိမိအလုပ် မိမိလုပ်ရင်းက အရိယာဖြစ်အောင် ကုသိုလ် ကြားခိုနိုင်ခဲ့ကြသူတွေပါ။ သာသနာမှာ အလွန်ထင်ရှားတဲ့ အနာထပိဏ်၊ ဝိသာခါတို့ဆိုတာလည်း ကိုယ့်စီးပွားကိုယ်လုပ်နေကြတဲ့၊ အောင်မြင်စွာ ကြားခိုနိုင်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် ကုန်သည်အရိယာကြီးတွေပါ။

ဒါ့ကြောင့် မိမိတို့အနေနဲ့ တရားအားထုတ်ဖို့ အချိန်နည်းလို့၊ ရိပ်သာမှာ စခန်းသွားမ၀င်နိုင်လို့ စိတ်မဆင်းရဲပါနဲ့။ အားထုတ်ချင်စိတ် ရှိဖို့ပဲ အရေးကြီးပါတယ်။ အလုပ်တိုင်းမှာ အချိန်တိုင်း သတိမကပ်နိုင်တောင် (အကုသိုလ်လုပ်နေရင်တောင်မှ) သတိရလိုက်တဲ့အချိန် ကုသိုလ်စိတ်ကလေး ကြားဖြတ်ဝင်တတ်အောင် ကြိုးစားကြည့်ပါ။ အခု သတိရရင် အခု ကုသိုလ်စိတ်လေး ကြားခိုလိုက်ပါ။ ကြားခိုထားတဲ့ ကုသိုလ်လေးတွေ များများလာရင် ကုသိုလ်အစုအပုံကြီး ဖြစ်လာပါမယ်။ ကုသိုလ်အစုအပုံကြီးက ပေးလာတဲ့အကျိုးဖြစ်မှတော့ သံသရာမှာ ထောက်ရာရပြီပေါ့။

အဲ... တစ်ခုတော့ သတိပေးလိုက်ပါရစေ။ ရှားရှားပါးပါး ကုသိုလ်ပြုနေချိန်မှာတော့ အကုသိုလ် ကြားခိုမလာစေဖို့ အရေးကြီးပါတယ်။ အကုသိုလ်ဆိုတာမျိုးက သိပ်လျင်ပါတယ်။ ၀င်ဖို့လည်း အမြဲချောင်းနေပါတယ်။ အထူးအားထုတ်စရာလည်း မလိုပါဘူး။ အမြဲတမ်းလိုလို ရောက်မှန်းမသိ ရောက်နေတတ်ပါတယ်။ သတိအစောင့် လစ်ရင်လစ်သလို နေရာယူထားတတ်ပါတယ်။ ဒါ့ကြောင့် အကုသိုလ်ကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း ကုသိုလ်ကိုပဲ ကြားခိုခွင့်ပေးလိုက်ပါ...။ ကြားခိုတတ်အောင် ကြိုးစားလိုက်ပါ.....။

[+/-] အပြည့်အစုံဖတ်မယ်...

ဆုံနိုင်ခွင့်...
6:10 PM | Author: Dhamma Yanant

ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။

ဒီဘ၀တစ်ခုတည်းကိုပဲ ဘ၀ထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘ၀တွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြုံးရုံပဲ ပြုံးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။

သတ္တဝါတွေရဲ့ စေတနာကံဆိုတာ တစ်ဦးနဲ့တစ်ဦး ထပ်တူဖြစ်ဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။ ဒါ့ကြောင့် သတ္တဝါအနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း သေသူရှားသလို နောက်ဘဝမှာလည်း လူစသည် အတူတူပြန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ''ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား'' ချင်သူများအတွက် ရိုးရိုးငှက်နဲ့ ဇောက်ထိုးနေတဲ့ လင်းဆွဲငှက်ဖြစ်နေရင် အဆင်ပြေနိုင်ပါ့မလား။ ငှက်တော့ ဖြစ်ပါရဲ့။ ဒါပေမယ့် ငှက်ကြီးဝန်ပိုနဲ့ နှံပြည်စုတ်ငှက် ဖြစ်နေကြရရင်ရော…?။ သတ္တ၀ါတွေ ဘဝရချိန် ကွာခြားသလောက် အသက်အရွယ်စတာတွေလည်း ကွာခြားနိုင်ပါတယ်။ ဇနီးမောင်နှံ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကညာပျိုနဲ့ ဇရာအို ဖြစ်နေတာတို့၊ တစ်မိသားစုတည်း ဖြစ်နေတာတို့၊ ယောက်ျားအတူတူ ဖြစ်နေတာတို့၊ မိန်းမအတူတူ ဖြစ်နေတာတို့ စတာတွေပါ။

တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘ၀ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။ နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။ တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်း ဒဏ်ရာမရှိမှသာ စိတ်စွမ်းအားပြည့်ပြီး ကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။ တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။

ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။ ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။
(၁) တူညီတဲ့ သဒ္ဓါတရားရှိခြင်း၊
(၂) တူညီတဲ့ သီလရှိခြင်း၊
(၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုရှိခြင်း၊
(၄) တူညီတဲ့ ဥာဏ်ပညာရှိခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ပြောင်းပြန်ကြည့်ရင် ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာပန္နက်ရိုက်ရိုက်၊ ဆုတွေတောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။ ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။ ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။

ဗျာဒိတ်ခံပြီးချိန်ကစပြီး နိဗ္ဗာန်ရမယ့် နောက်ဆုံးဘဝအထိ လက်တွဲခဲ့ကြတဲ့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ယသောဓရာ၊ အရှင်မဟာကဿပလောင်း ပိပ္ပလိလုလင်နဲ့ ဘဒ္ဒကာပိလာနီ (သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ ကမ္ဘာမြေကြီးကတောင် ဝမ်းနည်းလွန်းလို့ တုန်လှုပ်သွားခဲ့ပါသေးတယ်) တို့တောင်မှ အသင်္ချေ ကမ္ဘာချီတဲ့ ဘဝတွေမှာ သူတို့တွေ တွေ့ဆုံ ပေါင်းသင်းကြရတဲ့ ဘဝတွေက အလွန်ဆုံး ရာ၊ထောင်ခန့်ပဲ ရှိပါတယ်။ မတွေ့မဆုံ၊ မပေါင်းသင်းခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင် များစွာပါ။

ဒီတော့… ဗုဒ္ဓရဲ့ စကားတော်ဆိုတာ မှားရိုးထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။ နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။ အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။

[+/-] အပြည့်အစုံဖတ်မယ်...

လောကမှာ အမှန်တရား (၂)မျိုး ရှိပါတယ်။ မရှိမှန် သမုတိသစ္စာ နဲ့ အရှိမှန် ပရမတ္ထသစ္စာတို့ပဲ ဖြစ်ပါတယ်။

သမုတိသစ္စာဆိုတာ လောကမှာ ခေါ်ဝေါ်ပြောဆို သိမှတ်နေသမျှသော ပညတ်တရားတွေပါ။ လောကနယ်ပယ်မှာ စကားပြောဖြစ်စေဖို့ မရှိမဖြစ် သမုတ်ထားတဲ့ အမှန်တရား ဖြစ်ပါတယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာမှာ စကားပြောတဲ့အပိုင်းနဲ့ နားလည်တဲ့အပိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါ့ကြောင့် ပညတ်ဆိုရာမှာလည်း စကားပြောဖို့ သဒ္ဒပညတ်နဲ့ နားလည်သဘောပေါက်ဖို့ အတ္ထပညတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အရာဝတ္ထု တစ်ခုတည်းကိုပဲ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကားနဲ့ကိုယ် အမည်သတ်မှတ်ထားတဲ့အတွက် ကိုယ့်ဆိုင်ရာ ဘာသာမှာတော့ မှန်နေပါတယ်။

ဥပမာ- ခွေးကိုပဲ မြန်မာက ခွေး၊ အင်္ဂလိပ်က ဒေါ့ဂ်၊ ဂျပန်က အိနု၊ သီဟိုဠ်က ဗလ်လ၊ ပါဠိက သာ၊ သုနခ၊... စသည်ဖြင့် မိမိတို့ ဘာသာအလိုက် အမည်သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။ ကိုယ့်စကားနဲ့ကိုယ်တော့ မှန်ကြတာချည်းပါ။ ဒါကို ကိုယ့်စကားမှ အမှန်ဆိုပြီး ငြင်းခုံနေစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် လောကမှာ အငြင်းအခုံဖြစ်လိုက်သမျှဟာ ပညတ်တရားတွေကြောင့်ချည်းပဲ များပါတယ်။ ကိုယ့်ဆိုင်ရာ ဆိုင်ရာ မှန်ကန်ကြတာာပဲ ဖြစ်ပေမယ့် အဲဒီ့ပညတ်တရားတွေဆိုတာ တကယ်မရှိပါဘူး။ ဒါ့ကြောင့် မရှိမှန် အမှန်တရားတစ်ခု ဖြစ်ရတာပါ။

ဥပမာ- ခွေးဆိုတာကို စိစစ်ကြည့်ရင် စိတ်၊ စေတသိက်၊ ရုပ်ပဲ ရှိပါတယ်။ ခွေးဆိုတာ မရှိပါဘူး။ ဒါပေမယ့် စကားပြောဆိုတဲ့အခါ အရာအားလုံးကို စိတ်၊ စေတသိက်၊ ရုပ်ချည်းပဲ ပြောလို့မဖြစ်ပါဘူး။ နားထောင်တဲ့သူလည်း ဆိုလိုချက်ကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ အားလုံး ရှုပ်ကုန်ပါလိမ့်မယ်။ ဒါ့ကြောင့် လူလူချင်း ဆက်ဆံရာမှာ နားလည်နိုင်အောင်၊ စကားပြောလို့ဖြစ်အောင် အမည်အမျိုးမျိုး သတ်မှတ်ထားရပါတယ်။ ဒါက အမည်နာမ သမုတ်ထားရတဲ့ သမုတိသစ္စာရဲ့ သဘောပါ။

ပရမတ္ထသစ္စာဆိုတာကတော့ အမှန်တကယ်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တရားတွေပဲ ဖြစ်ပါတယ်။ လောကမှာ တကယ်တမ်းရှိတာက စိတ်၊ စေတသိက်၊ ရုပ်တွေပါ။ နိဗ္ဗာန်ဆိုတာက လောကမှ လွန်မြောက်သွားတဲ့ အရှိတရားပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အထိပ် ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အရှိတရားကို ရောက်ဖို့ဆိုရင် တကယ်မရှိတဲ့ ပညတ်တရားတွေနဲ့ သွားလို့ မရောက်နိုင်ပါဘူး။ အမှန်တကယ်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်ဆိုတဲ့ ရုပ်၊ နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှု မမြဲတဲ့၊ ဆင်းရဲတဲ့၊ အစိုးမရတဲ့ သဘောတွေကို သတိ၊ ဥာဏ်တို့နဲ့ ရှုမှတ်သိမြင်နိုင်မှသာ ရောက်နိုင်ပါတယ်။ မမြဲတဲ့ ဒီရုပ်၊ နာမ်တွေကိုမြင်မှ မြဲတဲ့နိဗ္ဗာန်ကို မြင်မှာ ဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာ သေခြင်းမရှိ၊ ရွေ့ခြင်းမရှိတဲ့ အစ္စုတတရားဖြစ်လို့ မြဲပါတယ်။

သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါးမှာ-
(၁) သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမယ်။
(၂) သူတော်ကောင်းတရားကို ကြားနာရမယ်။
(၃) သင့်တင့်အောင် နှလုံးသွင်းတတ်ရမယ်။
(၄) တရားကို တရားအားလျော်စွာ ကျင့်သုံးတတ်ရမယ်။
ဒီလေးချက်ထဲမှာ လေးခုမြောက်အချက်က လိုရင်းအချုပ်ပါ။ "တရားကို တရားအားလျော်စွာ" လို့ဆိုရာမှာ ရှေ့တရားက မိမိလိုလားတဲ့ ကိစ္စကိုပြပြီး နောက်တရားက မိမိလိုလားတဲ့ကိစ္စနဲ့ လျော်ညီအောင် ကျင့်သုံးရမယ့် အလုပ်ကို ဆိုလိုပါတယ်။ ဒီတော့ မိမိတို့ ဗုဒ္ဓဘာသာဝင်များ လိုလားတဲ့ ကိစ္စက နိဗ္ဗာန် ဆိုရင် ကိစ္စနဲ့ လျော်ညီတဲ့ အလုပ်က ၀ိပဿနာအလုပ် ရပါတယ်။ နိဗ္ဗာန်ဆိုတာက ပရမသုညတသဘော (လွန်မြတ်တဲ့ ဆိတ်သုဉ်းမှု)ပါ။ ဒီ ပရမသုညတ အရှိပရမတ်သဘောဆီကို ခေါင်းကိုယ်ခြေလက် နိမိတ်ပညတ် မရှိတရားနဲ့ သွားလို့မရပါဘူး။ အရှိဆီကို အရှိတရားနဲ့ "အရှိကို အရှိအတိုင်း" သွားမှပဲ ရောက်နိုင်ပါမယ်။

(၁) ကိလေသာဆိုတာ ပညတ်ကို အာရုံပြုပါတယ်။ (သူသူငါငါ အကြောင်းအရာတွေကို အာရုံပြုပါတယ်။)
(၂) ဝိပဿနာက ရုပ်၊နာမ်ကို အာရုံပြုပါတယ်။
(၃) မဂ်၊ဖိုလ်က နိဗ္ဗာန်ကို အာရုံပြုပါတယ်။
ပညတ်ကို အာရုံပြုတဲ့ ကိလေသာနဲ့ မဂ်၊ဖိုလ်ကို မရနိုင်ပါဘူး။ ရုပ်၊နာမ်ကို အာရုံပြုတဲ့ ဝိပဿနာနဲ့မှပဲ မဂ်ဖိုလ်ကို ရနိုင်ပါတယ်။ မဂ်၊ဖိုလ်ရမှသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ လောကမှလွန်မြောက်တဲ့ အရှိပရမတ်တရားကို မျက်မှောက်ပြုနိုင်ဖို့ဆိုရင် လောကထဲက အရှိပရမတ်တရားတွေရဲ့ ဖောက်ပြန်မှုသဘောကို ရှုရတဲ့ သတိပဋ္ဌာန်လမ်း၊ ပဋိစ္စသမုပ္ပါဒ်လမ်း စသည်ဖြင့် ဗုဒ္ဓဟောကြားတော်မူထားခဲ့တဲ့ နည်းလမ်းတွေထဲက မိမိတို့ နှစ်သက်ရာ လမ်းတစ်လမ်းကို ရွေးချယ်လျှောက်လှမ်းရပါမယ်။

နိဗ္ဗာန်ဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးကလွတ်တဲ့ ကာလဝိမုတ်တရား ဖြစ်ပါတယ်။ ပညတ်ဆိုတာလည်း ကာလဝိမုတ်တရားပါ။ ဒါပေမယ့် ပညတ်က တကယ် မရှိတဲ့အတွက်ကို ကာလဝိမုတ် ဖြစ်ရတာပါ။ နိဗ္ဗာန်ကတော့ အမှန်တကယ်ရှိတဲ့ ကာလဝိမုတ်တရား ဖြစ်ပါတယ်။ ဒီတော့ အမှန်တကယ်ရှိတဲ့ ကာလဝိမုတ်တရားဆီရောက်နိုင်ဖို့ဆိုရင်၊ အမှန်တကယ်ရှိတဲ့ ရုပ်နာမ်တရားတွေကို အမှန်တယ်ရှိတဲ့ ကာလဝိမုတ်တရားနဲ့ နီးစပ်စေနိုင်ဖို့ဆိုရင် ကာလသုံးပါးက ကာလတွေကို လျှော့ပစ်ဖို့ လိုပါတယ်။

အဲဒီ့လို လျှော့တဲ့အခါ ပစ္စုပ္ပန်ကာလက ဖြစ်ဆဲဖြစ်တဲ့အတွက် လျှော့ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ အတိတ်ကာလနဲ့ အနာဂတ်ကာလတွေကတော့ ဖြစ်ပြီးဖြစ်လို့ရယ်၊ မရောက်သေးလို့ရယ်ကြောင့် လျှော့ချပစ်နိုင်ပါတယ်။ အဲဒီ့ အတိတ်၊ အနာဂတ် ရုပ်၊ နာမ်တွေအပေါ် ကျရောက်နေတဲ့၊ စွဲလမ်းနေတဲ့၊ မျှော်လင့်နေတဲ့ အစွဲတွေ၊ အမျှော်တွေကို ဖြုတ်ပစ်ရမယ်လို့ ဆိုလိုပါတယ်။ အတိတ်ကို မပြန်ဘဲ၊ အနာဂတ်ကို မကြံဘဲ နှလုံးမသွင်းဘဲ နေရပါမယ်။ ပစ္စုပ္ပန်တည့်တည့် ရှုခြင်းဖြင့်သာ ကာလဝိမုတ် နိဗ္ဗာန်သို့ ရောက်နိုင်ပါတယ်။

တစ်ခုတည်းသော ကာလဖြစ်တဲ့ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ရုပ်၊နာမ်တရားတွေအပေါ်မှာလည်း နှစ်သက်မှု၊ မနှစ်သက်မှု မဖြစ်စေဘဲ ရုပ်၊နာမ်တွေရဲ့ ဖောက်ပြန်ပျက်စီးနေမှုကိုပဲ မလွတ်တမ်းသိနိုင်အောင် ကြိုးစားနေရပါမယ်။ အဲဒီ့လို ဖောက်ပြန်တတ်တဲ့ အရှိတရားတွေကို ဖောက်ပြန်တဲ့ အရှိသဘောအတိုင်း ရှင်းရှင်းလင်းလင်း သိမှသာလျှင် မဖောက်ပြန်တော့တဲ့ အရှိတရား နိဗ္ဗာန်သို့ ရောက်နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့လည်း မရှိပညတ်နယ်ထဲမှာ မောဟဖိစီး အအိပ်ကြီးအိပ်ခဲ့ကြ၊ အမေ့ကြီးမေ့ခဲ့ကြ၊ ကာမဂုဏ်အာရုံတွေမှာ အပျော်ကြီးပျော်ခဲ့ကြလို့ "နတ်ပြည်တစ်ချက်၊ ခွေးဝက်တစ်ဖုံ၊ နတ်ဘုံတစ်နဲ(နည်း)၊ ငရဲခါခါ၊ ပြိတ္တာတန်တန်၊ ဒုက္ခဒဏ်အမျိုးမျိုး၊ ဆင်းရဲအောက်မှာ၊ ဒူးထောက်ခါသာ၊ အဖြာဖြာသား၊ ခံရများ၏" ဆိုသလိုပဲ အတိုင်းအဆမရှိတဲ့ သံသရာခရီးရှည်ကြီးထဲမှာ စုန်တစ်ချည် ဆန်တစ်ပြန်၊ မြုပ်တစ်ခါ ပေါ်တစ်လှည့် အမောကြီး မောခဲ့ရပြီးပါပြီ။ အခုအခါမှာတော့ တရားရှိန်နေမင်း ထွန်းလင်းပွင့်ပေါ်နေပြီဖြစ်တဲ့အတွက် အ၀ိဇ္ဖာဝပ်ကျင်းထဲမှာ အိပ်ပျော်နေရာက ကြိုးစားနိုးထကြပြီး အခွင့်ကောင်းကို မမေ့မလျော့ မပေါ့မဆ အရယူနိုင်ဖို့ "အရှိကို အရှိအတိုင်းသာ"………. ။

[+/-] အပြည့်အစုံဖတ်မယ်...

သုံးတတ်လျှင်ဆေး...
9:04 AM | Author: Dhamma Yanant

ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာ ဖြစ်ပါစေ။ အသုံးမတတ်ရင် အန္တရာယ် ဖြစ်ပါတယ်။ အသက်ကယ်ဆေးတောင် သူ့အချိန်အဆအတိုင်း မသုံးတတ်ရင် အဆိပ်ဖြစ်သွားရတာပါ။ 'သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်ဘေး' ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ မိမိကသာ သုံးတတ်မယ်ဆိုရင် မကောင်းတဲ့အရာ၊ အန္တရာယ်ရှိတဲ့ အရာတွေတောင် အသုံးဝင် အကျိုးရှိလာရပါတယ်။ ဥပမာဆိုရရင် လူကိုသေစေတဲ့ မြွေဆိပ်ကိုပဲ မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြရပါတယ်။ ကြောက်စရာ ကပ်ရောဂါကြီးဖြစ်တဲ့ ကျောက်ရောဂါကို ကာကွယ်ဖို့ ရောဂါပိုးစတိကိုပဲ ဆေးအဖြစ် ထိုးသွင်းခဲ့ကြရပါတယ်။ ကမ္ဘာကြီးကို ပျက်သွားအောင် လောင်ကျွမ်းပစ်နိုင်တဲ့ မီးတောင်မှ သုံးတတ်မယ်ဆိုရင် သတ္တဝါတွေအတွက် မရှိမဖြစ် အသုံးဝင်သွားရပါတယ်။ ဒီနည်းတူပါပဲ။ သတ္တဝါတွေကို ပူလောင်စေတတ်တဲ့၊ အပါယ်ဆင်းရဲကို ပို့နိုင်တဲ့ အကုသိုလ် ကိလေသာမီးတွေကိုလည်း မိမိကသာ အသုံးချတတ်မယ်ဆိုရင် အပူမီးတွေ ငြိမ်းသွားရတဲ့အပြင် အနှိုင်းမဲ့ချမ်းသာကိုတောင် ခံစားရနိုင်ပါတယ်။

တဏှာရာဂစတဲ့ အကုသိုလ် ကိလေသာတွေ ချုပ်ငြိမ်းမှ ရောက်နိုင်တဲ့ အနှိုင်းမဲ့ နိဗ္ဗာန်ချမ်းသာကို ရောက်ဖို့ အကုသိုလ် ကိလေသာတွေကို ဘယ်လိုများ အသုံးချရပါ့မလဲ။ အကုသိုလ် ကိလေသာတွေကို အသုံးချလို့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။ ရနိုင်ပါတယ်။ သာဓကများစွာ ရှိတဲ့အထဲက ပါနီယဇာတ်ကို ထုတ်ပြချင်ပါတယ်။ (ဒီဝတ္ထုကို အတော်များများလည်း ဖတ်ဖူး၊ ကြားဖူးပြီး ဖြစ်ကြမယ်လို့ ထင်ပါတယ်။) ကာမဝိတက်ကို ကြံစည်မိကြတဲ့ ရဟန်း(၅ဝဝ)ကို အကြောင်းပြုပြီး ကိလေသာဆိုတာ သေးတယ်၊ ငယ်တယ်၊ မပြောပလောက်ဘူးလို့ လျစ်လျူမရှုဘဲ နှိပ်ကွပ်သင့်ကြောင်း မြတ်စွာဘုရားက ပုံစံပြ ဟောတော်မူခဲ့ပါတယ်။

ရှေးတုန်းက ကာသိတိုင်းမှာ သူငယ်ချင်းနှစ်ယောက် လယ်ထွန်သွားကြပါတယ်။ တစ်ယောက်က ရေဆာလာတဲ့အခါ မိမိရေဘူးထဲကရေ ကုန်သွားမှာစိုးလို့ အခြားတစ်ယောက်ရဲ့ ရေကို ခိုးသောက်လိုက်ပါတယ်။ အလုပ်ပြီးလို့ ညနေချမ်း ရေမိုးချိုး အနားယူပြီးတဲ့အခါ တစ်နေကုန်ပြုမိတဲ့ ကိစ္စတွေကို ပြန်စဉ်းစားတော့ ရေခိုးသောက်မိတဲ့ မကောင်းမှုကို ပြန်သတိရမိပါတယ်။ (မိမိတို့လည်းပဲ တစ်နေ့တာ ပြုမိတဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ပြန်လည်ဆင်ခြင်ပြီး ကောင်းမှုတွေကို တိုးပွားစေ၊ မကောင်းမှုတွေကို နောင်မဖြစ်ပွားစေရအောင် သံဝေဂပွါး သုံးသပ်တဲ့ အကျင့်လေးထားသင့်ပါတယ်။) အဲဒီလို သတိရလိုက်တဲ့အခါ ဒီခိုးမှုဟာ မိမိကို အပါယ်ထိအောင် ဆွဲချနိုင်ပါလားလို့ ထိတ်လန့်သွားပြီး အဲဒီ့ အကုသိုလ်ကိုပဲ အာရုံပြုပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ခိုးမှုဆိုတဲ့ အဒိန္နာဒါနကံကို ကျူးလွန်မိတဲ့ပုဂ္ဂိုလ်တောင် အဲဒီ့အကုသိုလ်ကို အသုံးချပြီး သဗ္ဗညုဘုရားရှင်ထက် တစ်ဆင့်သာနိမ့်တဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်ခွင့်ရှိသေးရင်…၊ ဖြစ်အောင် လုပ်နိုင်ခဲ့သေးရင်…။

နောက်အကြောင်းအရာတစ်ခုက အဲဒီ့ ကာသိတိုင်းရွာငယ်တစ်ခုမှ သူကြွယ်တစ်ယောက်ဟာ မိမိရှေ့က ဖြတ်သွားတဲ့ ဇနီးမောင်နှံနှစ်ယောက်အနက် အမျိုးသမီးကို တပ်မက်သဘောကျလွန်းလို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိပါတယ်။ ကြည့်မိပြီးကာမှ သူတစ်ပါးရဲ့ မယားကို လောဘနဲ့ ကြည့်မိတဲ့ အကုသိုလ်ကြောင့် အပါယ်ကျရတော့မှာပဲလို့ ထိတ်လန့်ပြီး အဲဒီ့အကုသိုလ်ကို အခြေခံပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ကာယကံမှုပြုမှ ကမ္မပထမြောက်တဲ့ ကာမေသုမိစ္ဆာစာရကံကို စိတ်ကလေးနဲ့တင် ကျူးလွန်မိတာကို အချိန်မီ တားဆီးချုပ်ငြိမ်းစေနိုင်ခဲ့တဲ့အတွက် နိဗ္ဗာန်ချမ်းသာကို ခံစားရပါတယ်။ အလွန်အတုယူဖွယ် ကောင်းပါတယ်။ (ယခုခေတ်လူများ ဒီလိုသာ စိတ်နဲ့ပြစ်မှားမိရုံနဲ့ သံဝေဂရပြီး ဝိပဿနာရှုလို့ ပစ္စေကဗုဒ္ဓါ ဖြစ်ကြမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအတော်များများ ပစ္စေကဗုဒ္ဓါ ဖြစ်ကုန်ကြလို့ နန္ဒမူလိုဏ်ဂူတောင် ဆန့်မယ်မထင်ပါဘူး။ အဲဒီ့လို မဆန့်မှာစိုးလို့လည်း မထိတ်လန့်ကြတာ နေမှာပါ။ ဒါမှမဟုတ်ရင်လည်း သာသနာတွင်းကာလမှာ ပစ္စေကဗုဒ္ဓါ မပွင့်နိုင်ဘူးလို့ ကြားဖူးတဲ့အတွက် မိမိဘာသာ သံဝေဂရအောင် မပွားကြတာ ဖြစ်ပါလိမ့်မယ်။)

နောက်တစ်ဦးလည်း ရှိပါသေးတယ်။ ထိုကာသိရွာမှာပဲ သားအဖနှစ်ယောက် ရှိပါတယ်။ ထိုခေတ်ကလည်း တောအုပ်တွေထဲမှာ ပြန်ပေးသမားတွေ ရှိပါတယ်။ အဲဒီ့ ပြန်ပေးသမားတွေဟာ သားအဖကို ဖမ်းမိရင် သားကို ဖမ်းထားပြီး အဖေကို ငွေပြန်ယူခိုင်းကာ ရွေးစေပါတယ်။ (မိဘမေတ္တာကို သေချာပေါက် တွက်လို့ရပါတယ်နော်။) ညီအစ်ကိုဖြစ်ရင် ညီကိုဖမ်းထားပြီး အစ်ကိုကို လွှတ်ကာ ရွေးစေပါတယ်။ ဆရာတပည့်ဖြစ်ရင် ဆရာကို ဖမ်းထားပြီး တပည့်ကို လွှတ်ပါတယ်။ ပညာကို လိုချင်တဲ့ တပည့်က ဥစ္စာကို ပြန်ယူပြီး ဆရာကို ရွေးရပါတယ်။ အခု ကာသိရွာသား သားအဖနှစ်ယောက်ကိုလည်း ပြန်ပေးသမားတို့က ဖမ်းထားကြပါတယ်။ အဖမ်းများခံရရင် ပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်ဖို့အတွက် ဘာတော်သလဲမေးရင် ဘာမှမတော်ဘူးလို့ လိမ်ပြောဖို့လည်း တိုင်ပင် ထားကြပြီးသားပါ။ ဒီတော့ တကယ်မေးလာတဲ့အခါမှာလည်း တိုင်ပင်ထားတဲ့အတိုင်းပဲ ညာပြောလိုက်ကြပါတယ်။ ပြန်ပေးလက်က လွတ်မြောက်ပြီးလို့ ညချမ်းအခါ မိမိအကြောင်းတွေကို ပြန်တွေးတော့ လိမ်လည်မှုကိုမြင်ပြီး ထိတ်လန့် ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ (မျက်မှောက်ခေတ်မှာတော့ လင်္ကာချောစေဖို့ မပါမဖြစ် ပါရပါတယ်ဆိုတဲ့ မုသား၊ အကျင့်ပါနေတဲ့ မုသား၊ အကျိုးစီးပွား ပျက်စီးစေတဲ့ မုသား၊ အကျိုးစီးပွား မပျက်စီးစေတဲ့ မုသား စသည်.. စသည် ရေလဲသုံးနေတဲ့ မုသားတွေ များလွန်းလို့ မထူးဆန်းတော့ဘဲ သံဝေဂလည်းမရ၊ ဒန်ဝေဂလည်းမရ ဖျောက်ဖျက်ဖို့လည်း မစဉ်းစား၊ ကြောက်လန့်ဖို့လည်း မတွေးအားကြတော့တာနဲ့ မုသာဝါဒကို အခြေခံတဲ့ ၀ိပဿနာဆိုတာ ကြားတောင်မကြားဖူးကြပါဘူး။)

အဲ... နောက်တစ်ယောက်ကတော့ ကာသိတိုင်းမှ ရွာစားတစ်ယောက် ဖြစ်ပါတယ်။ အဲဒီ့ရွာစားက သူ့ရွာမှာ သားငါးမသတ်ရလို့ စည်းကမ်းထုတ်ထားပါတယ်။ တစ်နေ့မှာ သားကောင်တွေကို သတ်ပြီး နတ်ပူဇော်ရတဲ့အခါနဲ့ ကြုံကြိုက်နေပါတယ်။ ရွာသားတွေ စုဝေးပြီး ရှေးထုံးစံအတိုင်း သားသတ်ပြီး နတ်ပူဇော်ခွင့်ပြုဖို့် တောင်းပန်ကြပါတယ်။ ဒါနဲ့ ရွာစားလည်း ထုံးစံရှိတဲ့အတိုင်း ပြုလုပ်ဖို့ ခွင့်ပေးလိုက်ရပါတယ်။ ခွင့်ရတာနဲ့ လူတွေလည်း သတ်ဖြတ်ပူဇော်ကြပါတယ်။ ရွာစားလည်း မိမိရဲ့ ခွင့်ပြုစကား တစ်ခွန်းကြောင့် သတ္တဝါတွေ သေကြရတယ်ဆိုပြီး နောင်တကုက္ကုစ္စ ဖြစ်ရပါတယ်။ အဲဒီ့ ပါဏာတိပါတကံနဲ့ စပ်လျဉ်းတဲ့ နောင်တကိုပဲ ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။

အဲဒီ့ရွာစားလိုပဲ နောက်ထပ် ရွာစားတစ်ယောက် ရှိပါသေးတယ်။ ဒီရွာစားကတော့ သေအရက် ရောင်းဝယ်ခြင်းကို တားမြစ်ထားပါတယ်။ သေသောက်သဘင် ကျင်းပရာအခါ ရောက်တော့ လူအပေါင်းက ရွာစားကို ဝိုင်းတောင်းပန်ကြပါတယ်။ ရွာစားလည်း ရှေးထုံးစံဖြစ်နေတော့ မတားမြစ်သာဘဲ ခွင့်ပြုလိုက်ရပါတယ်။ လူတွေလည်း သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ပွားကြလို့ ကျိုးပဲ့ဒဏ်ရာတွေ ရကုန်ကြပါတယ်။ ဒီလို လူအများ ဆင်းရဲဒုက္ခရောက်ကြရတာ မိမိရဲ့ စကားတစ်ခွန်းကြောင့်ပဲဆိုပြီး ရွာစားလည်း နောင်တရမိပါတယ်။ သုရာမေရယကံကို အခြေခံတဲ့ အဲဒီ့နောင်တကို ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။
(အိမ်တစ်အိမ်၊ ရုံးတစ်ရုံး၊ အဖွဲ့တစ်ဖွဲ့၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ... စသဖြင့် ဆိုင်ရာဆိုင်ရာ နေရာတွေမှာ ခေါင်းဆောင်ဖြစ်တဲ့သူရဲ့ စကားတစ်ခွန်းဟာ အလွန်အရေးပါပါတယ်။ နောက်လိုက်တို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ ခေါင်းဆောင်အပေါ်မှာ မှီနေပါတယ်။ နယ်ကျဉ်းသည်ပဲဖြစ်စေ၊ နယ်ကျယ်သည်ပဲဖြစ်စေ မိမိခေါင်းဆောင် ဖြစ်နေတဲ့အချိန်မှာ ကောင်းကျိုးများများ ဖြစ်ထွန်းစေသင့်ပါတယ်။ ဂုဏ်ရှိ၊ ဂုဏ်ရရန်အတွက် မဟုတ်ဘဲ အများကောင်းကျိုး များများဆောင်ရွက်နိုင်ရန်အတွက်သာ ခေါင်းဆောင်ဖြစ်သင့်ပါတယ်။ ဘွဲ့ထူး၊ ဂုဏ်ထူးတွေဟာလည်း ဂုဏ်မဟုတ်ပါဘူး၊ ငွေဆိုတာလည်း ဂုဏ်မဟုတ်ပါဘူး၊ 'အများအကျိုး ဆောင်ရွက်နိုင်ခြင်းသည်သာလျှင် ဂုဏ်အစစ်' မည်ပါတယ်။)

ဒီပစ္စေကဗုဒ္ဓါငါးပါးတို့ ဗာရာဏသီပြည်ကို ဆွမ်းခံကြွကြတဲ့အခါ (ဘုရားလောင်း)ရှင်ဘုရင်က ကြည်ညိုလွန်းလို့ ဆွမ်းဘောဇဉ်နဲ့ ပြုစုလုပ်ကျွေးပြီး ရဟန်းပြုရခြင်း အကြောင်းတွေကို မေးမြန်းလျှောက်ထားပါတယ်။ ပစ္စေကဗုဒ္ဓါ အသီးသီးက အကြောင်းအသီးသီးကို ပြောပြကြတဲ့အခါ ပိုမိုကြည်ညို သဒ္ဓါပွားလာတဲ့အတွက် ကာမဂုဏ်တရားတွေကို ဝေးစွာ ရှောင်ကြဉ်ပါတော့တယ်။ မိမိအခန်းထဲက နံရံအဖြူကို ကြည့်ပြီး သြဒါတကသိုဏ်းပွားလိုက်တာ ဈာန်ရသွားပါတယ်။ (ဈာန်၊ မဂ်၊ ဖိုလ်ရဖို့ ဘယ်လိုနေရာမျိုးမှာ အချိန်ဘယ်လောက်ကြာအောင် အားထုတ်ရပါ့မလဲလို့ မေးလေ့ရှိသူများ သတိပြုပါ။) အဲဒီ့လို ဘုရားလောင်း ရှင်ဘုရင်ကြီးက ကာမဂုဏ်ကို အပြစ်မြင်ပြီး ဈာန်ချမ်းသာ ရနေချိန်မှာ ယသော်ဓရာလောင်း မိဖုရားကြီးကတော့ ကာမဂုဏ်ချမ်းသာထက် ကောင်းတဲ့အရာ မရှိဆိုပြီး ကာမဂုဏ်ကို ချီးမွမ်းနေပါတယ်။ ဒါနဲ့ ရှင်ဘုရင်ကြီးက ကာမဂုဏ်နဲ့ ပက်သတ်ပြီး အောက်ပါအတိုင်း ကဲ့ရဲ့ပါတယ်။

မြည့်နေအောင်ထက်တဲ့ သန်လျက်နဲ့ အခုတ်ခံရခြင်းထက်၊ ရင်ဝကို လှံနဲ့ အထိုးခံရခြင်းထက် ကာမဂုဏ်ကြောင့်ဖြစ်တဲ့ ဆင်းရဲက ပိုကြီးပါတယ်။

တစ်လံကျော်နက်တဲ့ ရဲရဲတောက်နေတဲ့ မီးကျီးတွင်းထက်၊ နေ့အခါ အလွန်ပူပြင်းတဲ့ နေမင်းထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပူပြင်းပါတယ်။

ချက်ချင်းသေစေနိုင်တဲ့ အဆိပ်ထက်၊ ကျိုက်ကျိုက်ဆူနေတဲ့ သံရည်ပူ၊ ကြေးရည်ပူထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပြင်းထန်ပါတယ်။


အဲဒီ့လို ကာမဂုဏ်တွေရဲ့ အပြစ်ကို ပြောပြပြီး အမတ်တွေကို တိုင်းပြည်အပ်ကာ တောတွက် ရသေ့ရဟန်း ပြုသွားပါတယ်။

ဝတ္ထုလေးကတော့ ဒါပါပဲ။ ပြောချင်တာကတော့… မိမိတို့ဆိုတာ ရဟန္တာ မဖြစ်သေးတဲ့အတွက် လောဘ၊ မာန စသည်လည်း မကုန်သေးပါဘူး။ အနာဂါမ် မဟုတ်တဲ့အတွက် ဒေါသလည်း မကုန်သေးပါဘူး။ သောတာပန်, သကဒါဂါမ် မဟုတ်သေးလို့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတောင် မကုန်သေးပါဘူး။ ဘာအကုသိုလ်ကိုမှ တရားဝင်မပယ်ရသေးတဲ့ ဇဉ်၊ ဇဉ်လို့မည်နေတဲ့ ပုထုဇဉ်အစစ်ကြီးတွေ ဖြစ်ကြတဲ့အတွက် တစ်နေကုန်မှာ ကုသိုလ်ထက် အကုသိုလ်ပဲ အဖြစ်များတတ်ကြပါတယ်။ အစိုးမရတဲ့ တရားတစ်ခုဖြစ်တဲ့ စိတ်ဆိုတာကလည်း အကုသိုလ်တရား မကောင်းမှုများမှာ အလွန်ပဲ ပျော်မွေ့တတ်တဲ့အတွက် ဗုဒ္ဓကတောင် 'ပါပသ္မိံ ရမတိ မနော' လို့ ဟောတော်မူထားခဲ့တာပါ။ ဒီတော့ သူ့သဘာဝအတိုင်း မကောင်းမှုတွေမှာ အားရပါးရမွေ့လျော်ချင်တဲ့ စိတ်ကို မထိန်းမချုပ် အလိုလိုက်ခဲ့မိလို့ မိမိတို့ဘ၀တွေမှာ မကောင်းမှု အဖြစ်များပြီး ညစ်နွမ်းခဲ့ရပါတယ်၊ ဒီဘ၀မှာ တရားမှ ရပါဦးမလားဆိုပြီး စိတ်မပျက် အားမလျော့ပါနဲ့။ အသိနောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကောင်းသည်ပဲဖြစ်စေ၊ ဆိုးသည်ပဲဖြစ်စေ (ပဉ္စာနန္တရိယကံမှ မဟုတ်ရင်ပေါ့) ဖြစ်ပေါ်လာတဲ့ အကောင်း၊ အဆိုး သင်္ခါရတရားတွေကို ဝိပဿနာအသိနဲ့ ရှုပွားနိုင်ခဲ့ရင် 'ခုရှု - ခုငြိမ်း' ဆိုတဲ့ တရားတော်ရဲ့ 'အကာလိက' ဂုဏ်တော်နဲ့အညီ ငြိမ်းအေးချမ်းသာမှုကို မိမိတို့ရဲ့ ပါရမီအလျှောက် ခံစားကြရမှာပါပဲ။ ဒါ့ကြောင့် စာဖတ်သူများလည်း အပါယ်ကို ခြေလှမ်းပြင်နေတဲ့ မိမိတို့ရဲ့ အကုသိုလ် ကြီးငယ်မှန်သမျှကို သံဝေဂပွါး ဝိပဿနာရှုပြီး ဆေးအဖြစ် သုံးတတ်နိုင်ကြပါစေ…။

[+/-] အပြည့်အစုံဖတ်မယ်...

လူပီသခဲ့ကြသူများ...
9:25 PM | Author: Dhamma Yanant

ငါးပါးသီလကို ဂရုတစိုက် ဆောက်တည်ခဲ့ကြလို့ လိုတရခဲ့ကြတဲ့ နိုင်ငံတစ်နိုင်ငံက လူပီသခဲ့ကြသူ သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ အားကျဖွယ် စောင့်ထိန်းပုံလေးတွေလည်း တင်ပြချင်ပါသေးတယ်။

ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး (၄)ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ (၆)ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် (၆)သိန်းဖိုး (၆)သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။

ကာလိင်္ဂိတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂိမင်း မင်းပြုပါတယ်။ အဲဒီ့တိုင်းပြည်မှာတော့ မိုးခေါင် ငတ်မွတ် အနာရောဂါ ထူပြောပါတယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေဟာ နန်းတော်ကိုသွားပြီး ဆန္ဒပြကြပါတယ်။ မင်းကြီးအနေနဲ့ အလှူပေး၊ ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် လုပ်ကြည့်ပေမယ့် မိုးက ရွာမလာပါဘူး။ အဲဒီ့အခါ ဣန္ဒပတ္တပြည်မှာ သာယာဝပြောတာဟာ အဉ္စနဝဏ္ဏ မင်္ဂလာဆင်တော်ကြောင့် နေမှာပဲဆိုပြီး ဓနဉ္စယ ကောရဗျမင်းကြီးထံမှာ ဆင်တော်ကို အလှူခံကြပါတယ်။ ဆင်တော် ရောက်လာပေမယ့်လည်း မိုးက မရွာပါဘူး။ ဒါနဲ့ ဓနဉ္စယ ကောရဗျမင်းကြီး စောင့်ထိန်းတဲ့ ဂရုဓမ္မသီလကြောင့်လို့ သဘောပေါက်ပြီး အဲဒီ့သီလကို ရွှေပြားထက်မှာ ရေးသားဆောင်ယူခဲ့ဖို့ စေလွှတ်လိုက်ပါတယ်။

(၁) ဓနဉ္စယ ကောရဗျမင်းကြီး (ဘုရားလောင်း)ထံ သီလတောင်းတဲ့အခါ မင်းကြီးက သူရဲ့သီလကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။ တန်ဆောင်မုန်းလ ပွဲသဘင်တစ်ခုမှာ တစ်ဘက်ဆည်ကန်ရဲ့ ကန်ဘောင်ပေါ်မှာရပ်ပြီး အရပ်(၄)မျက်နှာကို ပန်းမြားတွေ ပစ်ရစဉ် ကျန်မြား(၃)စင်းကို ပြန်တွေ့ပေမယ့် ရေမှာကျတဲ့မြားကို ရှာမတွေ့ပါဘူးတဲ့။ ငါးစတဲ့ သတ္တ၀ါတွေရဲ့ ကိုယ်ပေါ်မှာများ ကျတာလားဆိုပြီး သံသယဖြစ်မိပါတယ်တဲ့။ ဒီအခါ တမန်တွေက မင်းကြီးမှာ သတ်လိုတဲ့ စေတနာမှ မရှိတာ။ အပြစ်မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးရဲ့ သီလကိုသာ ရေးပေးတော်မူပါလို့ တောင်းပန်ကြလို့ ရွှေပေလွှာပေါ်မှာ 'ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာစာရာ နစရိတဗ္ဗာ၊ မုသာဝါဒါ နဘဏိတဗ္ဗာ၊ မဇ္ဇံ နပါယိတဗ္ဗံ' လို့ ရေးသားပေးလိုက်ပြီး မယ်တော်ရဲ့ သီလက ပိုစင်ကြယ်ပါတယ်ဆိုပြီး မယ်တော့်ထံ ညွှန်လိုက်ပါတယ်။

(၂) မယ်တော် (မဟာမာယာလောင်း)ထံ တောင်းတဲ့အခါ မယ်တော်ကလည်း သူ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ သားတော်မင်းကြီးက အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်နဲ့ အဖိုးတစ်ထောင်ထိုက်တဲ့ ရွှေပန်းတို့ကို မယ်တော်အတွက် ပို့ဆက်လိုက်တုန်းက မိမိမသုံးဆောင်ဘဲ ချွေးမတော်တွေကိုပေးဖို့ အကြံဖြစ်ပါတယ်တဲ့။ ချွေးမအကြီးဖြစ်တဲ့ မိဖုရားကြီးက ပြည့်စုံပါတယ်လေလို့ကြံပြီး အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကိုပဲ ပေးလိုက်ပါတယ်တဲ့။ ချွေးမအငယ်ဖြစ်တဲ့ အိမ်ရှေ့မိဖုရားကိုတော့ အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်ကို ပေးလိုက်ပါတယ်တဲ့။ ပေးပြီးကာမှ အစဉ်အလာအတိုင်း ကြီးမြတ်သူကို ဦးစားမပေးမိလို့၊ ရသင့်ရထိုက်တာကို မရအောင်ပြုမိလို့ မိမိသီလများ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ဆိုပါတယ်။ ဒီအခါ တမန်တွေက ကိုယ့်ပစ္စည်း ကိုယ်ကြိုက်သလို လုပ်နိုင်တာပဲ။ ဒါကိုမှ မကောင်းမှုလို့ သတ်မှတ်ရရင်တော့ တခြားဟာတွေဆို ဘယ်လိုလုပ်မလဲ။ မယ်တော်ရဲ့ သီလကို ပေးသာပေးပါ လို့ တောင်းခံမှတ်ယူကြပါတယ်။ မယ်တော်ကလည်း ချွေးမတော် မိဖုရားကြီးထံ သီလတောင်းဖို့ ထပ်ပြီးစေလွှတ်လိုက်ပြန်ပါတယ်။

(၃) မိဖုရားကြီး (ယသော်ဓရာလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ မင်းကြီးတိုင်းခန်း လှည့်လည်လာတာကို လေသောက်ပြတင်းက ကြည့်ပါတယ်တဲ့။ မင်းကြီးနောက်ပါးက အိမ်ရှေ့မင်းကို မြင်တော့ မင်းကြီး နတ်ရွာစံရင် အိမ်ရှေ့မင်းက သူ့ကို မိဖုရားမြှောက်ရင် ကောင်းမှာပဲလို့ ကြံစည်မိပါတယ်တဲ့။ အဲဒီ့လို မိမိမှာ ကာမပိုင်ရှိပါလျက်နဲ့ တခြားယောက်ျားကို ကိလေသာရဲ့ အစွမ်းနဲ့ ကြည့်မိတဲ့အတွက် သူရဲ့သီလ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ပြောပါတယ်။ တမန်တွေကလည်း စိတ်ဖြစ်ကာမျှနဲ့တော့ သီလမပျက်နိုင်ပါဆိုပြီး မိဖုရားရဲ့ သီလကို တောင်းခံမှတ်ယူကြပါတယ်။ မိဖုရားကလည်း အိမ်ရှေ့မင်းက သီလကို ကောင်းစွာစောင့်ထိန်းပါတယ်လို့ ညွှန်လိုက်ပြန်ပါတယ်။

(၄) အိမ်ရှေ့မင်း (အရှင်အာနန္ဒာလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိကြောင်း ဆိုပြန်ပါတယ်။ မင်းကြီးထံ ညနေချမ်းအခါ အခစားဝင်တဲ့အခါ နန်းတော်မှာပဲ ညအိပ်မယ်ဆိုရင် နှင်တံနဲ့ ကြိုးကို ရထားဦးမှာ ထားပါတယ်တဲ့။ ဒါကိုမြင်ရင် ရထားထိန်းနဲ့ အခြွေအရံတွေ ပြန်သွားကြပြီး မနက်ရောက်မှ လာကြိုကြရပါတယ်တဲ့။ နန်းတော်မှာ ညမအိပ်၊ ခဏသာကြာမယ်ဆိုရင်တော့ နှင်တံနဲ့ ကြိုးကို ရထားအတွင်းမှာပဲ ထားပါတယ်တဲ့။ ဒါဆိုရင် အခြွေအရံတွေက နန်းတော်တံခါးမှာ စောင့်နေကြရပါတယ်တဲ့။ တစ်နေ့မှာတော့ နန်းတော်မှာ ညမအိပ်၊ ပြန်လာမယ် ရည်ရွယ်ပြီး နှင်တံနဲ့ ကြိုးကို ရထားတွင်းမှာ ထားကာ နန်းတော်သို့ ဝင်ပါတယ်တဲ့။ အဲဒီ့ခဏမှာပဲ မိုးကြီးသည်းထန်စွာ ရွာပါတော့တယ်။ မင်းကြီးကလည်း မိုးရွာနေတဲ့အတွက် နန်းတော်မှာပဲ ညအိပ်ခိုင်းပါတယ်။ နောက်နေ့ မိုးလင်းတဲ့အခါ နန်းတော်တံခါးမှာ မိုးရေတွေ စိုရွှဲပြီး တစ်ညလုံး စောင့်နေကြရတဲ့ အခြွေအရံတွေကို တွေ့ရတဲ့အခါ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ ဒါ့ကြောင့် မိမိသီလအပေါ်မှာ သံသယဖြစ်မိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း တမင်ရည်ရွယ်တာမဟုတ်လို့ အပြစ်မဖြစ်နိုင်ကြောင်းပြောပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ တဖန် အိမ်ရှေ့မင်းက ပုရောဟိတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၅) ပုရောဟိတ် (အရှင်မဟာကဿပလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ အခြားမင်းတစ်ပါးက အလွန်နူးညံ့ကောင်းမွန်တဲ့ ရထားတစ်စီးကို မင်းကြီးထံ ဆက်သဖို့ ယူလာတာ လမ်းမှာတွေ့ပါတယ်တဲ့။ မိမိကလည်း အသက်ကြီးနေပြီဖြစ်တဲ့အတွက် မင်းကြီးကများ မိမိကို ပေးစွန့်လိုက်ရင် ကောင်းမှာပဲ။ ဒီလို ရထားကောင်းကောင်းလေးနဲ့ ချမ်းချမ်းသာသာ လှည့်လည်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ကြံစည်မိပါတယ်တဲ့။ မင်းကြီးထံ ရထားကို ဆက်သကြတဲ့အခါမှာလည်း မင်းကြီးက ပုရောဟိတ်ကြီးကိုပဲ ပေးပါတယ်တဲ့။ ပုရောဟိတ်ကြီးက လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူများပစ္စည်းကို လောဘနဲ့ လိုချင်တောင့်တမိတဲ့အတွက် သီလပျက်စီးပြီလို့ သံသယ ရှိလို့ပါတဲ့။ ဒါကြောင့် သူ့သီလကို မပေးချင်ပါလို့ ဆိုပါတယ်။ တမန်များကလည်း လောဘဖြစ်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ ပုရောဟိတ်ကြီးကလည်း မြေတိုင်းအမတ်ထံ တဖန်ညွှန်လိုက်ပြန်ပါတယ်။

(၆) မြေတိုင်းအမတ် (အရှင်မဟာကစ္စည်းလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းက တစ်နေ့မှာ မြေအပိုင်းအခြား ငုတ်ရိုက်တဲ့အခါ ပုစွန်တွင်းပေါ် တည့်တည့်ကျနေပါတယ်တဲ့။ အဲဒီ့တွင်းကိုရှောင်ပြီး ဒီဘက်နှုတ်ခမ်းမှာ ငုတ်ရိုက်ရင် မင်းကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဟိုဘက်နှုတ်ခမ်းမှာ ရိုက်ပြန်ရင်လည်း လယ်သူကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဒါနဲ့ တွင်းအခြေအနေကို အကဲခတ်ကြည့်၊ တွင်းထဲ ပုစွန်မရှိလောက်ဘူးထင်ပြီး တွင်းတည့်တည့်ကို ငုတ်ရိုက်လိုက်ပါတယ်တဲ့။ အဲဒီ့အခါ တွင်းထဲက ပုစွန်သံကို ကြားလိုက်ရပါတယ်တဲ့။ ပုစွန်များ သေသွားသလားလို့ သူ့သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ အဲဒီ့အခါ တမန်တို့ကလည်း စေတနာ မပါတဲ့အတွက် အပြစ်မဖြစ်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ မြေတိုင်းစာရေးကလည်း ရထားထိန်းထံ ညွှန်လိုက်ပြန်ပါတယ်။

(၇) ရထားထိန်း (အရှင်အနုရုဒ္ဓါလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ညနေချမ်းအခါ မင်းကြီး ဥယျာဉ်ကစားပြီးလို့ ရထားစီးပြန်လာနေတုန်း မြို့ကိုမရောက်မီမှာပဲ မိုးသားများ တက်လာတာနဲ့ မင်းကြီး မိုးစိုမှာစိုးလို့ သိန္ဓောမြင်းတွေကို နှင်တံအမှတ် ပေးမိပါတယ်တဲ့။ အဲဒီ့အမှတ်နဲ့ သိန္ဓောမြင်းတွေလည်း လျင်စွာပြေးကြပါတယ်တဲ့။ အဲဒီအချိန်ကစပြီး သိန္ဓောမြင်းတွေဟာ ဥယျာဉ် သွားရင်ပဲဖြစ်ဖြစ်၊ ပြန်လာရင်ပဲဖြစ်ဖြစ် နှင်တံအမှတ်ပေးခဲ့ဖူးတဲ့ အဲဒီ့နေရာရောက်တိုင်း ဘေးရန်ရှိတယ်ထင်ပြီး အမြန်ပြေးကုန်ကြပါတယ်တဲ့။ အလွန်လိမ္မာတဲ့ သိန္ဓောမြင်းတွေကို ပင်ပန်းအောင် လုပ်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်ရပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ပင်ပန်းစေလိုတဲ့ စေတနာမရှိတဲ့အတွက် အပြစ်မရှိနိုင်ပါလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ ရထားထိန်းကလည်း သူဋ္ဌေးကြီးထံ ညွှန်လိုက်ပြန်ပါတယ်။

(၈) သူဋ္ဌေးကြီး (အရှင်သာရိပုတြာလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းကတော့ တစ်နေ့မှာ သလေးစပါးခင်းများကို လှည့်လည်ကြည့်ရှုရင်း သလေးနှံတစ်ဆုပ်ကို ပန်းအဖြစ် ခူးပန်မိပါတယ်တဲ့။ အဲဒီ့နောက်မှ မင်းထံ အခွန်မဆက်ရသေးတဲ့ လယ်ထဲက သလေးနှံကို ယူမိပြီဆိုပြီး မိမိသီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ တမန်တို့ကလည်း ခိုးလိုသောစိတ် မရှိလို့ အပြစ်မရှိနိုင်ပါဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ သူဋ္ဌေးကြီးကလည်း စာရင်းကိုင်အမတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၉) စာရင်းကိုင်အမတ် (အရှင်မောဂ္ဂလာန်လောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကောက်စပါးတွေကို ခြင်တွယ်မှတ်သားနေတုန်း မိုးသည်းထန်စွာ ရွာလာတဲ့အတွက် ခြင်လက်စ ကောက်စပါးကို ခြင်ပြီးတဲ့ ကောက်စပါးပုံထဲ ထည့်မိလား၊ မထည့်မိလား မမှတ်မိတော့ပါဘူးတဲ့။ ထည့်မိရင် မင်းကြီးရဲ့ဥစ္စာကို တိုးပွားစေပြီး သူကြွယ်ရဲ့ဥစ္စာကို ယုတ်လျော့စေရာ ရောက်ပါမယ်တဲ့။ ဒါ့ကြောင့် သူ့ရဲ့ သီလကို သံသယရှိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း သူတစ်ပါး ဥစ္စာကို ခိုးလိုတဲ့စိတ်မှ မရှိဘဲလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ အမတ်ကလည်း တံခါးဗိုလ် (တံခါးစောင့်)ကို ထပ်ညွှန်လိုက်ပြန်ပါတယ်။

(၁ဝ) တံခါးဗိုလ် (အရှင်ပုဏ္ဏလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ သူဆင်းရဲတစ်ယောက်ဟာ နှစ်မငယ်ကို ခေါ်ပြီး တောထဲကို ထင်း၊ ဟင်းရွက်ရှာ သွားပါတယ်တဲ့။ တံခါးဗိုလ်က ညနေချမ်း မြို့တံခါး ပိတ်ခါနီးတိုင်း (၃)ကြိမ် ကြွေးကြော်လေ့ရှိပါတယ်တဲ့။ အဲဒီ့ကြွေးကြော်သံ ကြားတဲ့အတွက် မောင်နှမနှစ်ယောက်လည်း အမြန်ပြန်လာခဲ့ကြပါတယ်။ တံခါးဗိုလ်ဟာ တံခါးပိတ်ခါနီး နောက်ကျမှ ရောက်လာတဲ့အတွက် ကာမဂုဏ် လွန်ကျူးရာမှ ပြန်လာတဲ့အတွက် မောင်နှမကို လင်မယားထင်ပြီး ပြစ်တင်စကား ပြောကြားမိပါတယ်တဲ့။ သူဆင်းရဲက ရှင်းပြမှ မောင်နှမမှန်း သိရပါတယ်တဲ့။ အဲဒီ့လို ပြောဆိုမိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ဒီမျှလောက်နဲ့တော့ သီလမပျက်နိုင်ပါဘူးလို့ဆိုပြီး သီလကို တောင်းခံ မှတ်ယူကြပါတယ်။ တံခါးဗိုလ်ကလည်း ပြည့်တန်ဆာမကို ထပ်ညွှန်ပြန်ပါတယ်။

(၁၁) ပြည့်တန်ဆာမ (ဥပ္ပလဝဏ်ထေရီလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပါတယ်။ အကြောင်းက တစ်နေ့မှာ ပြည့်တန်ဆာမရဲ့ သီလကို စုံစမ်းဖို့ သိကြားမင်းက လုလင်ပျိုယောင်ဆောင်လာ၊ အသပြာတစ်ထောင်ပေးပြီး နတ်ပြည်ကို ပြန်သွားပါတယ်တဲ့။ အဲဒီ့အသပြာကို လက်ခံပြီးဖြစ်လို့ အခြားသူတွေကို လက်မခံပါဘူးတဲ့။ သိကြားမင်းကတော့ ပေါ်မလာပါဘူး။ (၃)နှစ်စောင့်တဲ့အထိ ပေါ်မလာတဲ့အခါ ပြည့်တန်ဆာမမှာလည်း စားဝတ်နေရေး အခက်ကြုံလာတဲ့အတွက် တရားသူကြီးများထံ အဆုံးအဖြတ်သွားခံပါတယ်တဲ့။ တရားသူကြီးများကလည်း (၃)နှစ်ကြာနေပြီဖြစ်လို့ တခြားသူတွေကို လက်ခံနိုင်ပါပြီလို့ ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ အဲဒီ့ဆုံးဖြတ်ချက်အရ ယောက်ျားတစ်ယောက်ထံမှ အသပြာ တစ်ထောင်ကို လက်ခံဖို့ လက်ကို ဆန့်လိုက်တဲ့အချိန်မှာပဲ သိကြားမင်းကလည်း လုလင်အသွင်နဲ့ ပေါ်လာပါတယ်တဲ့။ ဒါနဲ့ ပြည့်တန်ဆာမလည်း ဆန့်မိတဲ့လက်ကို ရုပ်သိမ်းပြီး နောက်လူကို ငြင်းပယ်လိုက်ပါတယ်တဲ့။ သိကြားမင်းလည်း သိကြားမင်းရဲ့ အသွင်ကိုပြ၊ ကောင်းကင်ကို ပျံတက်ပြီး ချီးမွမ်းစကား ဆိုပါတယ်တဲ့။ ပြည့်တန်ဆာမရဲ့ အိမ်ကိုလည်း ရတနာ (၇)ပါးနဲ့ ပြည့်စေပြီး မမေ့မလျော့ဖို့ ဆုံးမပြီး ပြန်သွားပါတယ်တဲ့။ ရှေ့လူပေးထားတဲ့ အဖိုးအခ မကြေသေးဘဲ နောက်လူရဲ့ငွေကို ယူဖို့ လက်ဆန့်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယ ရှိမိပါတယ်လို့ ပြည့်တန်ဆာမက ဆိုပါတယ်။ တမန်တို့ကလည်း လက်ဆန့်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။

ဒီလို (၁၁)ဦးသောပုဂ္ဂိုလ်တို့ စောင့်ထိန်းတဲ့ ဂရုဓမ္မသီလ ခေါ် ငါးပါးသီလကို ကာလိင်္ဂမင်းထံ ဆက်သကြပါတယ်။ မင်းကြီးလည်း အတုယူ အားကျပြီး ဂရုဓမ္မသီလကို ကောင်းစွာ စောင့်ထိန်းလိုက်တဲ့အခါ မိုးကောင်းစွာရွာပြီး ဘေး(၃)ပါးလည်း ငြိမ်းသွားပါတယ်။ ဘုရားလောင်း ဓနဉ္စယကောရဗျမင်းလည်း ဒါနစတဲ့ ကုသိုလ်ကောင်းမှုတွေပြုပြီး သေလွန်တဲ့အခါ ပရိသတ်နဲ့တကွ နတ်ပြည်မှာ ဖြစ်ပါတယ်။

ဒီဝတ္ထုကိုကြည့်ရင် ရှေးသူတော်ကောင်းတွေ သီလအပေါ် အလေးထားပုံနဲ့ မိမိတို့ရဲ့ သီလအပေါ် အလေးထားပုံ ဘယ်လောက်တောင် ခြားနားနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပါတယ်။ မိမိတို့က ငါးပါးသီလကိုတောင် အလေးအနက် မဆောက်တည်နိုင်ကြလို့ ဘာအကျိုးမှ သိသိသာသာ မရကြတာပါ။ တစ်ပါးပဲ ထိထိမိမိ စောင့်တဲ့ပုဂ္ဂိုလ်တောင် တစ်ပါးရဲ့အကျိုးကို ထိုက်ထိုက်တန်တန် ခံစားသွားရတာကို ဆရာကြီး ဦးသုခကလည်း "တစ်ပါးသီလ" ဆိုပြီး မီးမောင်းထိုးပြခဲ့ဖူးပါတယ်။ တစ်ပါးမက ငါးပါးလုံး လုံမယ်ဆိုရင်တော့ သိက္ခာရှိတဲ့လူအဖြစ်နဲ့ လိပ်ပြာသန့်သန့် နေနိုင်ပြီပေါ့။ လောကမှာ ကိုယ့်ကို ဂုဏ်တက်စေတဲ့ ပစ္စည်းဆိုရင် မြတ်မြတ်နိုးနိုး တယုတယ သေချာစောင့်ရှောက်သလိုမျိုး မိမိတို့ကို လူပီသ လူဂုဏ်တက်စေတဲ့ ငါးပါးသီလကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ချို့ယွင်းချက်မရှိအောင် စောင့်ရှောက်သင့်ပါတယ်။ ပြောမယ့်သာ ပြောရတာပါ။ မိမိတို့အနေနဲ့ သေချာတာတစ်ခုကတော့… ငါးပါးသီလကို ဒီဝတ္ထုထဲက အလောင်းတော်တွေလောက်သာ မဆောက်တည်နိုင်ရင်နေမယ်.. (မကောင်းမှုကို သံသယဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို) တမန်တွေလောက်တော့ နှစ်သိမ့်တတ်တယ်ဆိုတာပါပဲ…။

[+/-] အပြည့်အစုံဖတ်မယ်...

သိက္ခာရှိတဲ့လူ...
8:42 AM | Author: Dhamma Yanant

More is the treasure of the Law than gems;
Sweeter than comb its sweetness: its delights
Delightful past compare. Thereby to live
Hear the Five Rules aright:

Kill not-for pity’s sake and lest you slay
The meanest thing upon its upward way.

Give freely and receive, but take from none
By greed, or force, or fraud, what is his own.

Bear not false witness, slander not, nor lie;
Truth is the speech of inward purity.

Shun drugs and drinks which work the wit abuse;
Clear minds, clean bodies, need no Soma juice.

Touch not thy neighbour’s wife, neither commit
Sins of the flesh unlawful and unfit.

Sir Edwin Arnold
(The Light of Asia)


ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ငါးပါးသီလဟာ အဓိကအရေးအကြီးဆုံး ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး စောင့်ထိန်းရမယ့် ကမ္ဘာစောင့်တရား ငါးပါးဖြစ်ပါတယ်။ မိမိတို့ကို လူရယ်လို့ သတ်မှတ်ပေးတာ ငါးပါးသီလပါ။ ငါးပါးသီလမှ မရှိရင် လူဆိုတာ တိရစ္ဆာန်တွေနဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ ဒါ့ကြောင့် ငါးပါးသီလကို "လူ့သိက္ခာ" လို့ ဆိုချင်ပါတယ်။ လူရယ်လို့ ဖြစ်လာတာနဲ့ ငါးပါးသီလဆိုတာလည်း လူ့ခန္ဓာကိုယ်ထဲကို အလိုလို ရောက်ရှိလာပြီးသားပါ။ ဘုရားရှင်ကို အာရုံပြုပြီးတော့ပဲဖြစ်ဖြစ်၊ သံဃာတော်တွေ (သို့မဟုတ်) ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ထံမှာပဲဖြစ်ဖြစ် "အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ သမာဓိယာမိ" စသဖြင့် စိတ်က၊ နှုတ်က ရွတ်ဆိုခံယူဆောက်တည်မှသာ လူ့သန္တာန်မှာ ငါးပါးသီလ ၀င်ရောက်ကိန်းတာ မဟုတ်ပါဘူး။ အဲဒီ့လို ပုဂ္ဂိုလ်တစ်ဦးထံမှာ ခံယူဆောက်တည်သည်ပဲဖြစ်စေ၊ မခံယူ မဆောက်တည်သည်ပဲဖြစ်စေ ငါးပါးသီလကတော့ လူဖြစ်လာတာနဲ့ အလိုလို ၀င်ရောက်တည်ရှိနှင့်ပြီးသား ဖြစ်ပါတယ်။

အသက်(၂၀)ပြည့်ပြီးတဲ့ အမျိုးသားတစ်ဦးကို ရဟန်းခံပေးတဲ့အခါ ရဟန်းဖြစ်တာနဲ့ တပြိုင်နက် (၂၂၇)သွယ်သော ရဟန်းသိက္ခာတွေဟာ အဲဒီ့ရဟန်းရဲ့ ခန္ဓာကိုယ်ထဲကို အလိုလို ၀င်ရောက်သွားသလို ငါးပါးသီလဆိုတာလည်း လူဖြစ်လာတာနဲ့ လူ့ခန္ဓာကိုယ်ထဲကို အလိုလို ၀င်ရောက်လာတော့တာပါ။ ရဟန်းဖြစ်လာသူဟာ ရဟန်းသိက္ခာတွေကို သိလျက်နဲ့ပဲဖြစ်ဖြစ်၊ မသိလို့ဘဲဖြစ်ဖြစ် တစ်ပါးပါးကို ကျူးလွန်ဖောက်ဖျက်မိရင် အဲဒီ့သိက္ခာပုဒ်အတွက် ရဟန်းသိက္ခာ ပြုတ်ကျသွားသလို လူဖြစ်လာသူတိုင်းအဖို့လည်း ငါးပါးသီလကို သိလျက်နဲ့ပဲဖြစ်ဖြစ်၊ မသိလို့ဘဲဖြစ်ဖြစ် တစ်ပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါး ကျူးလွန်ဖောက်ဖျက်မိရင် အဲဒီ့ဖောက်ဖျက်မှုအတွက် ဆိုင်ရာသိက္ခာ ကျပါတယ်။ ငါးပါးစလုံးကို ကျူးလွန်ဖောက်ဖျက်မိလိုက်ရင်တော့ လူသိက္ခာ လုံးဝ ပြုတ်ကျသွားတော့တာပါ။ လူလို့ မခေါ်ထိုက်တော့ပါဘူး။

လူတစ်ယောက်ဟာ အခွင့်မသာတဲ့အတွက် ဒါနကို တစ်နှစ်မလုပ်မိလို့လည်း လူသိက္ခာ ပြုတ်ကျမသွားပါဘူး။ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စတဲ့ ဥပုသ်သီလတွေ၊ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတွေ ဆယ်နှစ်မစောင့်မိ၊ မလုပ်မိလို့လည်း လူသိက္ခာ ပြုတ်ကျမသွားပါဘူး။ ငါးပါးသီလကိုတော့ ဆယ်နှစ်ကို မဆိုထားပါနဲ့။ တစ်လမလုံရင် တစ်လ၊ တစ်ရက်မလုံရင် တစ်ရက်၊ အယုတ်ဆုံး တစ်စက္ကန့် မလုံခြုံရင်တောင် တစ်စက္ကန့် လူသိက္ခာ ပြုတ်ကျသွားပါတယ်။ ဥပမာဆိုရရင် တစ်နေ့ (၂၄)နာရီရှိတဲ့အထဲမှာ (၆)နာရီ မူးယစ်သောက်စားနေရင် (၆)နာရီ သိက္ခာကျပါတယ်။ ယုတ်စွအဆုံး တစ်စက္ကန့် အရက်မူးနေရင် တစ်စက္ကန့် သိက္ခာကျသွားပါတယ်။

ငါးပါးသီလကိုသာ ဖြုတ်ထားလိုက်မယ်ဆိုရင် ဥပုသ်စောင့်သုံးဖို့လည်း မဖြစ်နိုင်ပါဘူး။ (၂၂၇)သွယ်သော ရဟန်းသိက္ခာပုဒ်တွေကို စောင့်သုံးဖို့လည်း မဖြစ်နိုင်ပါဘူး။ သီလမှန်သမျှထဲမှာ ငါးပါးသီလဟာ အခြေခံအုတ်မြစ်ကြီးလို တည်ရှိနေတာပါ။ ပုထုဇဉ်ပုဂ္ဂိုလ်များသာလျှင် ငါးပါးသီလကို လွန်ကျူးမိပြီး လူသိက္ခာ ပြုတ်ကျရတာပါ။ သောတာပန်အစ ဘုရား၊ ရဟန္တာအဆုံး အရိယာပုဂ္ဂိုလ်များဟာ သိက္ခာရှိတဲ့လူ အစစ်တွေပါ။ ဘာအကြောင်းကြောင့်မှ ငါးပါးသီလကို မလွန်ကျူးကြပါဘူး။ လွန်ကျူးရင်လည်း ဘုရား၊ ရဟန္တာ အရိယာပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး။ (သောတာပန်ပုဂ္ဂိုလ် အရက်သောက်နိုင်သေးတယ်ဆိုတဲ့ အယူကို သတိထားကြစေချင်ပါတယ်။ သီလစင်ကြယ်မှ စိတ်စင်ကြယ်ပါမယ်။ စိတ်စင်ကြယ်ပါမှ အယူစင်ကြယ်ပြီး ဘာဝနာလမ်းကို ဖြောင့်ဖြောင့်လျှောက်နိုင်ပါမယ်။ အဲဒီ့လို လျှောက်နိုင်ပါမှလည်း အရိယာစခန်းကို ရောက်တာပါ။ ရတနာသုံးပါးအပေါ်မှာ အသက်နဲ့လဲ ဆည်းကပ်ပြီးဖြစ်တဲ့ သောတာပန်လိုမျိုး ပုဂ္ဂိုလ်က ဗုဒ္ဓဘာသာမှာ အခြေခံအဆင့်သာဖြစ်တဲ့ ဒီသိက္ခာပုဒ်ကို ဘာအကြောင်းကြောင့်မှ မချိုးဖောက်တော့ပါဘူး။)

ငါးပါးသီလဆိုတာ ခါးဝတ်ပုဆိုးလိုပါပဲ။ လူတွေမှာ ခါးဝတ်ပုဆိုး အမြဲတမ်း ဖုံးလွှမ်းထားမှပဲ တင့်တယ်ပါတယ်။ အ၀တ်ဗလာဖြစ်နေရင် ဘယ်လိုမှ မတင့်တယ်နိုင်ပါဘူး။ ဒီလိုပါပဲ။ ငါးပါးသီလဟာလည်း လူမှာ အမြဲတည်ရှိနေမှပဲ တင့်တယ်ပါတယ်။ လွန်ကျူးဖောက်ဖျက်မိရင် ဖောက်ဖျက်မိသမျှ အချိန်တိုင်းမှာ တင့်တယ်ခြင်း ကင်းနေမှာပါ။ ငါးပါးသီလဟာ ဦးခေါင်းနဲ့လည်း တူပါတယ်။ လူတစ်ယောက်မှာ လက်၊ ခြေစတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုခု ချို့ယွင်းပြတ်ပိုင်းသွားရုံနဲ့ အသက်မသေနိုင်ပါဘူး။ ဒါပေမယ့် ဦးခေါင်းပြတ်သွားမယ်ဆိုရင်တော့ သေချာပေါက် သေရတော့မှာပါ။ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ငါးပါးသီလဟာ ဒီလောက်ထိ အရေးကြီးပါတယ်။

အဲဒီ့ ငါးပါးသီလဟာ လူတိုင်းရဲ့သန္တာန်မှာ အသီးသီး တည်ရှိနေကြတာပါ။ အဲဒီ့လို တည်ရှိရာမှာ အန္ဓဗာလ ပုထုဇဉ်တွေရဲ့ ငါးပါးသီလထက် ကလျာဏပုထုဇဉ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် သမထဘာဝနာ ပွါးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် ၀ိပဿနာဘာဝနာ ပွါးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် ၀ိပဿနာ ဥာဏ်စဉ်တွေပေါ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ပေါ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် ဖလသမာပတ် ၀င်စားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက၊ အဲဒီ့ထက် နိရောဓသမာပတ် ၀င်စားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငါးပါးသီလက အဆင့်ဆင့် သာလွန်မွန်မြတ်ကြပါတယ်။

လူတိုင်း လူတိုင်း သိက္ခာရှိသူများသာ ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် ငါးပါးသီလကိုတော့ ဘယ်နှစ်ယောက်လောက်များ လုံအောင် စောင့်ထိန်းမိကြပါသလဲ။ မြတ်စွာဘုရားရှင်ရဲ့ ဥဏ္ဏလုံမွေးရှင်တော်ဟာ (ဗျာဒိတ်ခံပြီးသည်မှနောက်) မမှန်သောစကားကို ဘယ်တော့မှ မပြောဖူးလို့ လက်ျာရစ်ခွေနေတာပါ။ ဆွဲဆန့်ရင် ၂-တောင်လောက်ရှည်တဲ့ အဲဒီမွေးရှင်တော်ရဲ့အကျိုးကဘာလဲဆိုတော့ အာဏာစက် ထက်ခြင်းပါ။ မိမိပြောစကားကို ဘယ်သူမှ မပယ်ရှားနိုင်ပါဘူး။ ဇာတ်တော်တွေထဲမှာ ပြန်ကြည့်ရင် ဘုရားလောင်းဟာ ပုထုဇဉ်အဖြစ် ဘဝပေါင်းများစွာမှာ ပါဏတိပါတလည်း ကျူးလွန်ခဲ့ဖူးပါတယ်။ သူခိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ ကာမေသုမိစ္ဆာစာရကံလည်း ကျူးလွန်ခဲ့ဖူးပါတယ်။ အရက်သမားလည်း ဖြစ်ခဲ့ဖူးတာပါပဲ။ အဲ... မုသာဝါဒကံကိုတော့ ဘယ်ဘဝမှာမှ မကျူးလွန်ခဲ့ဖူးပါဘူး။ ပုထုဇဉ်တွေ အကျိုးလွယ်ဆုံးဖြစ်တဲ့ သီလကို ပိုင်ပိုင်ကြီး ဆောက်တည်နိုင်ခဲ့တာပါ။ မိမိတို့ကတော့ ဗုဒ္ဓရဲ့ တပည့်သားတွေ ဖြစ်နေတာတောင်မှ "မုသားမပါ လင်္ကာမချော" ဆိုတဲ့ စကားကို တွင်တွင်ကြီး အသုံးပြုရဲကြပါတယ်။ အမြဲတမ်း အမှန်တရားကိုချည်းသာ ပြောမယ်ဆိုရင် ပတ်ဝန်းကျင်မှာ အလွန်ကမောက်ကမဖြစ် ဒုက္ခပတ်လည်ဝိုင်းရကြောင်းကိုလည်း စကားနဲ့တစ်မျိုး စာနဲ့တစ်ဖုံ တင်ပြရယ်ပွဲဖွဲ့ကြပါတယ်။ အမှန်က ငါးပါးသီလကိုသာ လုံအောင်စောင့်ထိန်းနိုင်မယ်ဆိုရင် လိုတရဆိုတဲ့ စကားထက်တောင်မှ သာလွန်ပြည့်စုံချမ်းသာကြရတာပါ။ မိမိကမှ သီလကို တကယ်စောင့်ရင် သီလကလည်း မိမိကို သေချာပေါက် ပြန်စောင့်ပါတယ်။

မိတ်ဆွေများလည်း ဒီလောက် အရေးကြီးလှတဲ့ ငါးပါးသီလကို အချိန်တိုင်း လုံမိကြပါရဲ့လား။ တစ်စက္ကန့် မလုံတိုင်း တစ်စက္ကန့်စာ လူသိက္ခာ ကျသွားတာဖြစ်တဲ့အတွက် သိက္ခာရှိတဲ့လူအစစ် ဖြစ်ချင်တယ်ဆိုရင်တော့ ငါးပါးသီလကိုသာ မကျိုး၊ မပေါက်၊ မပြောက်၊ မကျားအောင် စောင့်ထိန်းပါလို့ပဲ မှာကြားချင်ပါတယ်။

[+/-] အပြည့်အစုံဖတ်မယ်...

အာမခံချက်...။
5:50 PM | Author: Dhamma Yanant

အမှတ်တမဲ့ ငိုက်နေတဲ့ ဒီခန္ဓာ
အချိန်နဲ့ ဇရာ ပေါင်းပြီး
နုပျိုခြင်းတွေ ခိုးယူခံခဲ့ရတယ်
ဗျာဓိကတော့ ကျန်းမာခြင်းမှတဲ့
ဒီလိုနဲ့ပဲ အိုကြ နာကြ သေခဲ့ကြ
သြော်… ဆက်ရဦးမယ်လေ နောက်ဘဝ…။

နတ်သမီး နတ်သား ဘွားခနဲများလား
ငရဲအိုးထဲ ကားခနဲ သွားမလား
ငတ်မွတ်ဆင်းရဲ ပြိတ္တာပဲလား
မောဟပြင်းထန် တိရစ္ဆာန်ကောင်လား
ညစ်ပတ်မှောင်မဲ လူ့ဗိုက်ထဲလား
(ဟား..) ဘယ်မှာများလဲ ဒို့ဘ၀တွေရဲ့ အာမခံတရား…။

အသိဥာဏ်ရှိတဲ့လူ ပြန်ဖြစ်ဖို့
အပြစ်ရပ်ရွာ ကင်းကွာစေဖို့
စစ်မှန်သာသနာ ကြုံကြိုက်ရဖို့
သူတော်တရား ကြိုးစားနိုင်ဖို့
သစ္စာတွေ့ပြီး ဖြစ်ပျက်ငြိမ်းဖို့
(ဒါတွေကို) ဘယ်သူကများ အာမခံချက် ပေးပါ့မလဲ…။

သံဝေဂ မရလောက်အောင်ကို ပေါ့ဆ
အလင်းပိတ်ဘ၀ရဲ့ လမိုက်ညတွေထဲမှာ
ရုန်းမထခဲ့လို့ သုံးမရခဲ့တာလို့ သိရင်
သံသရာအချုပ်မှာ အာမခံထုတ်နိုင်ဖို့
သတိတရားနဲ့ အဖန်ဖန်ပွါးပြီး
(ခုဘ၀တွင်ပဲ) အတန်တန် ကြိုးစားကြစို့လေ…။

[+/-] အပြည့်အစုံဖတ်မယ်...

သတ္တဝါတွေဆိုတာ ဘဝများစွာသံသရာ ကျင်လည်နေကြရာမှာ ဆွေမျိုး မတော်စပ်ဖူးသူရယ်လို့ မရှိကြပါဘူး။ မိဘနဲ့ သားသမီးအဖြစ်၊ လင်နဲ့ မယားအဖြစ်၊ မောင်နဲ့ နှစ်မအဖြစ်၊ ဆရာနဲ့ တပည့်အဖြစ်၊ အရှင်နဲ့ ကျွန်အဖြစ် စသဖြင့် မရေမတွက်နိုင်အောင် ဆက်စပ်ဖြစ်ခဲ့ဖူးကြတာချည်းပါပဲ။ မဖြစ်ခဲ့ဖူးတဲ့ တော်စပ်ပုံမျိုးလည်း မရှိပါဘူး။ အနည်းနဲ့ အများပဲ ကွာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပုံစံမျိုးစုံ ကြုံခဲ့ပြီးသားချည်းပါ။


မိဘနဲ့ သားသမီးအဖြစ် ဘဝများစွာ ကြုံတွေ့ကြရဖူးရင်ပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာ မိဘနဲ့ သားသမီး ဖြစ်ခဲ့ဖူးရင်ပဲဖြစ်ဖြစ် မြင်မြင်ချင်း မိဘနဲ့ သားသမီးအရင်းလိုပဲ ချစ်ခြင်း မေတ္တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနည်းတူပါပဲ။ လင်နဲ့ မယားအဖြစ် ဘဝများစွာမှာပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာပဲဖြစ်ဖြစ် တော်စပ်ခဲ့ဖူးရင် (၅၂၈)ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေ အလိုလို ပေါ်ပေါက်လာတော့တာပါပဲ။ မောင် နှစ်မ သံယောဇဉ် စတာတွေဟာလည်း ဒီနည်းအတိုင်းပါပဲ။

"အချစ်မှာ အကြောင်းမရှိဘူး" လို့ လောကလူသားတွေ ပြောဆိုလေ့ရှိကြပါတယ်။ အဲဒီ့စကား အလွန်မှားပါတယ်။
(၁) အတိတ်ဘဝမှာ အတူတကွ နေထိုင်ဖူးခြင်း (ပုဗ္ဗေဝ သန္နိဝါသ)
(၂) ပစ္စုပ္ပန်ဘဝမှာ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း (ပစ္စုပ္ပန္န ဟိတ )
ဒီအကြောင်း (၂)ပါးကြောင့် သတ္တဝါတွေ မြင်လျှင်မြင်ချင်း ချစ်မိခြင်း စတာတွေ ဖြစ်ပေါ်လာကြရတာပါလို့ ဓမ္မပဒမှာ ဘုရားရှင် ဟောကြားတော်မူထားပါတယ်။

အဲဒီ့ အဓိက အကြောင်း(၂)ပါးကို မသိတဲ့အတွက် ချစ်ခြင်းရဲ့အကြောင်းကို ရုပ်ရည်လှပလို့၊ ချမ်းသာလို့၊ ပညာတော်လို့၊ စိတ်ထားကောင်းလို့၊ ဂုဏ်ရှိလို့၊ အစွမ်းအစရှိလို့၊ ၊ ရိုးဖြောင့်လို့၊ အလုပ်အကိုင်ကောင်းလို့ ချစ်မိသွားရပါတယ် စသဖြင့် ခေါင်းစဉ်တပ် အကြောင်းပြချက် ပေးကြည့်ကြပြီး ဘာခေါင်းစဉ်မှ ရှာမရတဲ့အခါကျတော့ "အချစ်မှာ အကြောင်းမရှိဘူး" လို့ ကြွေးကြော်လိုက်ကြတော့တာပါ။

အချစ်မှာ မျက်စိမရှိရတာကလည်း ဒီအကြောင်းနှစ်ပါးကြောင့်ပါပဲ။ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ့်ဆုတောင်းနဲ့ကိုယ် ဆိုတော့ တစ်ခါတစ်လေ မလိုက်ဖက်စွာ တွဲစပ်မိသွားတာ မြင်ရတဲ့အခါ အချစ်မှာ မျက်စိမရှိဘူးလို့ ဆိုမိတတ်ကြတာပါ။ သတ္တ၀ါတွေရတဲ့ ဘယ်အကျိုးမဆို ပစ္စုန်ပ္ပန်သက်သက်ကို ကွက်ကြည့်ရင်သာ မတူ မတန်၊ မလိုက်ဖက်ဘူး ထင်ရတာပါ။ အတိတ်သံသရာအကြောင်းကို ပြန်ကြည့်ရင် သိပ်ကို တူတန် လိုက်ဖက်ပါတယ်။

သားသတ်မုဆိုးကို ကြိုက်မိတဲ့ သောတာပန် သူဌေးသမီးတို့၊ သူခိုးကို ကြိုက်မိတဲ့ ကုဏ္ဍလကေသီတို့၊ ကျွန်နဲ့ လိုက်ပြေးတဲ့ ပဋာစာရီတို့ဆိုတာ အတိတ်က အကြောင်းတရားတွေကြောင့် မတူညီတဲ့ ဘဝတွေနဲ့ ပေါင်းဖက်မိခဲ့ကြတာပါ။ လောကလူတွေ သတ်မှတ်လေ့ရှိကြတဲ့ မတူမတန် မလိုက်ဖက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ ဘဝဘဝက ဆက်စပ်ခဲ့ဖူးတဲ့ အကြောင်းတွေကြောင့်သာ အတားအဆီး အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ အချစ်အတွက် အသက်ပင်သေသေဆိုပြီး ပေါင်းဖက်နိုင်ဖို့ ကြိုးစားကြတာပါ။

ချစ်ရက်နဲ့ ကံအကြောင်းမသင့်လို့ လမ်းခွဲရသူတွေ၊ မချစ်ဘဲနဲ့ ကံစွက်ပြီး ပေါင်းဖက်ရသူတွေ ဆိုတာဟာလည်း မိမိတို့ ပြုမိခဲ့ကြတဲ့ ကံစီမံရာအတိုင်း ခံကြစံကြရတာပါ။ ကံစီမံရာအတိုင်း ဖြစ်နေကြရသူတွေအတွက် မိမိတို့ရရှိထားတဲ့ အခြေအနေကို မကျေမနပ်ဖြစ်မိတယ်ဆိုရင်တော့ ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်မကြည့်ဘဲ အတိတ်ကံ၊ အတိတ်ဘဝတွေကိုပါ ထည့်သွင်းစဉ်းစားပြီး စိတ်ချမ်းသာအောင်နေသင့်ပါတယ်။

'ငါနဲ့ သူနဲ့ ဘာကွာလို့လဲ' 'ငါက သူ့ထက် သာတာပဲ' 'ငါက သူ့အောက် ဘာများလျော့နေလို့လဲ' စသဖြင့် ကိုယ်ချစ်မြတ်နိုးရသူက ကိုယ့်ထက် သူတစ်ပါးကို ပိုအရေးပေးနေရင် ဒေါမနဿပွါးတတ်ကြပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ ကိုယ့်ပြိုင်ဘက်နဲ့က ဘယ်လောက်တောင် ဘ၀တွေနီးခဲ့မှန်း မသိ၊ ဒါကို မသိနိုင်တဲ့ကိုယ်က ဒီဘ၀မှ လာတွေ့ပြီး မောင်ဦးအခေါ်ခံချင်လွန်းနေပြန်ရင်လည်း ကိုယ်ပဲ စိတ်ဆင်းရဲ အကုသိုလ်ပွါးရပါမယ်။ ဇာတ်တော်တွေထဲမှာ ရှင်ဘုရင် မြတ်နိုးလွန်းတဲ့ မိဖုရားကို မိဖုရားခေါင်ကြီးက မနာလိုဖြစ်ပြီး ပျက်စီးအောင် ကြံမိတာတွေဟာလည်း ဒီအကြောင်းတွေကို မမြင်တတ်ခဲ့လို့ပါ။

အဲဒီ့လိုပါပဲ။ ကိုယ်က ကောင်းနေပါရက်နဲ့ ကိုယ့်ကို အကြောင်းမဲ့ မုန်းတီးနေသူတွေနဲ့ ကြုံရရင်လည်း စိတ်မချမ်းမသာ ဖြစ်တတ်ကြပါတယ်။ ဒီလောက်တောင် ဖြစ်လှတာဆိုပြီး ဖက်ပြိုင်ပြီးတောင် အာဃာတထား ရန်ငြှိုးဖွဲ့မိတတ်ကြပါတယ်။ အမှန်က ကိုယ်က ဒီဘ၀မှာတော့ ကောင်းပေမယ့် အတိတ်ဘ၀တွေမှာ ဘယ်လောက်တောင်မှ သူ့အကျိုးစီးပွါးကို သိသိကြီးနဲ့တစ်မျိုး၊ အမှတ်တမဲ့တစ်မျိုး ခွင့်မလွှတ်နိုင်လောက်အောင် ပျက်စီးစေခဲ့ဖူးမှန်း မသိနိုင်ပါဘူး။ ဒါကြောင့် ဒီလိုအဖြစ်မျိုး ကြုံလာရရင်လည်း အတိတ်အကြောင်းတွေကို မှန်းဆသံဝေဂယူရပါမယ်။ ကိုယ်က အကြွေးပေးစရာတွေ ရှိနေတယ်လို့ပဲ နှလုံးသွင်းပြီး သူ့အငြှိုးကို ကိုယ့်မေတ္တာနဲ့ အကြွေးကျေအောင်ဆပ်နိုင်ဖို့ပဲ ကြိုးစားရပါမယ်။ မီးကို မီးချင်းငြှိမ်းလို့ မရပါဘူး။ အရင် မျက်လုံးဖွင့်ပြီး မြင်အောင်ကြည့်နိုင်တဲ့သူက သူတော်ကောင်းပါပဲ။ သူမတော်တာ၊ မကောင်းတာ မကြည့်ဘဲ ကိုယ့်ဘက်ကပဲ တော်နိုင်၊ ကောင်းနိုင်အောင် ကြိုးစားရပါမယ်။

သတ္တဝါတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းဆိုတာ ဘယ်သူမှ ဖန်တီးလို့ မရပါဘူး။ တစ်ခါတစ်လေ အကြောင်းမဲ့ ချစ်နေ၊ မုန်းနေတယ် ထင်ရလောက်အောင်ကို ပစ္စုပ္ပန်အကြောင်း ရှာမရတတ်ပေမယ့် အတိတ်ဘဝက ချစ်စ၊ မုန်းစတွေကိုပါ ထည့်သွင်းရေတွက်လိုက်မယ်ဆိုရင်တော့ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်၊ မိမိကိုယ်တိုင်လည်း စိတ်သက်သာရာ ရသွားပါလိမ့်မယ်။

အဲ….. တကယ် အေးငြိမ်းချမ်းသာမှု အစစ်ကိုမှ လိုချင်တယ်ဆိုရင်တော့ မချစ်ပါ မမုန်းပါနဲ့...။
မချစ်တတ်ရင် = ချစ်သူနဲ့ ခွဲရလို့ဖြစ်တဲ့ ဒုက္ခမီး ငြိမ်းပါတယ်။
မမုန်းတတ်ရင် = မုန်းသူနဲ့ တွဲရလို့ဖြစ်တဲ့ ဒုက္ခမီး ငြိမ်းပါတယ်။
ဒီတော့ မချစ်ဘဲ၊ မမုန်းဘဲ နေနိုင်ကြပါ့မလား။ နည်းနည်းနေနိုင်ရင် နည်းနည်း ဒုက္ခငြိမ်းသွားပါမယ်။ အများကြီး နေနိုင်ရင် အများကြီး ဒုက္ခငြိမ်းသွားပါမယ်။ လုံးဝနေနိုင်သွားရင်တော့ လုံးဝ ဒုက္ခငြိမ်းသွားတော့မှာပါပဲ။

ဒါ့ကြောင့် စာဖတ်သူတွေလည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အလိုမကျတဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ကြုံတွေ့ကြရရင် နားလည် ခွင့်လွှတ်ပေးနိုင်ကြပြီး မချစ်ရင် မနေနိုင်သူတွေကနေ မချစ်တတ်၊ မမုန်းတတ်တဲ့သူတွေဖြစ်အောင် ကြိုးစားနေထိုင်သွားနိုင်ကြပါစေ…။

[+/-] အပြည့်အစုံဖတ်မယ်...

အရှုံးရဲ့ အမြတ်...။
9:00 PM | Author: Dhamma Yanant

လမ်းခွဲကြရတော့မယ်တဲ့
ဒီနေ့လား နက်ဖြန်လား မသိ
ဆုံတွေ့ခဲ့တဲ့ တစ်ဘ၀တာအတွင်းမှာ
(ဒီခန္ဓာအပေါ်မှာ) ဘာများ လိုအပ်ခဲ့လို့လဲ
အရာရာ စိတ်တိုင်းကျ ဖြစ်စေခဲ့တာပါ…။

ငါ… ဘာလို့များ တုံးအခဲ့ပါလိမ့်
ဒီခန္ဓာကြီးကို ယုယကြင်နာခဲ့သမျှဟာ
နာကျင်ကြေကွဲရဖို့ချည်းပါလား
ပိုင်ဆိုင်တယ် ထင်ထားမိပေမယ့်
အစကတည်းကိုက မရခဲ့တာပဲကွယ်…။

ပိုင်ရှင်ရှိနေမှန်းလည်းမသိ
ပြန်အပ်ရမှာကိုလည်း မမြင်မိတဲ့
အမှတ်မရှိ အလိုက်မသိတတ်တဲ့ ငါက
ဆင်းရဲသစ်တွေကိုပဲ အခါခါ သာယာမိ
ဘယ်အချိန်မှများ ရေငတ်ပြေပါ့မလဲ…။

အရှုံး အမြတ်ကို သုံးသပ်ကြည့်တာ
အရင်းတောင် မရခဲ့ဖူးပေမယ့်
ဒီအရှုံးတွေမှာပဲ ပျော်ဝင်နေမိတော့
ရုန်းမရတဲ့ ကြိုးတွေကပဲ ရစ်ပတ်
မေ့လျော့ခြင်းကနှိပ်စက်လို့ ဖြတ်ဖို့ခက်ပြီလေ…။

သစ္စာဆိုတာ အမှန်အတိုင်းမြင်ခြင်းတဲ့…။

ဝိုးတ၀ါးမဟုတ်တဲ့ အသိတွေကြားမှာ
ငါ… ရှုံးချက်တွေလည်း မနာချင်တော့ပါဘူး
ဒုက္ခကိုလည်း မတွယ်တာချင်တော့ပါဘူး
အဆုံးမရှိတဲ့ ဘ၀ပင်လယ်က ရုန်းထွက်လို့
အေးချမ်းတဲ့ သံသရာဖျက်လမ်းကိုပဲ ဆက်လှမ်းပါရစေတော့…။

[+/-] အပြည့်အစုံဖတ်မယ်...

၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
ကောင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။

၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)
ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။

၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))
မိမိသူတစ်ပါး အကျိုးစီးပွါးကို အဓိပတိတရားတပ်၍ အားထုတ်ဆောင်ရွက်နိုင်ရပါစေသား။

၎။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်တို့သာ ဖြစ်ပေါ်ရပါစေသား။

၅။ သမနန္တရပစ္စယော- ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်များသာ ကောင်းစွာဆက်တိုက် ဖြစ်ရပါစေသား။

၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား
သူတော်ကောင်းတရား၊ သူတော်ကောင်းများနှင့်သာ အတူတကွ ပေါင်းဖော်ရပါစေသား။

၇။ အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား
မိမိသူတစ်ပါး ကောင်းကျိုးများအောင် အပြန်အလှန် ဆောင်ရွက်နိုင်ရပါစေသား။

၈။ နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မိတ်ကောင်းဆွေကောင်း သူတော်ကောင်းများသည် မှီရာအဖြစ် တည်ပါစေသား။

၉။ ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
သဒ္ဓါ၊ ပညာ၊ နေရာဒေသ၊ မိတ်ကောင်းရ၍ တိုးတက်ပွါးစီး အားကြီးသောမှီရာအဖြစ် တည်ပါစေသား။

၁၀။ ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကောင်းသောအခွင့်အလမ်းများ အဆင်သင့် ပေါ်ပေါက်နှင့်ပါစေသား။

၁၁။ ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကျောထောက်နောက်ခံ အထောက်အပံ့ကောင်းများအမြဲရရပါစေသား။

၁၂။ အာသေ၀နပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
အဖန်တလဲလဲ ကုသိုလ်စိတ်များနှင့် မိမိကိုယ်ကို ထုံမွှမ်းနိုင်ရပါစေသား။

၁၃။ ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကောင်းသောစေတနာနှင့် မှန်သောအလုပ်များကိုသာ ပြုလုပ်မိပါစေသား။

၁၄။ ၀ိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မကောင်းကျိုးများ ပပျောက်၍ ကောင်းကျိုးအနန္တသာ ဖြစ်ပေါ်ပါစေသား။

၁၅။ အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြုတတ်သော တရား
ကုသိုလ်ဖြစ်ကြောင်း ရုပ်နာမ်အာဟာရများနှင့်သာ ပြည့်စုံခိုင်ခံ့ရပါစေသား။

၁၆။ ဣန္ဒြိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ်သော တရား
မိမိဆိုင်ရာ အမှုကိစ္စများ၌ အစိုးတရ ဖြစ်ရပါစေသား။

၁၇။ ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား
အလိုရှိရာကိစ္စများ၌ စူးစိုက်ပြုကာ ဆန့်ကျင်ဘက်ရန်ကို အောင်မြင်နိုင်ရပါစေသား။

၁၈။ မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ကုသိုလ်ထိပ်တန်း မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်တိုင်အောင် အန္တရာယ်ကင်းစွာ လျှောက်လှမ်းနိုင်ရပါစေသား။

၁၉။ သမ္ပယုတ္တပစ္စယော- တစ်သားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
မိမိစိတ်ကို ကုသိုလ်တရားများ၌ အစဉ်ယှဉ်စပ်နိုင်ရပါစေသား။

၂၀။ ၀ိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား
အကုသိုလ်တရား လူမိုက်များနှင့် မယှဉ်မတွဲရပါစေသား။

၂၁။ အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား
လောကီ လောကုတ္တရာ နှစ်ဖြာဥစ္စာ ရတနာများ ရရှိပိုင်ဆိုင်ရပါစေသား။

၂၂။ နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား
ရောဂါ ဘေးဘယာ မရှိစွာဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ နေရပါစေသား။

၂၃။ ၀ိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား
အနှောင့်အယှက် အန္တရာယ်များ ဖယ်ကာရှောင်ရှား ကင်းကွာပါစေသား။

၂၄။ အ၀ိဂတပစ္စယော- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား
ဘ၀သံသရာ ကျင်လည်ရာတွင် ဗုဒ္ဓဘာသာ သာသနာနှင့် မကွာမကင်း ကြုံဆုံရင်းဖြင့် အလင်းဥာဏ်ပေါက် နိဗ္ဗာန်ရောက်အောင် ကျင့်ဆောင်ကြိုးစားနိုင်ရပါစေသား အရှင်ဘုရား…။

[+/-] အပြည့်အစုံဖတ်မယ်...

နေရာမှန်...
6:50 PM | Author: Dhamma Yanant


Dirt is not dirt, but only something in the wrong place.
အညစ်အကြေးဆိုသည်မှာ အညစ်အကြေးမဟုတ်၊ နေရာမှားသော ပစ္စည်းသာ ဖြစ်၏။
အင်္ဂလိပ် ဝန်ကြီးချုပ် 'လော့ဒ် ပေါလ်မာစတန်'

ဆရာအောင်သင်းရဲ့ ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများထဲက 'မှတ်ထား-တဲ့' ဆောင်းပါးမှာ နေရာမှားခြင်းနဲ့ ပတ်သက်ပြီး ဖတ်လိုက်ရတော့ ရုပ်ဝတ္ထု နေရာမှားတော့ အမှိုက်ဖြစ်သလို စိတ်နေရာ မှားရင်လည်း အမှိုက်ဖြစ်သွားတတ်တာပဲလို့ အတွေးရောက်မိပါတယ်။

မြေကြီးပေါ်မှာ ရှိရမယ့် ဖုန်ဟာ မြေကြီးပေါ်မှာ ရှိနေရင် အမှိုက် မဖြစ်ပေမယ့် အသုံးအဆောင်ပစ္စည်း တစ်ခုခုပေါ် ရောက်သွားရင် အမှိုက်ဖြစ်သွားတော့တာပါပဲ။ ခေါင်းပေါ်မှာ အမြတ်တနိုး သထားတဲ့ ဆံပင်ဟာ ထမင်း၊ ဟင်း စတဲ့ စားစရာထဲ ရောက်သွားရင် အမှိုက်အဖြစ် စက်ဆုပ်ရွံရှာတတ်ကြပါတယ်။ ထမင်းပန်းကန်ထဲမှာ ရှိရမယ့် ထမင်းဟာ စာအုပ်ပေါ် ရောက်နေမယ်ဆိုရင်လည်း အမှိုက် ဖြစ်သွားတာပါပဲ။ လူကြီးတောထဲ ကလေးဝင်ရင်လည်း အမှိုက်ဖြစ်တတ်ပါတယ်။ ကလေးတောထဲ လူကြီးဝင်ရင်လည်း အမှိုက်ပါပဲ။ ဘာပဲဖြစ်ဖြစ် ရှိရမယ့်နေရာမှာ ရှိမှသာ တန်ဖိုးရှိပြီး၊ ရှိသင့်တဲ့နေရာမှာ မရှိရင် စက်ဆုပ်စရာ အမှိုက်အဖြစ် တန်ဖိုးမဲ့သွားတတ်ကြပါတယ်။

ဒီလိုပါပဲ။ စိတ်ဆိုတာလည်း ပစ္စုပ္ပန်အာရုံ တည့်တည့်မှာပဲ ကျရောက်နေမယ်၊ သူ့ကို သတိနဲ့ ဖမ်းပြီးသိပေးနေနိုင်မယ်ဆိုရင် တန်ဖိုးရှိပေမယ့် အတိတ်ကိုပြန် အနာဂတ်ကိုကြံပြီး နေရာလွဲနေမယ်ဆိုရင်တော့ များသောအားဖြင့် အကုသိုလ်တွေသာ ပွါးဖို့ဖြစ်ပြီး တန်ဖိုးမဲ့သွားတတ်ပါတယ်။ စိတ်ဟာ အတိတ်အာရုံတွေထဲမှာ ကြိုက်တာလေးတွေ ပြန်တွေးပြီး လောဘ၊ မကြိုက်တာတွေနဲ့ တွေ့တော့ ဒေါသဖြစ်ပြီး အကုသိုလ် အတိုးယူနေမယ်၊ အနာဂတ်အတွက် ကြိုတွေးပြီး သာယာနေမယ်၊ ပူပန်နေမယ်ဆိုရင်တော့ မသန့်ရှင်းတဲ့၊ ညစ်ပတ်နေတဲ့ စိတ်အမှိုက် ဖြစ်သွားမှာပါပဲ။

စိတ်ဆိုတာ အာရုံတစ်ခုတည်းကိုပဲ သိတတ်တဲ့အတွက် မိမိစိတ် ဘာဖြစ်နေတယ်ဆိုတာကို ပစ္စုပ္ပန်တည့်တည့်မှာ လိုက်သိပေးနေနိုင်ရင် တခြားဘာအကုသိုလ်အာရုံမှ ၀င်မလာနိုင်တော့ပါဘူး။ အဲဒါကို နေရာမှန်ရှိတဲ့စိတ်လို့ ဆိုချင်တာပါ။ စိတ်ကို နေရာမှန်နေစေဖို့ဆိုရင် နေရာ အမှန်၊ အမှားကို ခွဲခြားသိတတ်တဲ့ ပညာ လိုပါတယ်။ အဲဒီပညာကိုရဖို့ဆိုရင် စာကောင်းပေမွန်တွေ ဖတ်ခြင်း၊ လေ့လာသင်ကြားခြင်း၊ မိတ်ကောင်း ဆွေကောင်း၊ ဆရာသမားကောင်းများထံမှာ မေးမြန်းဆွေးနွေးခြင်း၊ သူတော်ကောင်းတရား နာကြားခြင်းများ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ နေရာမှန်ကို သိပြီဆိုရင် အဲဒီနေရာ(အာရုံ)မှန်မှာ စိတ်ကို ထားနိုင်ဖို့အတွက် ယောနိသောမနသိကာရနဲ့ မှန်ကန်စွာ နှလုံးသွင်းတတ်ဖို့လိုပါတယ်။ အဲဒီ အာရုံမှန်မှာ ဆက်လက်တည်နေစေဖို့ဆိုရင် သတိအစောင့် လိုပါတယ်။ သတိအစောင့်မြဲအောင် ဝီရိယလေးက ထောက်ပံ့ပေးရပါတယ်။ ပညာနဲ့ ထိန်းညှိထားတဲ့ ၀ီရိယလေးက သေခြင်းကင်းရာ နိဗ္ဗာန်အထိ ပို့ဆောင်ပေးပါလိမ့်မယ်။

ဒါ့အပြင် မိမိကိုယ်တိုင်ကလည်း ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်တဲ့နေရာမှာ နေနိုင်ဖို့၊ ကိုယ့်ဂုဏ်ဒြပ်နဲ့ လျော်ညီတဲ့နေရာမှာ နေတတ်ဖို့ လိုပါတယ်။ တချို့သူတွေဟာ ရှေ့သွားခေါင်းဆောင် နေရာမှာလည်း နေနိုင်တဲ့ အရည်အချင်း မရှိလို့ မနေနိုင်။ နောက်လိုက်နေရာမှာလည်း မိမိကိုယ်ကိုယ် အထင်ကြီးပြီး မနေလို။ ရှေ့လိုလို နောက်လိုလိုနဲ့ ကန့်လန့်တိုက်ပြီး အမှိုက်အဖြစ် ရှုပ်တတ်ကြပါတယ်။ အဲဒီလို မရှုပ်ဘဲ ကာယအားသန်တဲ့လူက ကာယအလုပ်နေရာ၊ ဥာဏအားသန်တဲ့လူက ဥာဏအလုပ်နေရာ ကိုယ်ကျွမ်းကျင်ရာ နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်ကြမယ်ဆိုရင် အမှိုက် ဖြစ်မလာတော့ဘဲ တန်ဖိုးတက်သွားပါလိမ့်မယ်။

နွားချေး စတဲ့ အညစ်အကြေးတွေကို မြေသြဇာအဖြစ် အသုံးပြုလိုက်တဲ့အခါ၊ စက္ကူစုတ်ကို ပြန်ကြိတ်ပြီး စာအုပ်လုပ်လိုက်တဲ့အခါ၊ ပလတ်စတစ် အမှိုက်တန်ချိန်များစွာကို ဖိအားပေးပြီး လမ်းခင်းလိုက်တဲ့အခါ အမှိုက်ဟာ အမှိုက်မဟုတ်တော့ပါဘူး။၊ ဘီယာဘူးခွံနဲ့ အိမ်ဆောက်တာတွေ၊ ပုလင်းအဖုံးတွေနဲ့ အခန်းအလှဆင်တာတွေ၊ အုန်းခွံတွေနဲ့ အနုပညာလက်ရာပစ္စည်းလေးတွေလုပ်တာတွေ စသဖြင့် နေရာမှန်အောင်သာ ထားတတ်မယ်ဆိုရင် အမှိုက်တောင်မှ အမှိုက်မဟုတ်တော့ဘဲ တန်ဖိုးရှိသွားပါတယ်။ နေရာသာမှန်မယ်ဆိုရင် ဘီလုံးငှက်ငယ်လေးတောင် အနိုင်ကျင့်နေကျ အင်အားကြီးမားတဲ့ သိန်းငှက်ကြီးကို သေပွဲဝင်အောင် စွမ်းနိုင်ပါတယ်။

မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အဆုံးအမ ရှိပါတယ်။ ''ပစ္စုပ္ပန်အချိန်ထက် ကောင်းသောအချိန်မရှိ။ ပစ္စုပ္ပန်အချိန်ကို နိဗ္ဗာန်ထိ အကျိုးရှိအောင် အသုံးချပါ'' တဲ့။ နေရာမှန်တဲ့စိတ်နဲ့ သတိပဌာန်တရား ပွါးများပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားရမှာပါ။ တစ်ဘ၀စာ၊ တစ်နှစ်စာ၊ တစ်လစာ၊ တစ်ရက်စာ၊ တစ်နာရီစာ၊ တစ်မိနစ်စာတွေ အသာထားပြီး တစ်စက္ကန့်စာလေးပဲ စိတ်ကို နေရာမှန်မှာ ထားကြည့်ပါ။ လုပ်လိုက်သမျှကို အသိကပ် နေကြည့်ခိုင်းတာပါ။ ကြည့်တာ၊ လှမ်းတာ၊ သွားတာ၊ စားတာ၊ သောက်တာ၊ အလုပ်လုပ်တာ စသဖြင့် နေ့စဉ်ကိစ္စအားလုံးကို "ငါ ဒီတစ်စက္ကန့်လေးပဲ စိတ်ကို ပစ္စုပ္ပန်တည့်တည့် နေရာမှန်ကျအောင် ထားမယ်" လို့ တစ်စက္ကန့်ချင်း ပိုင်းပြီး သတိလေးကပ်ထားကြည့်ပါ။ ပစ္စုပ္ပန်တည့်တည့်ထက် မှန်တဲ့နေရာ မရှိပါဘူး။ နေရာမှန်တဲ့စိတ်လေး တစ်ခဏဟာ သံသရာတလျှောက်လုံး နှိပ်စက်လာတဲ့ ထုထည်အင်အားကြီးမားလှတဲ့ ကိလေသာရန်သူတွေကို အပြီးတိုင် ချေမှုန်းသတ်ဖြတ်နိုင်တဲ့အထိ စွမ်းနိုင်ပါတယ်။

ဒါ့ကြောင့် မိမိတို့အနေနဲ့ လူ့အမှိုက်မဖြစ်ချင်ကြလို့ လူမှန်၊ နေရာမှန်ဖြစ်အောင် ကြိုးစားကြသလို မိမိတို့ရဲ့ စိတ်ကလေးကိုလည်း သတိပဌာန် ၀ိပဿနာနဲ့ စိတ်မှန်၊ နေရာမှန် ဖြစ်အောင် ထားနိုင်ဖို့ ကြိုးစားကြည့်ရအောင်။ အတွင်းနေရာကိုသာ မှန်အောင်ထားတတ်ပြီး စိတ်ပါမယ်ဆိုရင် အပနေရာတိုင်းဟာ တရားအားထုတ်ရာ ရိပ်သာတွေချည်းပဲ မဟုတ်ပါလား...။

[+/-] အပြည့်အစုံဖတ်မယ်...