နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

'အသင်္ချေ ဆိုတာ မရေမတွက်နိုင်အောင် များပြားသော' လို့ အဓိပ္ပါယ်ရပါတယ်။ (မရေမတွက်နိုင်ဘူးလည်း ဆိုသေးတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ ဘာလို့များ ပြောကြပါလိမ့်လို့လည်း အတွေးတစ်စ ဖြစ်ခဲ့ဖူးပါတယ်။)

တစ်နည်းပြောရရင် အသင်္ချေ = ၁ နောက်တွင် သုညပေါင်း ၁၄ဝ လုံးရှိတယ်လို့လည်း ဆိုပါတယ်။ လေးအသင်္ချေရေတွက်ပုံကတော့ ...
(၁) ဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူတဲ့ ဝရကမ္ဘာ = (ဘုရား-၄ဆူ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာပေါင်းများစွာ ဘုရားမပွင့်လို့ သုညကမ္ဘာအသင်္ချေ ကြာသွားပါတယ်။ အဲဒါကို 'သေလ အသင်္ချေ'လို့ ခေါ်ပါတယ်။
(၂) အဲဒီနောက် ... ကောဏ္ဍညဘုရားပွင့်တော်မူတဲ့ သာရကမ္ဘာ = (ဘုရားတစ်ဆူသာ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် သုညကမ္ဘာ အသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဘာသအသင်္ချေ'လို့ ခေါ်ပါတယ်။
(၃) အဲဒီနောက် ... မင်္ဂလဘုရား၊ သုမနဘုရား၊ ရေဝတဘုရား နဲ့ သောဘိတဘုရား ဆိုတဲ့ ဘုရားလေးဆူပွင့်တဲ့ ဝရကမ္ဘာပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာအသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဇေယျအသင်္ချေ'လို့ ခေါ်ပါတယ်။
(၄) အဲဒီနောက် ... အနောမဒဿီဘုရား၊ ပဒုမဘုရား နဲ့ နာရဒဘုရား ဆိုတဲ့ ဘုရားသုံးဆူပွင့်တဲ့ သာရမဏ္ဍကမ္ဘာပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာ အသင်္ချေကြာသွားပြန်ပါတယ်။ အဲဒါကို 'ရုစိယအသင်္ချေ'လို့ ခေါ်ပါတယ်။
အဲဒီလို သေလ၊ ဘာသ၊ ဇေယျ နဲ့ ရုစိယလို့ခေါ်တဲ့ ကမ္တာပေါင်း လေးအသင်္ချေအတွင်းမှာ ဘုရားပေါင်း (၁၂)ဆူ ပွင့်သွားပါတယ်။ အဲဒီနောက် ပဒုမုတ္တရဘုရားတစ်ဆူသာပွင့်တဲ့ သာရကမ္ဘာ ပေါ်ထွန်းပြီး ယခု ဂေါတမမြတ်စွာ ဘုရားပွင့်ရာ ဘဒ္ဒကမ္ဘာ= (ဘုရားငါးဆူ ပွင့်တဲ့ကမ္ဘာ) ထိ ကမ္တာပေါင်း တစ်သိန်းဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ ကမ္တာပေါင်း တစ်သိန်းအတွင်းမှာတော့ ဘုရားပေါင်း (၁၆) ဆူ ပွင့်တော် မူခဲ့ပါတယ်။
ဒီလိုနဲ့ ... လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ ဘုရားပေါင်း (၂၈) ဆူသာ ပွင့်တော်မူခဲ့ပါတယ်။ ဘုရားပွင့်ရာ ကမ္ဘာတစ်ခု ပေါ်ထွန်းလာပြီးနောက် သုညကမ္ဘာပေါင်း တမေ့တမော များစွာဖြစ်ပြီးမှ ဘုရားပွင့်ရာ ကမ္ဘာတစ်ခုပေါ်။ အဲဒီနောက် တစ်ခါ သုညကမ္ဘာတွေ တမေ့တမော များစွာပြန်ဖြစ် .......... တွေးကြည့်ရတာနဲ့တင် နက်ရှိုင်းတဲ့ အမှောင်ထုကြီးထဲမှာ ဦးတည်ရာမဲ့ အသက်လုပြီး ပြေးလွှားနေရသလို မောပန်းပြီး ကြောက်စရာကောင်းလှပါတယ်။
ဒါ့ကြောင့် ဘုရားရှင်နဲ့ တိုက်ရိုက်မကြုံပေမယ့် ဘုရားသာသနာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံနေခိုက်မို့ ရခဲလှတဲ့ဒုလ္လဘတရားတွေနဲ့လည်း ကိုက်ညီနေတုန်း အမှောင်လမ်းက စွမ်းသလောက်ရုန်းထွက် အလင်းတစ်ချက်နဲ့ သံသရာမှာ ထောက်မတ်မှုရအောင် အပျင်းမဖက် ၀ီရိယစွက်ရင်း ကြိုးစားကြဖို့ပါပဲ ... ။

[+/-] အပြည့်အစုံဖတ်မယ်...

နီးနီးဝေးဝေး ရန်သူ
8:07 AM | Author: Dhamma Yanant

'မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ' ဆိုတဲ့ မေတ္တာပို့လေးကို ကြားဖူးကြမှာပါ။ အကျိုးစီးပွားကို လိုလားခြင်း သဘောရှိတဲ့ မေတ္တာရဲ့ ဆန့်ကျင်ဘက်ရန်သူဟာ ဒေါသဆိုတာ အလွန်ထင်ရှားပါတယ်။

ဒါပေမယ့် ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူပါ။ ရေနဲ့ မီး၊ အအေးနဲ့ အပူ၊ ကောင်းကွက်ရှုတာနဲ့ မကောင်းကွက်ရှုတာ အဲဒီလို သဘောအားဖြင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေလို့ ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူ ဖြစ်ရတာပါ။ မေတ္တာလည်း ပွားမယ်။ ဒေါသလည်း ထွက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မေတ္တာပွားနေရင် ဒေါသမလာနိုင်ပါဘူး။
ဒါဆို အနီးရန်သူက ဘာလဲဆိုရင် ချစ်ခြင်းလို့ခေါ်တဲ့ ရာဂပါ။ ဘာလို့လဲဆိုရင် မေတ္တာကလည်း ကောင်းကွက်ကို ရှုတယ်။ ချစ်တာကလည်း ကောင်းကွက်ကို ရှုတယ်။ အဲဒီလို သဘောတူနေလို့ ကောင်းကွက်ကို ရှုရင်း၊ ရှုရင်းကနေ တစ်ခါတစ်ရံ မေတ္တာကို ကျော်လွန်ပြီး ချစ်တာဖြစ်သွားတတ်လို့ပါ။ မေတ္တာပွားရင် ကုသိုလ်ဖြစ်ပြီး ချစ်တာပွားရင် အကုသိုလ်ဖြစ်သွားမှာပါ။ ဒီလို ကုသိုလ်ကနေ အကုသိုလ်ဖြစ်သွားတတ်လို့ ရာဂဟာ မေတ္တာရဲ့ အနီးရန်သူ ဖြစ်ရတာပါ။

နောက်တစ်ခု- သနားခြင်းသဘောရှိတဲ့ ကရုဏာရဲ့ ထင်ထင်ရှားရှား အဝေးရန်သူကတော့ သနားခြင်းရဲ့ဆန့်ကျင်ဘက် ညှင်းဆဲခြင်း ဝိဟိံသပါ။ သနားနေရင် ညှင်းဆဲခြင်း မဖြစ်နိုင်ပါဘူး။
ကရုဏာရဲ့ အနီးရန်သူကတော့ (ကာမဂုဏ်ကို မှီတဲ့) စိတ်ဆင်းရဲခြင်း ဒေါမနဿပါ။ လိုချင်တာ မရလို့၊ ရပြီးသား ပျက်စီးသွားလို့ စိတ်ဆင်းရဲတာကို (ကာမဂုဏ်ကို မှီတဲ့) ဒေါမနဿလို့ ခေါ်ပါတယ်။ ဒေါမနဿကလည်း ပျက်စီးသွားခြင်းဆိုတဲ့ ဝိပ္ပတ္တိကို ရှုတယ်။ ကရုဏာကလည်း ပျက်စီးသွားခြင်းဆိုတဲ့ ဝိပ္ပတ္တိကို ရှုတယ်။ အဲဒီလို သဘောခြင်းတူနေတဲ့အတွက် ကရုဏာဆိုတဲ့ ကုသိုလ်ပွားနေရင်းကနေ ဒေါမနဿဆိုတဲ့ အကုသိုလ်သဘောကို အလွယ်တကူ ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

သူများကြီးပွားတာကို ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာရဲ့ အဝေးရန်သူကတော့ မမွေ့လျော်တဲ့ အရတိ ဖြစ်ပါတယ်။ ဝမ်းမြောက်ခြင်းနဲ့ မပျော်မွေ့ခြင်းဟာ သဘောခြင်း ဆန့်ကျင်တဲ့ အတွက်ကြောင့် အဝေးရန်သူတွေ ဖြစ်ရပါတယ်။ ဝမ်းမြောက်ခြင်း ဖြစ်နေရင် မပျော်မွေ့ခြင်း မဖြစ်နိုင်ပါဘူး။ (တနည်း - သူတပါးကို မနာလိုတဲ့ ဣဿာဆိုတာလည်း မုဒိတာရဲ့ ဆန့်ကျင်ဘက်ပါပဲ။)
မုဒိတာရဲ့ အနီးရန်သူကတော့ ကာမဂုဏ်ကိုမှီတဲ့ သောမနဿပါ။ လိုချင်တာတွေ ရလို့၊ အရင်တုန်းက ရဖူးလို့ ဝမ်းမြောက်နေတာကို ကာမဂုဏ်ကိုမှီတဲ့ သောမနဿလို့ ခေါ်ပါတယ်။ ပြည့်စုံခြင်းဆိုတဲ့ သမ္ပတ္တိကို ရှုခြင်း သဘောအားဖြင့် မုဒိတာနဲ့ သောမနဿဟာ တူနေပါတယ်။ ကုသိုလ်သဘော မုဒိတာ ပွားနေရင်းကနေ လောဘသဘော သောမနဿကို အလွယ်တကူ ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

ချစ်ခြင်း၊ မုန်းခြင်း မရှိတဲ့ ဥပေက္ခာရဲ့ အဝေးရန်သူကတော့ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ ရာဂနဲ့ ပဋိဃတို့ပါပဲ။ ဥပေက္ခာပွားနေရင် ချစ်ခြင်း၊ မုန်းခြင်း မဖြစ်နိုင်ပါဘူး။
ဥပေက္ခာရဲ့ အနီးရန်သူကတော့ ဉာဏ်ကင်းတဲ့ အဉာဏုပေက္ခာပါ။ ဂုဏ်၊ အပြစ်ကို မရှုမဆင်ခြင်ခြင်း သဘောအားဖြင့် တူသောကြောင့် အနီးရန်သူ ဖြစ်ရတာပါ။ ဂုဏ်ကိုဆင်ခြင်ရင် ချစ်ခြင်းဖြစ်နိုင်ပြီး အပြစ်ကို ဆင်ခြင်ရင် မုန်းခြင်း ဖြစ်နိုင်လို့ တမင်မရှုတဲ့ ဥပေက္ခာပွားနေရင်းကနေ ဂုဏ်အပြစ်ကို မခွဲခြား မသိမြင်လို့ မရှုမဆင်ခြင်တဲ့ အဉာဏုပေက္ခာအဖြစ် ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

ဆန့်ကျင်ဘက်ဖြစ်နေရင် ရန်သူဆိုတာ ထင်ရှားပေမယ့် အာရုံတူစွာ လာရောပြီး ပူးသတ်တတ်တဲ့ အနီးရန်သူကိုတော့ သတိပြုမိခဲတတ်ကြပါတယ်။ ဒါ့ကြောင့် ဆင်တူရိုးမှား သတိပြုပါဆိုတဲ့ စကားလိုပဲ အနီးရန်သူနဲ့ အဝေးရန်သူ ဘယ်ရန်သူကို ပိုဂရုစိုက်ရမလဲဆိုတာ သတိချပ်စေလိုပါကြောင်း ...။

[+/-] အပြည့်အစုံဖတ်မယ်...

ကြားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။
အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။)
ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။ (အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။ ခဏသာ ခါးပေမယ့် ပြီးရင် နာကျင်ဆင်းရဲမှုတွေ ပျောက်ပြီး ချမ်းသာရာ ရောက်ရမှာပါ။) ( ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ရွှေပန်းခိုင်လေးနဲ့ ပူဇော်ဖို့လာတဲ့ ရေဝတီဆိုတဲ့ ကလေးမလေး လူအုပ်ကြီးနင်းခံရလို့ သေသွားသလို၊ ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဥပါသကာကြီး လူသတ်ခံရလို့ သေသွားသလို မျက်မြင်အားဖြင့် (ကောင်းတာလုပ်ရင်းက) ကံဆိုးရသလိုလိုနဲ့ အမှန်က သူတို့ ဝဋ်ကြွေးမြန်မြန်ကျေပြီး ပိုကောင်းတဲ့ ဘဝကို ရရှိသွားကြတာမျိုးပါ။)

သတ္တဝါတို့ကို စီမံတတ်တဲ့ ကံက (၄) မျိုးရှိပါတယ်။
အဲဒါတွေကတော့-
(၁) ဖြစ်စေတတ်တဲ့ကံ (ဇနကကံ)
(၂) ထောက်ပံ့တတ်တဲ့ကံ (ဥပတ္ထမ္ဘကကံ)
(၃) ညှင်းပန်းနှိပ်စက်တတ်တဲ့ကံ (ဥပပီဠကကံ)
(၄) သတ်ဖြတ်တတ်တဲ့ကံ (ဥပဃာတကကံ) တို့ပါပဲ။

(၁) ဇနကကံ - ကောင်းတဲ့ အကျိုးကိုပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ အကျိုးကိုပဲဖြစ်ဖြစ် ဖြစ်စေတတ်တဲ့ကံပါ။
(၂) ဥပတ္ထမ္ဘကကံ - ပေးပြီးသား ကောင်းကျိုးကို ပိုကောင်းအောင်၊ မကောင်းကျိုးကို ပိုဆိုးအောင် ထောက်ပံ့တတ်တဲ့ကံပါ။
(၃) ဥပပီဠကကံ - ပေးပြီးသား ကောင်းကျိုးကို အားနည်းအောင်၊ မကောင်းကျိုးကိုလည်း အားပျော့အောင် နှိပ်စက်တတ်တဲ့ကံပါ။
(၄) ဥပဃာတကကံ - ကောင်းကျိုးကို ပြတ်တောက်စေပြီး မကောင်းကျိုးကို ဖြစ်စေတတ်၊ မကောင်းကျိုးကို ပြတ်တောက်စေပြီး ကောင်းကျိုးကို ဖြစ်စေတတ်တဲ့ကံပါ။

ဥပမာ -
(၁) လူဘဝကိုရခြင်းဟာ ကုသိုလ်ဇနကကံကြောင့်ပါ။
(၂) ထိုလူ ကျန်းမာ၊ ချမ်းသာနေခြင်းဟာ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။
(၃) ထိုလူ ရောဂါထူ၊ ဆင်းရဲနေခြင်းဟာ အကုသိုလ်ဥပပီဠကကံက ညှင်းဆဲလို့ပါ။
(၄) ထိုလူ သေဆုံးသွားခြင်း၊ လူ့ဘဝပြတ်သွားခြင်းဟာ အကုသိုလ် ဥပဃာတကကံက သတ်ဖြတ်လို့ပါ။

နောက်ဥပမာတစ်ခု -
(၁) ခွေးဘဝရခြင်းဟာ အကုသိုလ် ဇနကကံကြောင့်ပါ။
(၂) ခွေးပိန်၊ ခွေးဝဲစားဖြစ်ခြင်းဟာ အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ပါ။
(၃) ချမ်းသာတဲ့သူက အဲဒီခွေးကို ကောက်ယူမွေးစားပြီး ကောင်းမွန်စွာ စားသောက်နေထိုင်ရခြင်းဟာ ကုသိုလ် ဥပပီဠကကံက (ခွေးရဲ့အကုသိုလ်ကံကို အားနည်းသွားအောင်) နှိပ်စက်လို့ပါ။
(၄) ခွေးဘဝ ပြတ်စဲသေဆုံးသွားပြီး ကောင်းရာဘဝရောက်ခြင်းဟာ ကုသိုလ် ဥပဃာတကကံက (အကုသိုလ်ကံကို) ဖြတ်တောက်လိုက်လို့ပါ။

ကုသိုလ်ဇနကကံကြောင့် ထီပေါက်တယ်။
ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ဆုကြီးကြီး ပေါက်တယ်။
အကုသိုလ်ဥပပီဠကကံကနှိပ်စက်လို့ ဆုသေးသေးလေးပဲ ပေါက်တယ်။
အကုသိုလ်ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ထီလက်မှတ်ပျောက်လို့ တစ်ပြားမှမရ ဖြစ်ရပါတယ်။

အကုသိုလ် ဇနကကံကြောင့် ကားမှောက်တယ်။
အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။
ကုသိုလ် ဥပပီဠကကံက နှိပ်စက်လို့ ဒဏ်ရာအနည်းငယ်သာ ရတယ်။
ကုသိုလ် ဥပဃာတကကံက ဖြတ်တောက်လိုက်လို့ ဘာဒဏ်ရာမှ မရဘဲ အနာလွတ်ကင်း ချမ်းသာရတယ်။

ဒီလိုပါပဲ ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာခြင်း၊ တိုးတက်လာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပျက်စီးသွားခြင်းများ စသည်ဖြင့် အကျိုးတရားတွေကို မိမိဥာဏ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။
ဖြစ်စေတတ်တဲ့ ဇနကကံပေါ် မူတည်ပြီး တိုးတက်မှာလား၊ ဆုတ်ယုတ်မှာလား၊ ပျက်စီးသွားမှာလားဆိုပြီး ကျန်တဲ့ကံ(၃)ပါးအနက် တစ်ပါးပါးက လာတွဲမှာပါ။
ဖြစ်စေတတ်တဲ့ကံကို - အမျိုးတူတဲ့ကံက (ကုသိုလ်ကို ကုသိုလ်က) (အကုသိုလ်ကို အကုသိုလ်က) ထောက်ပံ့ပြီး၊
အမျိုးမတူတဲ့ကံက (ကုသိုလ်ကို အကုသိုလ်က) (အကုသိုလ်ကို ကုသိုလ်က) ညှင်းဆဲနှိပ်စက်၊ သတ်ဖြတ်ကြပါတယ်။

ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ
နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ ဆိုပြီး အမျိုးအစားကွဲကြပါတယ်။

ကောင်းကျိုးကို ဆိုရင်-
ကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံတယ်။
အကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။

မကောင်းကျိုးကို ဆိုရင်-
အကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံ့တယ်။
ကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။

အတိတ် ဇနကကုသိုလ်ကံကြောင့် ကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် ကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးအားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးပြတ်သွားအောင် ဖြတ်တောက်မယ်။

အတိတ် ဇနက အကုသိုလ်ကံကြောင့် မကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် အကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး အားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး ပြတ်သွားအောင် ဖြတ်တောက်မယ်။

တစ်နည်းအားဖြင့် -
ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်ဇနကကံကို အတိတ်ကံတို့က ထောက်ပံ့၊ ညှင်းဆဲ၊ သတ်ဖြတ်ကြတယ်။ ပစ္စုပ္ပန် ကောင်းမှု / မကောင်းမှုတို့ကို အတိတ်ကောင်းမှု / မကောင်းမှုတို့က ထောက်ပံ့တဲ့အခါ ကုသိုလ် / အကုသိုလ်လေး နည်းနည်းပြုရုံနဲ့ ကောင်းကျိုး / ဆိုးကျိုး များစွာရနိုင်ပါတယ်။ 'ရေလာမြောင်းပေး' ဆိုသလိုပဲ အတိတ်ကံ ရေလာချင်ပေမယ့် ပစ္စုပ္ပန်မြောင်း မဖောက်ရင် လာနိုင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ...
ကောင်းကျိုးလိုလားရင် ပစ္စုပ္ပန်မှာ ကောင်းမှု လုပ်မှသာ အတိတ်ကောင်းမှုကံတို့ ထောက်ပံ့ခွင့်ကို ရပါမယ်။
မကောင်းကျိုး မလိုလားရင် ပစ္စုပ္ပန်မှာ မကောင်းမှု မလုပ်မှသာ အတိတ်မကောင်းမှုကံတွေလည်း အကျိုးပေးခွင့်မသာမှာပါ။

ပစ္စုပ္ပန် ကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်အကုသိုလ်ကံတွေ ဝင်ရောက် နှိပ်စက်ရင် ကောင်းကျိုးတွေ အားနည်းပြီး မှန်းသလောက် မပေါက်မြောက်ပဲ ဖြစ်တတ်ပါတယ်။ အတိတ်အကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ ကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး ကောင်းမှုတွေ ပြုနေပေမယ့်လည်း မကောင်းကျိုးတွေပဲ ခံစားနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။

ပစ္စုပ္ပန် မကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်ကုသိုလ်ကံတွေက အဲဒီ့မကောင်းမှုကံကို နှိပ်စက်ရင် မကောင်းကျိုးတွေ အားနည်းပြီး ထင်သလောက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အတိတ်ကုသိုလ်ကံက ဝင်ရောက် ဖြတ်တောက်ပစ်ရင်တော့ မကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး မကောင်းမှုပြုနေပေမယ့် ကောင်းကျိုးတွေ ခံစားနေကြရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။

အဲဒီတော့ သတ္တဝါတွေကို စီမံနေတာက မိမိတို့ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပါ။
ဒီကံတွေကလည်း အတိတ် နဲ့ ပစ္စုပ္ပန်ပေါင်းပြီး ခြယ်လှယ်နေကြတာပါ။
အတိတ်ကံက အမေနဲ့တူပြီး၊ ပစ္စုပ္ပန်ကံက အဖေနဲ့တူပါတယ်။ တစ်နည်းပြောရရင်... ပစ္စုပ္ပန်ကံက အမေနဲ့တူပြီး၊ အတိတ်ကံက အဖေနဲ့ တူပါတယ်။ အမေက မွေးထုတ်လိုက်ပြီး တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဟာ အဖေ့ရဲ့ စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီးမှီသလိုပါပဲ။
မိမိတို့က ကံတွေကို ပြုလုပ်စီမံခဲ့တော့ ကံတွေရဲ့ စီမံပြုလုပ်ခြင်းကို မိမိတို့ပဲ ပြန်ခံကြရတာပေါ့။ ကံစီမံတာ မခံချင်ဘူးဆိုရင်တော့ ကံကို မစီမံမှ ဖြစ်မှာပါ။ ကံကို မစီမံ မပြုလုပ်ရဘူး ဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။ သတ္တဝါတွေဆိုတာ အချိန်နဲ့အမျှ ကုသိုလ်ကံမပြုရင် အကုသိုလ်ကံတွေ ပြုနေကြတာပါ။ (ကာယ၊ ဝစီ၊ မနောမှာ ကုသိုလ်ကံ မဖြစ်သမျှ အကုသိုလ်ကံတွေ ဖြစ်နေတာပါ။)

ကံကို မစီမံချင်ရင်၊ မပြုလုပ်ချင်ရင် ကံကို ဖြတ်တောက်ပစ်ရမှာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ ၂-မျိုးလုံးကို ဖြတ်တောက်ပစ်ရမှာပါ။ ဖိနပ်အကောင်းစားစီးပြီး ပြေးတဲ့လူနဲ့ ဖိနပ်အစုတ်/ ဖိနပ်မပါဘဲ ပြေးတဲ့လူ- မောတာချင်းကတော့ အတူတူပါပဲ။ အပြေးရပ်မှကို ချမ်းသာမှာပါ။
အပြေးရပ်သလို ကံဖြတ်ဖို့ဆိုရင် ရဟန္တာဖြစ်မှ ကံကပြတ်မှာပါ။ ရဟန္တာဟာ ကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ အကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ ရဟန္တာကို ကုသိုလ်၊ အကုသိုလ် မပြုသူလို့ ခေါ်ပါတယ်။ ရဟန္တာများပြုတဲ့ ကုသိုလ်များဟာ ကုသိုလ်မမည်တော့ဘဲ ပြုကာမတ္တ ကြိယာသာ မည်ပါတော့တယ်။ အဆံမအောင်တဲ့ မျိုးစေ့လို အပင်ကို မဖြစ်စေတော့တဲ့အတွက် မျိုးစေ့အဖြစ်သုံးလို့ မဖြစ်တော့ပါဘူး။ မျိုးစေ့မဟုတ်တဲ့ သစ်စေ့လို ကုသိုလ်မဟုတ်တဲ့ ကြိယာ ဖြစ်သွားပါတယ်။
အဲဒီတော့ ရဟန္တာတွေလို ကံပြတ်သွားအောင် ကံဖြတ်ရပါမယ်။ ကံကို ဘယ်လိုဖြတ်မလဲဆိုတော့... ဝိပဿနာကုသိုလ်ကံကို ပြုရင်းနဲ့ပဲ ဖြတ်ရမှာပါ။ ဝိပဿနာကုသိုလ်ကံတွေ ပြုပါများတော့ ဝိပဿနာဥာဏ်တွေ ရင့်သန်လာပြီး အဆင့်ဆင့် အရိယာမဂ်၊ ဖိုလ်တို့ရဲ့ နောက်ဆုံး အရဟတ္တမဂ်ဥာဏ်ကိုရပြီး သံသရာလည်စေတတ်တဲ့ ကံအားလုံး ပြတ်သွားတော့တာပါပဲ။ မရှိတော့တဲ့ကံက ဘာကိုများ စီမံနိုင်ဦးမှာတဲ့လဲ ...။

[+/-] အပြည့်အစုံဖတ်မယ်...

၁၅၀၀ နဲ့ ၅၂၈
6:50 PM | Author: Dhamma Yanant

ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။

ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။

အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
(၁) လောဘ - လိုချင်တာ
(၂) ဒေါသ - ကြမ်းတမ်းတာ၊ စိတ်ထိခိုက်တာ
(၃) မောဟ - မသိတာ
(၄) မာန - ထောင်လွှားတာ
(၅) ဒိဋ္ဌိ - အယူမှားတာ
(၆) ဝိစိကိစ္ဆာ - သံသယဖြစ်တာ
(၇) ထိန - မလန်းဆန်းတာ
(၈) ဥဒ္ဓစ္စ - စိတ်ပျံ့လွင့်တာ
(၉) အဟိရိက - မကောင်းတာလုပ်ဖို့ မရှက်တာ
(၁ဝ) အနောတ္တပ္ပ - မကောင်းတာလုပ်ဖို့ မကြောက်တာ တွေပါ။

အဲဒီ ကိလေသာတွေက-
စိတ် (၁)ခု၊
စေတသိက် (၅၂) ခု၊
နိပ္ဖန္နရုပ် (၁၈)ခု၊
လက္ခဏရုပ် (၄)ခု ဆိုတဲ့ (၇၅) ခုသော ရုပ်၊ နာမ်တရားတွေကို အာရုံပြုပါတယ်။ အဲဒီတရားတွေဟာ ကိုယ့်သန္တာန်၊ သူများသန္တာန် ၂ မျိုးလုံးမှာရှိလို့ (၇၅x၂) = ၁၅ဝ ဖြစ်သွားပါတယ်။ ကိလေသာ ၁-ပါးမှာ အာရုံ (၁၅ဝ)ရှိတော့ ကိလေသာ (၁ဝ)ပါးဆိုတော့ ၁၅ဝဝ - ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီ့ ၁၅ဝဝ လုံးဟာ တပြိုင်နက် မဖြစ်နိုင်ပါဘူး။

အခု လူအများစု သိထားကြတဲ့ ၁၅၀၀ အချစ်ဆိုတာ ကာမရာဂလို့ခေါ်တဲ့ တဏှာ=လောဘကို အခြေခံပြီး တောင်းနေကြ ပေးနေကြတာပါ။ ၁၅ဝဝ ပေးလိုက်တယ်ဆိုပြီး ကိုယ့်ဆီက ဘယ်ကိလေသာမှ လျှော့သွားမှာ မဟုတ်သလို ယူလိုက်ရလို့လည်း အရေအတွက် တိုးလာမှာ မဟုတ်ပါဘူး။ လောဘထု စတာတွေသာလျှင် တိုးလာမှာပါ။

ချစ်သူရည်းစားလို၊ ဇနီးခင်ပွန်းလို ချစ်မှ ၁၅ဝဝ မဟုတ်ပါဘူး။ လိုချင်မှု လောဘသာပါမယ်ဆိုရင် ဘယ်လိုချစ်ခြင်းပဲဖြစ်ဖြစ် ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ ချစ်တာမှ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင်လည်း ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ မုန်းခြင်းဆိုတာ ဒေါသကိလေသာပါ။ တခြား မာနပြိုင်နေကြသူတွေ စတာတွေဟာလည်း ၁၅ဝဝ ပိုင်ရှင်တွေပဲဆိုတာ ကိလေသာ ဆယ်ပါးကို ဖတ်ကြည့်လိုက်ရင် သတိပြုမိမှာပါ။

၅၂၈- ဆိုတာကတော့-
၁။ သဗ္ဗေ သတ္တာ = ခန္ဓာကို တွယ်တာတတ်တဲ့ သတ္တဝါ အားလုံး
(က) အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
(ခ) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
(ဂ) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ။
၂။ သဗ္ဗေ ပါဏာ = ထွက်သက်၊ ဝင်သက်ရှိသော သတ္တဝါ အားလုံး
၃။ သဗ္ဗေ ဘူတာ = ကံ၊ ကိလေသာကြောင့် ဖြစ်သော သတ္တဝါ အားလုံး
၎။ သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် အားလုံး
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ = ခန္ဓာ၊ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါ အားလုံး
(ဒီ ၅-ပါးက ဘယ်သူဘယ်ဝါလို့ မရည်ညွှန်းဘဲ သတ္တဝါအားလုံးကို ဆိုလိုတဲ့အတွက် အနောဓိသ လို့ခေါ်ပါတယ်။)

၆။ သဗ္ဗာ ဣတ္ထိယော = မိန်းမ အားလုံး
၇။ သဗ္ဗေ ပုရိသာ = ယောက်ျား အားလုံး
၈။ သဗ္ဗေ အရိယာ = အရိယာ အားလုံး
၉။ သဗ္ဗေ အနရိယာ = အရိယာ မဟုတ်သူ (ပုထုဇဉ်) အားလုံး
၁ဝ။ သဗ္ဗေ ဒေဝါ = နတ်၊ ဗြဟ္မာ အားလုံး
၁၁။ သဗ္ဗေ မနုဿာ = လူ အားလုံး
၁၂။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်သတ္တဝါ အားလုံး
(နောက် ၇-ပါးကတော့ မိန်းမ၊ ယောက်ျား ရည်ညွှန်းပိုင်းခြားထားလို့ သြဓိသ လို့ခေါ်ပါတယ်။)

အဲဒီ မေတ္တာခံ (၁၂) ပါးကို အဝေရာ ဟောန္တု စသော ပွားနည်း (၄) ပါးနဲ့ မြှောက်လိုက်ရင် ၄၈- ပါး ရပါတယ်။
အဲဒီ ၄၈-ပါးကို အရပ် (၁ဝ) မျက်နှာ တစ်ခုစီပို့တော့ (၄၈x၁ဝ)= ၄၈ဝ ရပါတယ်။
အဲဒီ ၄၈ဝ ကို အရပ်မပိုင်းခြားရသေးတဲ့ မူလ ၄၈-နဲ့ ပေါင်းတော့ = ၅၂၈ ရပါတယ်။
ဒီတော့ သတ္တဝါတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာခြင်း စတဲ့ အကျိုးစီးပွားကို လိုလားခြင်းသာလျှင် အေးချမ်းတဲ့ မေတ္တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေများ သာမက ချစ်သူ ရည်းစား ခင်ပွန်းဇနီးများပါ (ကိုယ့်အတွက် လောဘမပါဘဲ) သူ့အကျိုးစီးပွား သက်သက်ကို လိုလားမယ်ဆိုရင် ၅၂၈ ထဲမှာ ပါဝင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ကတော့ ချစ်သူ၊ မုန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ၊ မိဘ မောင်နှစ်မ ပုဂ္ဂိုလ်မရွေး ... ကိလေသာ (၁ဝ) ပါးကို အခြေခံရင် ၁၅ဝဝ ထဲမှာ ပါနေပြီး၊ အကျိုးလိုလားမှုကို အခြေခံရင် ဘယ်သူပဲဖြစ်ဖြစ် ၅၂၈ ထဲမှာပါတယ်ဆိုတဲ့အကြောင်း မေတ္တာလောင်းပြီး သုတပေါင်းပေးကြည့်တာပါ...။

[+/-] အပြည့်အစုံဖတ်မယ်...

လက္ခီယတီတိ လက္ခဏံ။
လက္ခီယတေ ဧတေနာတိ လက္ခဏံ။

မှတ်သားအပ်လို့ လက္ခဏာ လို့ခေါ်ပါတယ်။ လက်မှာပါလို့ လက္ခဏာ။ ခြေမှာပါရင် ခြေခဏာ အဲဒီလို မဟုတ်ပါဘူး။ ဘယ်နားပါပါ၊ အမှတ်အသားကိုသာ လက္ခဏာလို့ ခေါ်တာပါ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှာ ယောက်ျားမြတ်တို့ရဲ့ လက္ခဏာ (မဟာပုရိသလက္ခဏာ) ၃၂- ပါး ရှိပါတယ်။ လက္ခဏာတော်ကြီး ၃၂- ပါးလို့ ခေါ်ပါတယ်။ လက္ခဏာတော်ငယ် ၈ဝ- ရှိပါတယ်။ မဟာပုရိသ လက္ခဏာနဲ့ ပြည့်စုံတဲ့သူဟာ လူ့ဘဝမှာနေရင် စကြဝတေးမင်း၊ ရဟန်းပြုရင် ဘုရားစင်စစ် ဧကန်ဖြစ်ပါတယ်။

စကြဝတေးမင်းလက္ခဏာပါတိုင်း စကြဝတေးမင်း ဖြစ်ပါသလား။ (စက်လက္ခဏာနှင့် ပြည့်စုံပေမယ့် ညောင်ရမ်းမင်းသားလေးဟာ စကြဝတေးမင်း မဖြစ်ခဲ့ပါဘူး။) စကြဝတေးမင်းကျင့်ဝတ်ကို ကျင့်မှသာ စကြာရတနာ ဖြစ်ပေါ်ပြီး စကြဝတေးမင်း ဖြစ်ပါတယ်။ (စကြဝတေးမင်း ကျင့်ဝတ်ကို ပါထိကဝဂ် - စက္ကဝတ္တိသုတ် မြန်မာပြန် - ၅၁ ၌ ဖတ်ရှုနိုင်ပါသည်။) ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်လည်း ဘုရားဖြစ်ကြောင်း ကျင့်စဉ်တို့ကို ကျင့်တော်မူပြီးမှသာ ဘုရားဖြစ်တော်မူပါတယ်။

ဒါ့ကြောင့် လက္ခဏာဆိုတာ အတိတ်ကံရဲ့ အမှတ်အသားမျှသာ ဖြစ်ပါတယ်။ အဲဒီကံရဲ့ ကောင်းကျိုး ပြည့်စုံဖို့၊ မကောင်းကျိုးများ ပျောက်ပျက်ဖို့ကတော့ ပစ္စုပ္ပန်ကံတွေနဲ့ ဖြည့်တန်ဖြည့်၊ ဖျောက်တန်ဖျောက် ရမှာပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံ ပြောင်းရင် လက္ခဏာများလည်း ပြောင်းတတ်တဲ့ သဘောရှိတယ်လို့ (လက်ဖ၀ါးပေါ်က) အမှတ်အသားတွေကို ယုံကြည်လွန်းသူများ သတိထားမိစေချင်ပါတယ်။

လက္ခဏာဆိုတာ အကြောင်းတရားမဟုတ်ပါဘူး။ ကံသည်သာလျှင် အကြောင်းတရား ဖြစ်ပါတယ်။ အကြောင်းကံတရားများကို ဆည်းပူးခဲ့လို့ လက္ခဏာတွေ ပေါ်လာပြီး အဲဒီလက္ခဏာရှိတဲ့သူများ ခံစားရတဲ့ အကျိုးတရားတွေကို ခံစားရတာပါ။ ကောင်းကျိုးလက္ခဏာတွေကို ဗုဒ္ဓရှင်တော်ရဲ့ မဟာလက္ခဏာတော်ကြီးများနဲ့ တွဲစပ်ပြီး သဘောလောက် ဖော်ပြချင်ပါတယ်။

ကုသိုလ်ကောင်းမှုနဲ့၊ ကျင့်ဝတ်တရားတွေကို ဝတ်မပြတ်ပုံမှန် လုပ်ဆောင်ခဲ့လို့ (၁) ခြေဖဝါးတော် ညီညာပြီး ရန်သူတွေက မပိတ်ပင် မတားဆီးနိုင်ပါဘူး။

လူအများကို ဘေးကင်းအောင် တရားနှင့်အညီ စောင့်ရှောက်ခြင်း၊ လှူဒါန်းရာမှာ စုံစုံလင်လင် အခြံအရံများနဲ့ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့လို့ (၂) ခြေဖဝါးအပြင်မှာ စက်လက္ခဏာတော် ဖြစ်ပေါ်ပြီး အခြံအရံ များပါတယ်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပြီး သတ္တဝါတွေကို သနားကာ အစီးအပွား လိုလားစောင့်ရှောက်ခဲ့လို့ (၃) ရှည်သော ဖနောင့်ရှိ။ (၄) ရှည်သော ခြေချောင်း၊ လက်ချောင်းရှိ။ (၅) ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိပြီး သူတစ်ပါးက မသတ်ဖြတ်နိုင်ဘဲ အသက်ရှည်ပါတယ်။

စားကောင်း သောက်ဖွယ်တွေ လှူဒါန်းခဲ့လို့ (၆) လက်ဖမိုး-၂ ခု၊ ခြေဖမိုး-၂ ခု၊ ပခုံး-၂ ခု၊ လည်ကုပ်- ၁ ခု အားဖြင့် အရပ်(၇)ပါး အသားပြည့်ဖြိုးပြီး မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ ရရှိပါတယ်။

လူအများကို သင်္ဂဟတရားလေးပါးနဲ့ ချီးမြှောက်ခဲ့လို့ (၇) နူးညံ့သော။ (၈) ညီညာသော လက်ခြေရှိပြီး ညီညွတ်သော ပရိသတ် ရှိပါတယ်။

(ကိုယ့်လက်အောက်ငယ်သားတွေ မညီညွတ်ရင်လည်း အလွန်စိတ်ပျက်စရာကောင်း ပါတယ်။ သင်္ဂဟတရားလေးပါးဆိုတာက ပေးသင့်သူကိုပေး၊ ချိုချိုသာသာပြောသင့်သူကို ချိုချိုသာသာပြော၊ အကျိုးဆောင်ပေးသင့်သူကို အကျိုးဆောင်ပေး၊ ကိုယ်နဲ့ထပ်တူထားသင့်သူကို ထပ်တူထားခြင်းတို့ပါပဲ။ ဒါဆို ညီညွတ်သော ပရိသတ်ကို ရရှိမှာ ဖြစ်ပါတယ်။)

အကျိုးရှိတဲ့စကား၊ တရားစကားတို့ကို ပြောခဲ့၊ တရားအလှူကို လှူခဲ့လို့ (၉) မြင့်သော ဖမျက်ရှိ။ (၁၀) လက်ျာရစ်လည်ကာ အထက်သို့ ကော့တက်နေတဲ့ မွေးညှင်းတော်ရှိပြီး အကြီးဆုံး၊ အမြတ်ဆုံး၊ အချီးမွမ်းအပ်ဆုံးသူ ဖြစ်ရပါတယ်။

အတတ်ပညာတို့ကို လွယ်ကူလျင်မြန်စွာ တတ်မြောက်အောင် သေသေချာချာ သင်ကြားပို့ချပေးခဲ့လို့ (၁၁) ပြေပြစ်သော မြင်းခေါင်းတော်ရှိပြီး ပစ္စည်းပရိက္ခရာနဲ့ ပရိတ်သတ်လေးပါး လျင်မြန်စွာ ရရှိပါတယ်။

ပညာရှိတို့ထံ ချဉ်းကပ်ပြီး သိလိုရာကို အဖန်ဖန် မေးမြန်းခဲ့လို့ (၁၂) အသားအရေ ချောမွေ့ပြီး ပညာဉာဏ် ကြီးပါတယ်။ ပညာအရာမှာ သာသူမပြောနဲ့၊ တူသူတောင် မရှိပါဘူး။

ဒေါသမထွက်ခဲ့၊ ဒေါသကို ထင်ရှားမပြခဲ့၊ ရန်ငြိုးမဖွဲ့ခဲ့ / နူးညံ့သိမ်မွေ့တဲ့ အဝတ်တန်ဆာတွေကို လှူဒါန်းခဲ့လို့ (၁၃) ရွှေအဆင်း အသားအရေရှိပြီး ထူးကဲလွန်မြတ်တဲ့ အဝတ်သင်္ကန်း၊ အခင်းတို့ကို ရလွယ်ပါတယ်။ ကောင်းမှုတွေလည်းပဲ မပျက်မစီး တည်ရှိပါတယ်။

ကွဲကွာနေသူတွေကို ပေါင်းဆုံစေ/ ညီညွတ်စေခဲ့လို့ (၁၄) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ် ရှိပြီး စကားကို လိုက်နာတဲ့ တပည့်သာဝကများစွာ ရှိပါတယ်။

ပုဂ္ဂိုလ်ကိုလိုက်၍ ဂုဏ်နဲ့လျော်စွာ ထိုက်ထိုက်တန်တန် ပေးလှူခဲ့လို့ (၁၅) ပညောင်ပင်ကဲ့သို့ ဝန်းသောကိုယ် ရှိကာ (ပုအိုင့်အိုင့်/ ရှည်မျောမျော မဟုတ်ဘဲ လက်နှစ်ဘက်ဘေးကို ဆန့်ထုတ်ထားတဲ့ အကျယ် အတိုင်းအတာနဲ့ လက်ကို အပေါ်ဆန့်ထားရင် ရှိမယ့် အမြင့်အတိုင်းအတာ ညီမျှ)။ (၁၆) မကိုင်း မညွတ် (မကုန်း) ရဘဲ လက်ဝါးပြင်ဖြင့် ပဆစ်ဒူးတို့ကို သုံးသပ်နိုင်ပြီး သဒ္ဓါသီလစတဲ့ သူတော်ဥစ္စာများနဲ့ ပြည့်စုံပါတယ်။ အမြတ်ဆုံး အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် ဆိုတဲ့ ဥစ္စာကို ရရှိပါတယ်။

လူအများရဲ့ အကျိုးစီးပွါးကို လိုလားခဲ့လို့ (၁၇) ခြင်္သေ့မင်းရဲ့ ရှေ့ပိုင်းကိုယ်နဲ့ တူတဲ့ ကိုယ်ရှိ။ (၁၈) လက်ပြင် နှစ်ခုအကြား ပြည့်ဖြိုးတဲ့ အသားရှိ။ (၁၉) ညီညာလုံးဝန်းတဲ့ လည်တိုင်ရှိပြီး သဒ္ဓါသီလ စတာတွေကနေ မဆုတ်ယုတ်၊ သဗ္ဗညုတဉာဏ်မှ မဆုတ်ယုတ်ပါဘူး။

သတ္တဝါတွေကို မညှင်းဆဲခဲ့လို့ (၂၀) အရသာကို ဆောင်နိုင်တဲ့ အလွန်ကောင်းမြတ်တဲ့ အကြောရှိပြီး အနာရောဂါ ကင်းပါတယ်။ ဝမ်းမီးနဲ့ ပြည့်စုံပါတယ်။

ဒေါသနဲ့ မျက်လုံးပြူးပြီး မကြည့်ခဲ့၊ မျက်စောင်း မထိုးခဲ့/ ရိုးဖြောင့်စွာ မေတ္တာဖြင့်သာ ကြည့်ခဲ့လို့ (၂၁) အလွန်ညိုသော မျက်လုံးရှိ။ (၂၂) နွားငယ်ရဲ့ မျက်တောင်နဲ့တူတဲ့ မျက်တောင်ရှိပြီး သတ္တဝါအများရဲ့ နှစ်သက် ကြည်ညိုဖူးမြော်ခြင်းကို ခံရပါတယ်။

ကုသိုလ်ကောင်းမှုတို့ကို ခေါင်းဆောင်ပြီး ပြုခဲ့လို့ (၂၃) သင်းကျစ်ဆင်ထားသကဲ့သို့သော ဦးခေါင်းရှိပြီး ဗုဒ္ဓအလိုကိုလိုက်တဲ့၊ အဆုံးအမကို လိုက်နာတဲ့ ဝေနေယျ များစွာရှိပါတယ်။

မှန်သောစကားတစ်မျိုးတည်းကိုသာ ပြောခဲ့လို့ ၊ သူများကို မလှည့်စားခဲ့လို့ (၂၄) မွေးညှင်းတစ်တွင်းမှာ မွေးညှင်တစ်ပင်သာရှိ။ (၂၅) မျက်မှောင်နှစ်ခုကြား ဖြူစင်တဲ့ ဥဏ္ဏလုံ မွေးရှင်တော်ရှိပြီး သတ္တဝါအများဟာ ဗုဒ္ဓအလိုကိုသာ လိုက်ရပါတယ်။

ဂုံးမတိုက်ခဲ့၊ ညီညွတ်ခြင်းကို အားပေးခဲ့လို့ (၂၆) လေးဆယ်သော။ (၂၇) မကြဲသောသွားရှိပြီး သူများ မဖြိုခွဲနိုင်တဲ့/ အဆုံးအမကို ခိုင်မြဲစွာ လိုက်နာတဲ့ ပရိသတ် ရှိပါတယ်။

ကြမ်းသောစကားကို မပြောခဲ့၊ နူးညံ့ချိုသာ နားဝင်ချိုအောင် ပြောခဲ့လို့ (၂၈) ကြီးမားရှည်လျား နူးညံ့တဲ့ လျှာတော် ရှိ။ (၂၉) ဗြဟ္မာ့အသံနှင့် တူတဲ့ အသံရှိပြီး ဘုရားရှင်ရဲ့ စကားဟာ အောင်မြင်ပါတယ်။ ဘုရားရှင်ရဲ့ စကားကို နာယူလက်ခံကြပါတယ်။

အကျိုးမရှိ ပြိန်ဖျင်းတဲ့စကားကို မပြောခဲ့၊ အကျိုးရှိတဲ့ စကားကိုသာ ပြောခဲ့လို့ (၃၀) ခြင်္သေ့မေးနဲ့တူသေတဲ့ မေးရှိပြီး အတွင်းအပ ရန်သူတွေ မဖျက်ဆီးနိုင်ပါဘူး။

အသက်မွေးမှုစင်ကြယ်ခဲ့လို့ (စဉ်းလဲ ကောက်ကျစ်၊ ခေါင်းပုံဖြတ် မတရားသဖြင့် ဖြတ်လမ်းက အသက်မမွေးခဲ့လို့) (၃၁) ညီညွတ်တဲ့ သွားတွေရှိ။ (၃၂) အလွန် ဖြူစင်တဲ့ စွယ်တော်လေးဆူရှိပြီး မကောင်းမှု ကိလေသာကင်းတဲ့ စင်ကြယ်တဲ့ အခြံအရံ ရှိပါတယ်။

အကြောင်းအကျိုးများသာ ဆက်စပ်ဖြစ် ပေါ်နေသော သံသရာမှာ မှန်ကန်တဲ့ အကြောင်း အကျိုးကို သိမြင်ဖို့အရေးကြီးပါတယ်။ ကိုယ်အလိုရှိတဲ့အရာတွေ မရရှိခြင်း (အကျိုးချို့တဲ့နေခြင်း)ဟာ အကြောင်းချို့တဲ့ခဲ့လို့ပါပဲ။ အဲဒါကို ဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့ အပြစ်တင်မနေဘဲ အဲဒီ ချို့တဲ့ခဲ့တဲ့ အကြောင်းတွေကို ပြည့်စုံအောင် ကြိုးစားလိုက်မယ်ဆိုရင် ကိုယ်အလိုရှိတဲ့ အကျိုးတွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။ အကျိုးကို မျှော်မျှော် မမျှော်မျှော် အကြောင်းကိုပြုရင် အကျိုးက ရမှာသေချာပါတယ်။ အကျိုးကို မျှော်ခြင်း မမျှော်ခြင်းကတော့ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ အခု ရေးခဲ့တာလေးတွေဟာ ကြောင်းကျိုးအမှန်ကို မြင်သိတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံဉာဏ်ဖြစ်ပါတယ်။ ဒီဉာဏ်ကို အခြေခံ၊ တစ်ဆင့်ထက်တစ်ဆင့်မြင့်တဲ့ ဉာဏ်တွေရအောင်လုပ်ပြီး အမြင့်ဆုံး နိဗ္ဗာန်ရအောင် ကြိုးစားကြရမှာပါ...။

[+/-] အပြည့်အစုံဖတ်မယ်...

(၁) မြင်ခြင်းဖြင့် ပယ်ခြင်း (ဒဿနာ ပဟာတဗ္ဗာ)
(၂) ပိတ်ခြင်းဖြင့် ပယ်ခြင်း (သံဝရာ ပဟာတဗ္ဗာ)
(၃) မှီဝဲခြင်းဖြင့် ပယ်ခြင်း (ပဋိသေဝနာ ပဟာတဗ္ဗာ)
(၄) သည်းခံခြင်းဖြင့် ပယ်ခြင်း (အဓိဝါသနာ ပဟာတဗ္ဗာ)
(၅) ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း (ပရိဝဇ္ဇနာ ပဟာတဗ္ဗာ)
(၆) ဖျောက်ခြင်းဖြင့် ပယ်ခြင်း (ဝိနောဒနာ ပဟာတဗ္ဗာ)
(၇) ပွါးခြင်းဖြင့် ပယ်ခြင်း (ဘာဝနာ ပဟာတဗ္ဗာ)


(၁) သစ္စာလေးပါးကို မြင်ခြင်းဖြင့် ပယ်ခြင်း

(၁- မွေး၊ အို၊ နာ၊ သေ၊ မချစ်တာနဲ့တွဲ၊ ချစ်တာနဲ့ကွဲ၊ လိုရာမရခြင်း၊ ဥပါဒါနက္ခန္ဓာရှိနေခြင်း ဟူသော ဒုက္ခတို့ကို သိမြင်ခြင်း၊
၂- တဏှာ လောဘကြောင့် ဒုက္ခဖြစ်နေရသည်ဟု သိမြင်ခြင်း၊
၃- နိဗ္ဗာန်ရောက်မှ ဒုက္ခအားလုံး ချုပ်ငြိမ်းမည်ဟု သိမြင်ခြင်း၊
၎- ထိုနိဗ္ဗာန်ရောက်ရန် မဂ္ဂင်ရှစ်ပါးပွားရမည်ဟု သိမြင်ခြင်း)

(၂) မျက်စိ၊ နား၊ နှာ စသော ဣနြေ္ဒတို့ကို ပိတ်ခြင်းဖြင့် ပယ်ခြင်း

(အကုသိုလ်ဖြစ်စရာ အာရုံများကို မကြည့်မိ၊ နားမထောင်မိ မခံစားမိအောင် စောင့်ရှောက်ထိန်းချုပ်ခြင်း)

(၃) ဆွမ်း စသော ပစ္စည်းတို့ကို ဆင်ခြင်၍ မှီဝဲခြင်းဖြင့် ပယ်ခြင်း

(အစား၊ အဝတ်၊ နေရာ၊ ဆေးတို့ကို မိမိအကျိုး၊ အများအကျိုး၊ သာသနာ့အကျိုး ဆောင်နိုင်ရန် သင့်လျော်အောင် သုံးဆောင်ပါသည်ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း)

(၄) ဆင်းရဲဝေဒနာတို့ကို သည်းခံခြင်းဖြင့် ပယ်ခြင်း

(မကောင်းသောစကား၊ မကောင်းသောအတွေ့၊ အချမ်းအပူ၊ ခြင်၊ မှက်၊ လေ၊ နေ၊ အနာ၊ ရောဂါစသည်တို့ကို သည်းခံခြင်း)

(၅) နေရာမဟုတ်ရာ၊ ကျက်စားရာမဟုတ်ရာ၊ ယုတ်မာသော မိတ်ဆွေတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း

(ကိုယ်နှင့်မဆိုင်သော မသွားသင့်သော အရပ်၊ ကြမ်းသော ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ သစ်ငုတ်၊ ချောက်ကမ်းပါး၊ အညစ်အကြေးရှိရာအရပ် စသည်တို့ကို ရှောင်ကြဉ်ခြင်း)

(၆) ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်ကို ဖျောက်ဖျက်ခြင်းဖြင့် ပယ်ခြင်း

(ကာမဂုဏ်တို့ကို ကြံစည်ခြင်း၊ သူတစ်ပါးကို ပျက်စီးစေရန် ကြံစည်ခြင်း၊ ညှင်းဆဲရန် ကြံစည်ခြင်း ဟူသော မကောင်းသော အကြံတို့ကို ဖျောက်ဖျက်ခြင်း)

(၇) သတိသမ္ဗောဇ္ဈင် စသော ဗောဇ္ဈင် (၇)ပါးတို့ကို ပွားခြင်းဖြင့် ပယ်ခြင်း

(သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တို့ကို ပွါးများခြင်း)

အနှစ်ချုပ်အားဖြင့် အာရုံများနှင့် ကြုံကြိုက်လာလျှင် မသင့်မလျော် နှလုံးမသွင်းမဆင်ခြင်မိစေဘဲ သင့်လျော်အောင် နှလုံးသွင်းဆင်ခြင်ခြင်း ယောနိသောမနသိကာရ ဖြစ်အောင်ထားခြင်းဖြင့်ပင် အကုသိုလ်တရားတို့ကို ပယ်ပြီး ဖြစ်သွားပါလိမ့်မည်။

[+/-] အပြည့်အစုံဖတ်မယ်...

လှူတော့ လှူပါရဲ့
8:47 AM | Author: Dhamma Yanant

ဒါနတော ဘောဂဝါ - “လှူရင် ချမ်းသာမယ်” တဲ့။ လှူလိုက်တယ်။ အကျိုးဆက်ကြောင့် ချမ်းသာတယ်။ ဒါပေမယ့် ချမ်းသာခြင်းနဲ့အတူ ပြည့်စုံမှုအားလုံးကို ဘာကြောင့် ဆွဲမခေါ်နိုင်ခဲ့ရတာလဲ။ လှပခြင်း၊ သြဇာကြီးခြင်း၊ လိုတရခြင်း၊ ရောဂါကင်းပြီး ကောင်းတာတွေကို စိတ်တိုင်းကျ သုံးဆောင်ရခြင်း၊ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း… ဒါတွေမပြည့်စုံဘဲနဲ့ရော မိမိရဲ့ ချမ်းသာကြွယ်ဝမှုက အဓိပ္ပါယ်ရှိမှာလား။ ပိုက်ဆံတစ်ခုတည်းရှိပြီး ဒီအချက်တွေ ကင်းကွာနေရင် ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ ကိုယ့်မှာမရှိတာတွေ သူများမှာရှိနေတာကိုမြင်ပြီး (ငွေနဲ့ ၀ယ်မရတဲ့ အရာတွေကို) ၀ယ်ယူဖို့ ကြိုးစားရင်း ဣဿာတွေ ထိန်းမရဖြစ်ပြီးတော့ အပါယ်လေးပါးမှာပါ ခေါင်းမြုပ်သွားနိုင်ပါတယ်။ ဒီတော့ မိမိတို့ ပုထုဇဉ်တွေ မကင်းနိုင်သေးလို့ သံသရာခရီးကို လျှောက်ရတဲ့အခါ ကျော့ကျော့လေး ဖြတ်သန်းနိုင်ဖို့ ချမ်းသာပြည့်စုံခြင်းရဲ့ အကြောင်းတရားတွေ ရှာကြည့်ရအောင်…။

(၁) ချမ်းတော့ချမ်းသာပါရဲ့ ရုပ်ကဆိုးနေတာ ဘာကြောင့်ပါလိမ့် ? ။
“သဒ္ဓါတရားနဲ့ မလှူခဲ့လို့ပါ” တဲ့။
သဒ္ဓါယ ဒါနံ ဒေတိ = ဘုရား၊ တရား၊ သံဃာနဲ့ ကံ၊ ကံရဲ့အကျိုးတွေကို ယုံယုံ ကြည်ကြည် သဒ္ဓါတရားနဲ့ လှူခဲ့မယ်ဆိုရင်... (ယတြာချေသလို လှူတာ မဟုတ်ဘူးဆိုရင်) ဥစ္စာပေါ ရုပ်ချော ဖြစ်ပါလိမ့်မယ်တဲ့။

(၂) ချမ်းတော့ချမ်းသာပါရဲ့ ကိုယ့်သားသမီး တပည့်လက်အောက်ငယ်သားတွေကို ပြောမနိုင်ဆိုမနိုင် ဖြစ်နေရတာ ဘာကြောင့်ပါလိမ့် ? ။
“ရိုရိုသေသေ မလှူခဲ့လို့ပါ” တဲ့။
သက္ကစ္စံ ဒါနံ ဒေတိ = အလှူခံပုဂ္ဂိုလ်တွေကို ရိုရိုသေသေ လှူခဲ့မယ်ဆိုရင်... ကိုယ်ပြောသမျှ အောင်မြင်ပြီး ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် သြဇာငြောင်းပါသတဲ့။

(၃) ချမ်းတော့ချမ်းသာပါရဲ့ လိုတာမရ ရတာမလို ဖြစ်နေရတာ (ငွေပေးဝယ်လို့မရတာ) ဘာကြောင့်ပါလိမ့် ? ။
“ကာလဒါန မပြုခဲ့လို့ပါ” တဲ့။
ကာလေန ဒါနံ ဒေတိ = လိုတဲ့အချိန်မှာ လိုတဲ့ပစ္စည်းကို လိုသလို လှူခဲ့မယ်ဆိုရင်... ကိုယ်လိုတာကိုလည်း လိုတဲ့အချိန်မှာ လိုသလို ရပါလိမ့်မယ်တဲ့။

(၄) ချမ်းတော့ချမ်းသာပါရဲ့ ကောင်းတာတွေနဲ့ မတဲ့တာ (သွေးတိုးရှိလို့၊ ဆီးချိုရှိလို့ ဟိုဟာမတဲ့၊ ဒီဟာမတဲ့ ဖြစ်ရတာ) ဘာကြောင့်ပါလိမ့် ? ။
“မကောင်းတတ်လို့ဆိုပြီး လှူခဲ့ကြလို့ပါ” တဲ့။
အနုဂ္ဂဟိတ စိတ္တေန ဒါနံ ဒေတိ = အလှူခံပုဂ္ဂိုလ်ရဲ့ ဂုဏ်ကို အာရုံပြုပြီး ချီးမြှောက်လိုသောစိတ်နဲ့၊ မငြိကပ်ဘဲ လှူခဲ့မယ်ဆိုရင်... ကိုယ်စားချင်တာ၊ ကောင်းတာတွေနဲ့ တည့်ပြီး ကောင်းတာတွေ သုံးဆောင်ရပါသတဲ့။

(၅) ချမ်းတော့ချမ်းသာပါရဲ့ ရန်သူမျိုး ငါးပါးရန်က မလွတ်ကင်းတာ ဘာကြောင့်ပါလိမ့် ? ။
“ဂုဏ်တုဂုဏ်ပြိုင်လုပ် လှူခဲ့လို့ပါ” တဲ့။
အတ္တာနဉ္စ၊ ပရဉ္စ အနုပါဟစ္စံ ဒါနံ ဒေတိ = မိမိဂုဏ်ကိုလည်း မဖော်၊ သူတစ်ပါးကိုလည်း မနှိမ့်ချ၊ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မာနကင်းကင်းနဲ့ လှူခဲ့မယ်ဆိုရင်... ရေ, မီး, မင်း, ခိုးသူ, အမွေခံဆိုးတို့ရဲ့ ရန်က ကင်းပါသတဲ့။

ဒါကြောင့် ...

ချမ်းချမ်းသာသာ၊ လှလှပပ၊
သြဇာတိက္ကမ၊ ကြီးလွန်းလှ၍၊
လိုရာရပြန်၊ အကောင်းမှန်သမျှ၊
သုံးဆောင်ရသည့် ကင်းပရန်သူ
ဖြစ်ရန်မူကား....
ကြည်လင်သဒ္ဓါ ရိုသေစွာဖြင့်
လိုရာကိုရွေး ချီးမြှောက်ပေးကာ
ငါမှလှူနိုင် ဂုဏ်မပြိုင်ဘဲ
ဉာဏ်ဖြင့်စွဲလျက်၊ ကျိုးရင်းဆက်ကို၊
သိလျက်ရွှင်လန်း နိဗ္ဗာန်မှန်းကာ
လှူပါစေသောဝ် လှူစေသောဝ်....။

[+/-] အပြည့်အစုံဖတ်မယ်...

ပေးဆပ်သူများ
10:06 AM | Author: Dhamma Yanant

မိဘ၊ ဆရာသမား စတဲ့ အနန္တော အနန္တ ကျေးဇူးရှင်များအပေါ် တချို့ တချို့ရဲ့ ခံယူချက်ကလေးတွေ နည်းနည်း လွဲနေသလားလို့ပါ။ မိဘဆရာသမားတို့ ပစ္စည်းဥစ္စာ ပြည့်စုံနေလို့၊ သူတို့က မပြည့်စုံလည်း သူတို့ကို ထောက်ပံ့ကူညီနေသူတွေရှိနေလို့၊ ပြုစုမယ့်သူတွေ ဝိုင်းဝိုင်းလည်နေလို့ ကိုယ်ကလှည့်မကြည့်မိတာမျိုး။ အဲဒါလေးတွေပါ..။ မိမိကို ပေးထားကြသူတွေကို မိမိက ပြန်မဆပ်မိသေးတာမျိုးပါ။

တချို့က ငွေအား မတတ်နိုင်လို့၊ တချို့က လူအား မတတ်နိုင်လို့။ အဲဒီလို “မတတ်နိုင်လို့” ဆိုတဲ့ အကြောင်းပြချက် ပေးတဲ့သူတွေလည်း ရှိပါတယ်။ သေချာစဉ်းစားကြည့်ရင် ကိုယ်တတ်နိုင်တာ တစ်ခုခုတော့ ရှိမှာပါ။ ငွေကြေးပစ္စည်း မထောက်ပံ့နိုင်ရင် လူကိုယ်တိုင်သွားပြီး ပြုစုတာမျိုး။ လူကလည်း မအားရင် ဖုန်းဆက်တာမျိုး၊ စာရေးတာမျိုး၊ စကားကြုံပါးတာမျိုး စသဖြင့်... ကြံဖန်ပြီး ဂရုစိုက်မယ်ဆိုရင် အများကြီးပါ။

မိဘဆရာသမားတွေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ ကြီးငယ်မဟူ သူတို့မှာလည်း လိုအပ်ချက်တွေ၊ လိုလားချက်တွေဆိုတာ ရှိနေမှာပါ။ မရှိဘူးပဲထားဦးတော့။ ကိုယ့်သားသမီး၊ တပည့်တွေကို တွေ့ရမြင်ရရင်၊ သတင်းလေးတွေ ကြားနေရရင် ဝမ်းသာနေကြတာ အမှန်ပါပဲ။ မိဘဆရာသမားတွေအနေနဲ့ သားသမီးတပည့်တွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးထောက်ပံ့ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတာဟာ တစ်ချိန်မှာ ဘာတွေပြန်ယူမယ်ဆိုတဲ့ ရလိုမှု အကြွေးသဘောမျိုး လုံးဝမရှိပါဘူး။ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာရံတဲ့ မေတ္တာစိတ် သန့်သန့်လေးနဲ့ ပေးခဲ့ကြတာပါ။

သားသမီးတပည့်တွေ ဒုက္ခကြုံတဲ့အခါ ကိုယ်တိုင်ကြုံတွေ့ရသလို မှတ်ယူခံစားပြီး လွတ်ရာလွတ်ကြောင်း ရှာဖွေပေးတာ၊ ချမ်းသာနေတဲ့အခါမှာလည်း မုဒိတာအပြည့်နဲ့ ရလိုမှုမပါ ၀မ်းမြောက်ပေးတာ၊ အပြစ် ချို့ယွင်းချက်တွေရှိရင်လည်း နားလည်ခွင့်လွှတ်ပေးတတ်တာ။ ဒါတွေနဲ့ ပြည့်စုံတာကိုက မိဘဆရာသမားတို့ရဲ့ မေတ္တာစစ်ပါ။ ဒီလို လိုအပ်တဲ့ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ ရံထားတဲ့ မေတ္တာမျိုးကိုသာ မေတ္တာစစ်လို့ ခေါ်နိုင်ပါမယ်။ ဒီလိုမှ မရံနိုင်ရင်တော့ ပါးစပ်က မေတ္တာတွေ ဘယ်လောက်ကြီးပဲ အော်ပြီးပို့နေပါစေ၊ အတုကြီးပဲ ဖြစ်နေပါလိမ့်မယ်။

မိဘဆရာသမားတို့ရဲ့ မေတ္တာဟာ သိပ်ကို အစွမ်းထက်ပါတယ်။ လိပ်မကြီးဟာ အဝေးကနေ မေတ္တာဓာတ်တွေ လွှတ်ပေးရုံနဲ့ လိပ်ကလေးတွေ ပေါက်လာပြီး လိပ်မကြီးသေသွားရင် လိပ်ဥလေးတွေဟာ အကောင်မပေါက်တော့ဘူးဆိုတာ ကြားဖူးကြမှာပါ။ တိရစ္ဆာန်မိခင်ရဲ့ မေတ္တာတောင် ဒီလောက်စွမ်းအားကြီးရင် မိမိတို့ရဲ့ မိဘဆရာသမားတွေရဲ့ မေတ္တာဟာ ဘယ်လောက် တန်ခိုးကြီးလိုက်မလဲ။ သားသမီးတို့ကို မြင်ရ၊ သတင်းတွေကို ကြားရတဲ့အချိန်မှာ သာမန်အချိန်တွေမှာ ထားတဲ့မေတ္တာထက် ပိုပြီး မေတ္တာပွါးမိကြမှာ အမှန်ပါပဲ။ လွှင့်တဲ့သူက လွှင့်ပေးပေမယ့် ခံတဲ့သူဘက်ကလည်း မိအောင်ဖမ်းတတ်ဖို့ အရေးကြီးလှပါတယ်။

မိဘဆရာသမားတွေရဲ့ မေတ္တာဟာ လောဘ၊ ဒေါသ၊ မာန အရောင်မခြယ် ကြည်လင်သန့်ရှင်းလွန်းလို့ တချို့များဆို ထူးပြီးတော့တောင် မမြင်တတ်ကြပါဘူး။ သူတို့မွေးထားတာပဲ ကျွေးပေါ့၊ သူတို့ လခယူထားတာပဲ သင်ပေါ့ ဆိုပြီး ပေါ့ပေါ့လေး တွေးမိကြပါတယ်။ သတိထားရမှာက ဖန်ဂူကို ရှိမှန်းမသိ တအားခုန်အုပ်လို့ သေကြေဒုက္ခရောက်ရတဲ့ ခြင်္သေ့ကို သင်ခန်းစာယူဖို့ပါ။ မိဘဆရာသမားတို့ရဲ့ မေတ္တာဖန်ဂူကြီးကို သတိမမူ ဂူမမြင်လို့ ၀င်တိုက်မိရင်တော့ မိမိတို့ပဲ ဒုက္ခရောက်ရမှာပါပဲ။

သူများတွေ ထောက်ပံ့စောင့်ရှောက်တာ မစောင့်ရှောက်တာ ကိုယ်နဲ့ မဆိုင်ပါဘူး။ ကိုယ်စောင့်ရှောက်မှ၊ ကိုယ်သိတတ်မှ ကိုယ်ကုသိုလ်ရမှာပါ။ (ဥပမာ- ထမင်းဆိုရင် သူစားနေတာပဲ၊ ကိုယ်စားစရာ မလိုပါဘူးလို့ မတွေးမိသလိုမျိုးကို ဖြစ်ရပါမယ်။) မိဘဆရာသမားတို့နဲ့ ပတ်သက်တဲ့ ကုသိုလ်ကို မိဘဆရာသမားတို့ ရှိတုန်းမှာဘဲ ရနိုင်ပါတယ်။ ဒါ့ကြောင့် ရှိတုန်းမှာ ဂရုစိုက်မိဖို့ လိုပါတယ်။ မရှိတော့တဲ့သူတွေကလည်း မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ မိဘအရွယ်ရှိသူတွေကို မိဘတွေလို သဘောထားဆက်ဆံလို့ ရတာပါပဲ။ သံသရာမှာ ဆွေမျိုးမတော်ဘူးသူဆိုတာ မရှိဘူး မဟုတ်လား။ ဆရာသမားတွေဆိုတာလည်း အိုကြီးအိုမအရွယ်မှာ မပြည့်မစုံနဲ့ ပီတိစားနေကြရသူတွေ ခပ်များများပါ။ တပည့်တွေရဲ့ ကောင်းသတင်းလေးတွေကြားပြီး ကျေနပ်ဗိုက်ပြည့်နေကြရတာပါ။ သူတို့ပေးခဲ့တာတွေက အတိုင်းမရှိ ကြီးမားပေမယ့် ကိုယ်ဆပ်လိုက်တဲ့ သိတတ်မှုသေးသေးလေးနဲ့တင် အလွန်ကို ကျေနပ်ဝမ်းသာနေတတ်ကြတာပါ။

သားသမီး၊ တပည့်တွေ ဝတ္တရားကျေပွန်တာဟာ ပေးကမ်းထောက်ပံ့ခြင်း (ဒါန)၊ ပြုစု စောင့်ရှောက်ခြင်း (သီလ)၊ မေတ္တာ၊ ကရုဏာ ထားခြင်း(ဘာဝနာ) တရားတွေ တိုးပွားနေတာပါပဲ။ သူများကို ဖြည့်နေပေမယ့် တကယ်တော့ ကိုယ်ပြည့်နေတာပါ။ ဒီလို နှစ်ဦးနှစ်ဘက် အကျိုးရှိစေအတွက် မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်များနှင့် ပတ်သက်လာရင် သူတို့ပြည့်စုံနေလည်း (မလိုလည်းဘဲ) ကိုယ့်ဘက်က နောင်တစ်ချိန်မှာ နောင်တရမကျန်ရလေအောင် ပေးခဲ့ကြသူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြန်ဆပ်လိုက်ကြပါစို့လား.....။


[+/-] အပြည့်အစုံဖတ်မယ်...

လိုတရ
6:48 PM | Author: Dhamma Yanant

လိုတဲ့နေရာမှာ လိုသလို ဖြည့်ဆည်းပေးခြင်းဟာ ဘယ်လောက် အကျိုးများတယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မလိုတာတွေကို ဖြည့်မိပြီး အကျိုးရှိသင့်သလောက်မရှိ အလကားနီးပါး ဖြစ်သွားရတာတွေလည်း မနည်းလှပါဘူး။

မဆာတဲ့သူတွေ၊ စားစရာပေါတဲ့သူတွေ၊ ပြည့်စုံလွန်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဖိတ်ကြားကျွေးမွေး လက်ဆောင်ပေး ဂုဏ်ယူတတ်ကြပါတယ်။ တကယ်ဆာ၊ တကယ်လိုအပ်နေတဲ့ သူတွေကိုတော့ သီးသန့်မဟုတ်တောင် ကိုယ်စားမယ့်၊ ကိုယ်သုံးမယ့်အထဲက နည်းနည်းလောက် ဖဲ့ကျွေးလိုက်ဖို့၊ ပေးလှူလိုက်ဖို့ သတိရသူ ရှားလှပါတယ်။ လိုအပ်လွန်းလို့၊ ဆာလွန်းလို့ လာတောင်းရင်တောင် ရွံရွံရှာရှာနဲ့ မောင်းထုတ်ခိုင်းမိကြပါတယ်။

သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ငွေထောင်သောင်းချီ ဖြုန်းသုံးစားသောက် ပျော်ပါးပစ်လိုက်ဖို့ ၀န်မလေးပေမယ့် လမ်းပေါ်က အိုကြီးအိုမ သူတောင်းစားတစ်ယောက်ကိုတော့ မိဘချင်း ကိုယ်ချင်းစာပြီး ရာဂဏန်းလောက်တောင် မလှူဖူး၊ လှူဖို့လည်း အာရုံမရှိဖူးသူတွေ အများကြီးပါ။ လွတ်လွတ်စွန့်ကြဲဖို့ထားလို့…။ သံသရာမှာ ကိုယ်လည်း သူတို့နေရာ ရောက်နိုင်တယ်။ အဲဒီ့ကျရင် တူသောအကျိုးလေး ပြန်ခံစားရအောင် လှူလိုက်ပါဦးမယ်လို့တောင် မတွေးဖြစ်ပါဘူး။ သတိပေးရင်တောင် ကျိန်စာတိုက်တယ် ထင်မလားမသိ။

ကုန်တိုက်ကြီးတွေမှာ ဈေးကြီးလှတဲ့ ပစ္စည်းတွေကို ဈေးနှုန်းကပ်ထားသလောက် ရက်ရောစွာ ၀ယ်ဖြစ်ကြပေမယ့် လမ်းဘေးက ဟင်းရွက်သည်ကိုတော့ မရမက ကပ်သပ်ဆစ်နေတဲ့သူတွေကိုလည်း မြင်ဖူးကြမှာပါ။ ၀ယ်ရတာချင်းအတူတူတောင် ကုန်တိုက်က ဆစ်မရတဲ့ ပစ္စည်းကိုတော့ ငါ့ပစ္စည်းက ဘယ်လောက်တန်ကွလို့ ဈေးကြီးကြောင်း၊ ဟင်းရွက်ကိုကျတော့ ငါက ဘယ်လောက်လေးနဲ့ ရခဲ့တာလို့ ဈေးနည်းကြောင်း (ဈေးချိုကြောင်း) ကြွားဝါလိုက်ပါသေးတယ်။ ကုန်တိုက်က ပစ္စည်းတစ်ခုရဲ့အမြတ်က ဟင်းရွက်သည်လေးတွေရဲ့ ဆယ်ရက်စာ အမြတ်မကပါလား။ သူတို့ကမှ တကယ်လိုအပ်နေသူများပါလားလို့ သတိရမိသူ ရှားပါလိမ့်မယ်။

အာကာသကို အပြိုင်အဆိုင် အပန်းဖြေ အလည်ခရီး လိုက်သွားတဲ့ ကမ္ဘာ့သူဌေးကြီးတွေရဲ့ ဒေါ်လာသန်းပေါင်းများစွာကို တကယ်ကို ဆင်းရဲငတ်မွတ်နေတဲ့သူတွေကို လှူလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....။ ဒါပေမယ့် သူသူကိုယ်ကိုယ် ပုထုဇဉ်တွေချည်းပဲမို့ ပါရမီမြောက်တဲ့ ဒါနမျိုးစေ့နဲ့ မနီးတာလည်း အပြစ်ဆိုစရာ မရှိပါဘူး။ ကိုယ်လည်း သူတို့လို သူဌေးကြီးဆိုရင် အပန်းဖြေခရီး သွားမှာလား၊ အကောင်းဆုံးဆိုတာတွေနဲ့ချည်း ဖြုန်းတီးဇိမ်ခံပစ်လိုက်မှာလား၊ လိုအပ်သလောက်ပဲသုံးပြီး ပေးလှူပစ်လိုက်မှာလား…။ နောက်ဆုံးအချက်နဲ့တော့ သိပ်မနီးစပ်ဘူး ထင်ပါတယ်။

ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ သတ္တ၀ါတွေဟာ ဒါနရဲ့အကျိုးကို ငါဘုရားလိုသာ သဘောပေါက်ကြမယ်ဆိုရင် မလှူဘဲ ဘာကိုမှ စားမှမဟုတ်ဘူး။ စိတ်ထဲမှာလည်း ငြူစူမိတာတွေ၊ နှမြောမိတာတွေ ရှိမှာမဟုတ်ဘူး။ အလှူခံသာရှိမယ်ဆိုရင် ပါးစပ်နားရောက်နေတဲ့ ထမင်းလုပ်ကိုတောင် မစားဘဲ လှူကြလိမ့်မယ်။ မလှူဖြစ်ကြတဲ့အကြောင်းက နှမြောလို့နဲ့၊ လှူဖို့သတိမရလို့ (လှူရကောင်းမှန်း မသိလို့) ပါတဲ့။ မိမိတို့အနေနဲ့ အမှောင်ထဲကပဲ လာလာ၊ အလင်းထဲကပဲ လာလာ ရှေ့ဆက်ရမယ့်ခရီးကို အလင်းပဲဖြစ်စေဖို့ ကိုယ်လက်လှမ်းမှီရာ ပတ်ဝန်းကျင်မှာ လိုအပ်ချက်လေးတွေ၊ ဖြည့်နိုင်မှာလေးတွေ ရှာကြည့်ဖို့ လိုပါတယ်။

လိုချင်မှု တဏှာမကင်းတဲ့ လောကကြီးမှာ တစ်ခုခုကတော့ အမြဲလိုအပ်နေမှာပါဘဲ။ လိုချင်တာမျိုးမဟုတ်ဘဲ လိုအပ်နေတဲ့ နေရာလေးတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ပါပဲ။ ဘာလိုတယ် မလိုဘူး ခွဲခြားသိဖို့ဆိုတာ ဉာဏ်က အရေးအကြီးဆုံးပါ။ အသိဉာဏ်မယှဉ်တဲ့ လှူဒါန်းပေးကမ်းမှုတွေ လောကမှာ အလွန်ပေါလှပါတယ်။ ဗေဒင်၊ ယတြာသဘောအရ မလိုအပ်တာတွေ၊ အလှူခံနဲ့ မသင့်လျော်တာတွေ၊ သုံးမရတာတွေ လျှောက်လှူနေကြတာ မြင်နေကြားနေကြမှာပါ။ ဉာဏ်မပါတဲ့အတွက် သူများလိုတာ ဖြည့်ဖို့ထက် ကိုယ်လိုတာ ပြည့်ဖို့ကိုပဲ ကြိုးစားနေမိတာပါ။

မှန်နဲ့တူတဲ့ သံသရာမှာ သူများ မလိုတာတွေ ဖြည့်ရင် ကိုယ်လည်း မလိုတာတွေ ပြည့်မယ်။ ကိုယ်လိုတာ ပြည့်ဖို့ဆိုရင် သူများလိုတာ ဖြည့်မှရမယ်လို့ သဘောပေါက်ရင်…၊ အားလုံးကို မဖြည့်စွမ်းနိုင်ပေမယ့် ကိုယ်တစ်နိုင်လေး ဖြည့်ဆည်းသွားမယ်လို့ ရည်ရွယ်ထားရင်တော့ မလိုတာတွေကို မပိုမိစေပဲ လိုတာကို လိုတဲ့အချိန်မှာ ဖြည့်ရင်းက လိုတရကြမှာပါ…။

[+/-] အပြည့်အစုံဖတ်မယ်...

အပြစ်ကိုသာ မရှုရာ

ပရဝဇ္ဈာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာန သညိနော၊
အာသဝေါ တဿ ၀ဎုန္တိ၊ အာရာ သော အာသဝက္ခယာ။
(ဓမ္မပဒ၊ မလဝဂ်၊ ဥဇ္ဈာနသညိတ္ထေရဝတ္ထု)
သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်း (နိဗ္ဗာန်)မှ ဝေးကွာ၏။

န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ၊
အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိစ။
(ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ပါဝေယျအာဇီဝကဝတ္ထု)
သူတစ်ပါးတို့၏ မလျော်သောအမှုတို့ကို မရှုမဆင်ခြင်ရာ။ ကောင်းမှု၊ မကောင်းမှု ပြု/မပြုကို မရှုမဆင်ခြင်ရာ။ မိမိပြုပြီးသော ကောင်းမှု တို့ကိုလည်းကောင်း၊ မပြုရသေးသော ကုသိုလ်တို့ကိုလည်းကောင်း ကြံတွေးဆင်ခြင်ရာ၏။

သံသရာလောကကြီးထဲမှာ ကျင်လည်နေရသေးတဲ့နောက် သူသူကိုယ်ကိုယ် အပြစ်မကင်းသူ ပုထုဇဉ်တွေချည်းပဲမို့ သာမညအပြစ်လေးတွေကို အာသဝေါ အပွါးခံပြီး လျှောက်ရှာလိုက်ကြည့် ပုံကြီးချဲ့မနေဘဲ စိတ်ထားကြီးကြီးနဲ့ နားလည်ပေးနိုင်၊ ခွင့်လွှတ်နိုင်မယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့ တပည့်သားသမီး ပီသကြမှာပါပဲ။



အပြစ်ကိုသာ ရှုလိုက်စမ်းပါ

အပြစ်မမြင်တော့ ချစ်ခင်တယ်။
ချစ်ခင်လို့ အပြစ်မမြင်တော့ပါ… တဲ့။ စကားနှစ်မျိုး ရှိပါတယ်။

အပြစ်မမြင်လို့ဘဲ ချစ်ခင်ခင်၊ ချစ်ခင်လို့ဘဲ အပြစ်မမြင်မြင်။ (မမြင်မသိမှု) အဝိဇ္ဇာနဲ့ (ချစ်ခင်မှု) တဏှာဆိုတဲ့ ဝဋ်မြစ်-၂ပါး ဖြစ်နေတာမို့ ဝဋ်ဆင်းရဲ သံသရာကြီးကတော့ ရပ်မရ၊ ထိန်းမရ လည်နေဦးမှာပါပဲ။ ရုပ်နာမ်ခန္ဓာတို့ရဲ့ အပြစ်ကိုမြင်တဲ့ အာဒီနဝဉာဏ်ကိုရမှ လွတ်မြောက်ချင်တဲ့ မုဉ္စိတုကမျတာဉာဏ် ဖြစ်လာမှာပါ။ ဒီဉာဏ်တွေဟာ ဝိပဿနာဉာဏ်တွေ ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်ရမှလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရပြီး နိဗ္ဗာန်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သံသရာလောကကြီးထဲက ထွက်မြောက်ချင်တယ် ဆိုရင်ဖြင့် အပြစ်က မမြင်လို့ကို မဖြစ်ပါဘူး။ မြင်ကိုမြင်ရမှာပါ။

ဒါ့ကြောင့် အပြစ်မရှုရရင် မနေနိုင်ပါဘူး ဆိုသူများကိုလည်း အားကျကြည်ညို သာဓုခေါ်ပါတယ်။ အဲ… ဒါပေမယ့် ဗုဒ္ဓအလိုတော်ကျ ရုပ်နာမ်တို့ရဲ့ အပြစ်ကိုပဲ အကုသိုလ်ကင်းကင်းနဲ့ ရှုသူဖြစ်ဖို့တော့ လိုပါတယ်နော်။

[+/-] အပြည့်အစုံဖတ်မယ်...

(၁) ဟောသောတရားတော်နှင့် အလိုအဇ္ဈာသယ ကိုက်ညီသွားသောအခါ....။
(၂) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူသော ဣနြေ္ဒတို့ ရင့်ကျက်သောအခါ...။
တစ်ထိုင်တည်း တရားထူးရတတ်ပါသည်။

အာသယာနုသယဥာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဥာဏ်တို့ကို ဘုရားရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်ပါသည်။ တရားနာသူတို့၏ ဣနြေ္ဒအနုအရင့်၊ အလိုအဇ္ဈာသယကိုကြည့်၍ ဟောသောကြောင့်လည်း ဘုရားရှင်လက်ထက်က တစ်ထိုင်တည်း တရားနာကာ တရားထူးရသွားကြသူ များရခြင်း ဖြစ်ပါသည်။

သို့သော်လည်း ဝိပဿနာ ဘာဝနာဆိုသည်မှာ မနောကံအမှုသာ ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်နှင့် တပည့်သားသာဝကတို့ တရားဟောသောအခါ တရားရမည့်သူသည် သူတော်ကောင်းတရားကို နာကြားရင်းကပင် နှလုံးသွင်းမှန်စွာဖြင့် ဝိပဿနာဘာဝနာကို ပွားများပြီး ဖြစ်သောကြောင့်လည်း တစ်ထိုင်တည်း တရားထူးရသွားကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ဥာဏ်ရင့်ကျက်ပြီး အကြိုက်နှင့် ကိုက်ညီသွားသောအခါ တရားနာရင်းပင် ၀ိပဿနာရှုကာ တရားထူးရတတ်သည်။ နာရုံသက်သက်ဖြင့်တော့ အရိယာမဖြစ်နိုင် (သောတာပန်မဟုတ်သောကြောင့် အပါယ်မပိတ်နိုင်) ဟု ရှင်းရှင်းလင်းလင်း သဘောပေါက်ကာ အယောင်ဆောင်သိမ်းသွင်းမှုများမှ မှန်ကန်သောအမြင်ဖြင့် ရုန်းထွက်နိုင်ကြပါစေ။

[+/-] အပြည့်အစုံဖတ်မယ်...


၁။ ဟေတုပစ္စည်း
စိတ်ရင်းကောင်းခြင်း၊ ရက်ရောခြင်း၊ မေတ္တာထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ အမြော်အမြင်ရှိခြင်း။

၂။ အာရမ္မဏပစ္စည်း
ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အတိဣဋ္ဌာရုံများနှင့် နေခြင်း / မကောင်းသော အာရုံတို့နောက် မလိုက်ဘဲ ကုသိုလ်အာရုံတို့နှင့်သာနေခြင်း (မိမိအတွက်)။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်စေခြင်း / အကုသိုလ် မဖြစ်စေခြင်း (သူတစ်ပါးအတွက်)။

၃။ အဓိပတိပစ္စည်း
ပညာဥာဏ်ကြီးခြင်း၊ စိတ်, ဇွဲ, ဆန္ဒ ထက်သန်ခြင်း။

၎။ အနန္တရပစ္စည်း
အလုပ်ကို (စိတ်လာလျှင်လုပ်၍ စိတ်မလာလျှင်မလုပ်ခြင်းမျိုး) ပြတ်တောက်ပြတ်တောက် မလုပ်ခြင်း။

၅။ သမနန္တရပစ္စည်း
ပုံမှန် စဉ်ဆက်မပြတ် ကြိုးစားခြင်း။

၆။ သဟဇာတပစ္စည်း
ညီညီညွတ်ညွတ် အတူတကွ လုပ်ကိုင်ခြင်း။

၇။ အညမညပစ္စည်း
အပြန်အလှန် ကောင်းကျိုး ပြုတတ်ခြင်း။

၈။ နိဿယပစ္စည်း
သူတစ်ပါး မှီခိုအားထားလောက်သော အရည်အချင်းရှိခြင်း။

၉။ ဥပနိဿယပစ္စည်း
ယုံကြည်မှုရှိခြင်း၊ ဆရာကောင်း, မိတ်ဆွေကောင်း, ပတ်ဝန်းကျင်ကောင်း ရှိခြင်း (အားကြီးသော မှီရာရှိခြင်း) (မိမိအတွက်)။
မိမိကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။

၁ဝ။ ပုရေဇာတပစ္စည်း
အခွင့်အလမ်းကောင်းများ ရှေ့ကဖြစ်ပေါ်နေခြင်း (ရှေ့ဆောင်ကောင်းရှိခြင်း) (မိမိအတွက်)။
မိမိက ရှေ့ကဦးဆောင်နိုင်ခြင်း (သူတစ်ပါးအတွက်)။

၁၁။ ပစ္ဆာဇာတပစ္စည်း
ကျောထောက်နောက်ခံကောင်းရှိခြင်း (နောက်လိုက်ကောင်းရှိခြင်း) (မိမိအတွက်)။
လိုအပ်သူတို့အား ထောက်ပံ့နိုင်ခြင်း၊ သားသမီးကောင်း၊ တပည့်ကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။

၁၂။ အာသေဝနပစ္စည်း
ကျွမ်းကျင်မှုရှိရန် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လေ့ကျင့်ခြင်း။

၁၃။ ကမ္မပစ္စည်း
စေတနာကောင်းထားခြင်း။

၁၄။ ဝိပါကပစ္စည်း
ကောင်းကျိုးတရားများ ခံစားရခြင်း။

၁၅။ အာဟာရပစ္စည်း
ကိုယ်/စိတ် အာဟာရ မျှတခြင်း။

၁၆။ ဣန္ဒြိယပစ္စည်း
မိမိဆိုင်ရာ၌ အစိုးရခြင်း။

၁၇။ ဈာနပစ္စည်း
မိမိအလုပ်၌ စူးစိုက်မှုရှိခြင်း။

၁၈။ မဂ္ဂပစ္စည်း
မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားခြင်း။

၁၉။ သမ္ပယုတ္တပစ္စည်း
မိမိဆိုင်ရာ အလုပ်/ ပုဂ္ဂိုလ်တို့နှင့် စိတ်ဝမ်းမကွဲပြား တစ်သားတည်း ဖြစ်ခြင်း။

၂ဝ။ ဝိပ္ပယုတ္တပစ္စည်း
ပျင်းရိသူများနှင့် မပေါင်းခြင်း၊ မကောင်းသူများနှင့် မရောခြင်း။

၂၁။ အတ္ထိပစ္စည်း
အကောင်းအဆိုး နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခြင်း။

၂၂။ နတ္ထိပစ္စည်း
တစ်ကိုယ်ကောင်းဆန်မှု မရှိခြင်း။

၂၃။ ဝိဂတပစ္စည်း
လူမိုက်တို့နှင့် ကင်းအောင်နေခြင်း ၊ ဟန်ဆောင်မှုကင်းခြင်း၊ သံသယ ကင်းခြင်း။

၂၄။ အဝိဂတပစ္စည်း
သတိလွတ်ကင်းမှု မရှိခြင်း (သတိအမြဲရှိခြင်း)။

အကျဉ်းမျှသာ ပြလိုက်ပါသည်။ ဤနည်းလမ်းကောင်းများနှင့် ပြည့်စုံအောင် ကျင့်ဆောင်နိုင်သော ပုဂ္ဂိုလ်အဖို့ ပစ္စုပ္ပန်၊ သံသရာ ဘ၀နှစ်ဖြာတို့၌ စိုးရိမ်ဖွယ်မရှိ။ အခြေမြင့် ကြီးပွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပဋ္ဌာန်းတရားတော်သည် အနန္တနယ (အဆုံးမရှိ) အလွန်ကျယ်ဝန်း နက်နဲသောကြောင့် ရွတ်ဖတ်တတ်ရုံမျှဖြင့် ကျေနပ်မနေကြဘဲ မိမိတို့စွမ်းနိုင်သလောက် နားလည်အောင် ကြိုးစားပြီး လက်တွေ့ဘဝတွင်လည်း အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့ ရည်ရွယ်ရင်း…။

[+/-] အပြည့်အစုံဖတ်မယ်...

အာရုံလုပွဲ
10:28 AM | Author: Dhamma Yanant

ဘယ်အာရုံကို လုရမလဲဆိုတော့… ခန္ဓာဆိုတဲ့ အာရုံကိုပါ။
ဘယ်သူနဲ့ ဘယ်သူနဲ့လုကြမလဲဆိုတော့… စွဲလမ်းမှု (ဥပါဒါန်) အသင်း နဲ့ ဝိပဿနာ (ပညာ) အသင်းတို့ပါ။
အာရုံလုပွဲမှာ -
မိမိတို့အသင်းက ဝိပဿနာအသင်း၊
တစ်ဘက်အသင်းက ဥပါဒါန်အသင်း။

ဝိပဿနာ အသင်းမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဆန္ဒ၊ စိတ္တ၊ ဝိတက်၊ ပီတိ၊ ပဿဒ္ဓိ၊ ဥပေက္ခာ၊ ဝိရတီ ၃ ပါး ဆိုတဲ့ ဗောဓိပက္ခိယ တရားကိုယ် (၁၄) ပါး ပါဝင်ပါတယ်။
အဲဒီအထဲမှာ ပညာက အသင်းခေါင်းဆောင်ဖြစ်ပြီး၊ သတိက ဂိုးစောင့်ပါ။
ဥပါဒါန် အသင်းမှာက မောဟ၊ အဟီရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ လောဘ၊ ဒိဋ္ဌိ၊ မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ကုက္ကုစ္စ ၊ ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ ဟူသော အကုသိုလ် စေတသိက် (၁၄)ပါး ပါဝင်ပါတယ်။
အဲဒီအသင်းမှာ လောဘက ခေါင်းဆောင်ပါ၊ ဒိဋ္ဌိကတော့ ဂိုးစောင့်ပေါ့။

ဝိပဿနာ အသင်းရဲ့ အဓိက ပန်းတိုင်ကတော့-
ဒိဋ္ဌိစောင့်ပိတ်ထားတဲ့ နိဗ္ဗာန်ဂိုးထဲကို ခန္ဓာ ဘောလုံးဝင်အောင် သွင်းဖို့ပါ။
ဥပါဒါန် အသင်းရဲ့ အဓိက ပန်းတိုင်ကလည်း -
သတိစောင့်ပိတ်ထားတဲ့ အပါယ်ဂိုးထဲကို ခန္ဓာ ဘောလုံးဝင်အောင် သွင်းဖို့ပါပဲ။

တစ်သံသရာလုံး ခန္ဓာဘောလုံးက ဥပါဒါန်ရဲ့ အာရုံအဖြစ်နဲ့ ဥပါဒါန်ရဲ့ ခြေထဲမှာပဲ ရှိနေခဲ့ပါတယ်။
အဲဒီ့ ဥပါဒါန်ရဲ့အာရုံ ၊ ဥပါဒါန်ရဲ့ခြေထဲက ဥပါဒါနက္ခန္ဓာ ဘောလုံးလေးကို မိမိတို့ ဝိပဿနာ အသင်းက ဝင်လုရမှာ ဖြစ်ပါတယ်။
အဲဒီ ဥပါဒါနက္ခန္ဓာ ဘောလုံးလေးမှာ - ယောင် (၆) သွယ်နဲ့ ဖွဲ့စည်းထားပါတယ်။
အဲဒါတွေကတော့-
အတိတ်ကို (၁) မြင်ယောင်
(၂) ကြားယောင်
(၃) နံယောင်
(၄) စားယောင်
(၅) ထိတွေ့ယောင် နဲ့
ကိုယ့်စိတ်ကူးနဲ့ကိုယ် ကြိုက်သလို (၆)တွေးယောင်နေခြင်း များပါပဲ။
ဥပါဒါန် အသင်းက မလွတ်တမ်း ဆွဲထားတဲ့ အဲဒီ မြင်ယောင်၊ ကြားယောင်.. ယောင်ခြောက်သွယ်ဘောလုံးကို မိမိတို့ ဝိပဿနာ အသင်းက အတင်းဝင်လု ကန်ဖျက်ရမှာဖြစ်ပါတယ်။

အဲဒီလို ဝင်လုလို့ မြင်ယောင်၊ ကြားယောင်.. စတာတွေဟာ ဝိပဿနာ ခြေဖျားမှာ အဖျက်ခံရပါများရင် ဒိဋ္ဌိဂိုးစောင့် ပြာယာခတ်၊ စိတ်ပူပြီး နိဗ္ဗာန်ဂိုးပေါက်ထဲ မဝင်နိုင်အောင်၊ လုံအောင် မပိတ်နိုင်တော့ပါဘူး။ တစ်ချက် အငိုက်မိတာနဲ့ တစ်ဂိုးရသွားတော့မှာပါပဲ။ ဝိပဿနာ အသင်းက (၄) ဂိုးရအောင် သွင်းနိုင်မယ်ဆိုရင်တော့ သံသရာ ခန္ဓာလုပွဲ သိမ်းပြီ ပေါ့။

တစ်သံသရာလုံး မိမိတို့ရဲ့ သတိဂိုးစောင့် တာဝန်မကျေခဲ့လို့၊ အရည်အချင်း မပြည့်ခဲ့လို့ ဥပါဒါန်အသင်းက အပါယ်ဂိုးထဲ သွင်းလိုက်တဲ့ ခန္ဓာဂိုးတွေလည်း ပေးခဲ့ရပေါင်း မနည်းတော့ပါဘူး။ သူတို့ကို ဂိုးတွေ ဘယ်လောက်ကြီးပဲ ပေးခဲ့ရ၊ ပေးခဲ့ရ၊ ကိုယ်က (၄) ဂိုးသွင်းနိုင်ရင်ပဲ အပြတ်နိုင်ပြီမို့ ဒီ (၄)ဂိုးကိုတော့ဖြင့် အလွတ်မခံဘဲ အစွဲသန်တဲ့ ဥပါဒါန်အသင်းဆီက ခန္ဓာအာရုံ လုကြပါစို့.......။

[+/-] အပြည့်အစုံဖတ်မယ်...

လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”

“ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။




(က) လူပျင်းတွေက…
“အတိတ်ကံရဲ့ အကျိုးပေးကိုသာ မျှော်လင့်နေတတ်ကြပါတယ်။ ပစ္စုပ္ပန်ကံ အသစ်ကို ဥာဏ်၊ ၀ီရိယတွဲကူပြီး အားမထုတ်တတ်ကြပါဘူး။”

ရှိပါတယ်နော်။ တချို့လူတွေ ပြောတတ်ကြတာ။ “မရှိလို့လုပ်စားတာ ဖြေးဖြေးပေါ့။ ကံပါရင် ရလိမ့်မယ်”တဲ့။ ပျင်းတာသက်သက်လို့ပဲ ထင်ပါတယ်။ အတိတ်ကံ မျိုးစေ့တွေ ရှိပေမယ့် အဲဒီ့မျိုးစေ့ကို မြေပေါ်ချမစိုက်ရင်၊ ရေ၊ နေ စတဲ့ အထောက်အပံ့တွေ မပေးနိုင်ရင်၊ ပေါင်းသင် ပြုစုခြင်းတွေ မလုပ်ရင် အပင်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး။ ဥာဏ်၊ ၀ီရိယ မကူဘဲ ရစရာရှိရင် ရလိမ့်မယ်ဆိုပြီး ထိုင်မျှော်ရုံသက်သက်နဲ့တော့ ရဖို့မလွယ်ပါဘူး။ အတိတ်သံသရာက ပြန်ဆပ်လာမယ့် ကံကြွေးကိုထားလို့ လက်ရှိဘ၀မှာ ပေးမိတဲ့ အကြွေးတောင် နည်းမျိုးစုံနဲ့ မနည်းကို အားထုတ်ပြီး ပြန်တောင်းနိုင်မှ မှန်းထားတဲ့အတိုင်း ရတတ်ကြတာပါနော်။ ဘာမှ အားမထုတ်ရဘဲ အလိုလို ပြန်ရတယ်ဆိုတာ ရှိတော့ရှိမယ်။ ရှားပါလိမ့်မယ်။ မိမိတို့အနေနဲ့လည်း ဆပ်လာမယ့် ကုသိုလ်ကံကြွေးကို ကျေနပ်လောက်တဲ့ အတိုင်းအတာအထိရနိုင်ဖို့ (မိုးရွာရင် မိုးရေကို လိုအပ်တဲ့နေရာရောက်အောင် ကွက်တိစီးစေနိုင်ဖို့ မြောင်းကြိုဖောက်ထားရသလိုမျိုး) ဥာဏ်၊ ၀ီရိယကူပြီး ကုသိုလ်မြောင်းလေး ကြိုဖောက်ထားဖို့ လိုပါတယ်။ မြောင်းထဲမှာလည်း အမှိုက်တွေနဲ့ ပိတ်မနေအောင်၊ ရေစီးရေလာကောင်းအောင် ကြိုရှင်းပေးထားရပါမယ်။ ကုသိုလ်ကတော့ အကျိုးပေးလာပါပြီ။ မိမိတို့က အကုသိုလ်ကံတွေနဲ့ ပိတ်မိနေပြီး ကောင်းကျိုးရသင့်သလောက် မရဘဲ ဖြစ်တတ်လို့ပါ…။

(ခ) “ညောင်ထောက်သူ ခြေကျိုး၊ ညောင်ချိုးသူ ရွှေအိုးရ” ဆိုသလို ပစ္စုပ္ပန်အလုပ်နှင့် လက်ရှိအကျိုး တလွဲတချော် ဖြစ်နေသူတွေကတော့…
ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်ကြည့်မိတဲ့အတွက် အားမလို အားမရ၊ မကျေမနပ်ဖြစ်ပြီး ကံကို အယုံအကြည်မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတတ်ကြပါတယ်။ (ဒီပုံပြင်လေးကို လူတိုင်းသိပြီး ဖြစ်လောက်တယ်လို့ ယူဆတဲ့အတွက် မဖော်ပြတော့ပါဘူး။)

အမှန်က ခြေကျိုးရသူဟာ သေရမယ့် အတိတ်အကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ထောက်တဲ့ ကုသိုလ်ကြောင့် မသေတော့ဘဲ ခြေပဲ ကျိုးရတာပါ။
ရွှေအိုးရသူဆိုတာလည်း ရှင်ဘုရင်ဖြစ်ရမယ့် အတိတ်ကုသိုလ်ကံ ပါလာပါတယ်။ ဒါပေမယ့် (ဗောဓိ)ညောင်ပင်ချိုးတဲ့ အကုသိုလ်ကြောင့် ရှင်ဘုရင် မဖြစ်တော့ဘဲ ရွှေအိုးလောက်ပဲ ရတော့တာပါ။

တချို့ပြောကြတာ ကြားဖူးပါတယ်။ ဦးဘယ်သူ ဒေါ်ဘယ်ဝါပေါ့..။ အကုသိုလ်အလုပ်တွေ လုပ်နေတုန်းက ကောင်းကျိုးတွေ တရစပ်ရ ချမ်းသာနေပြီးတော့ တရားလေးဘာလေးနာမိလို့ အသိတရားရပြီး ကောင်းရောင်းကောင်းဝယ်လုပ်ခါမှ ကုန်းကောက်စရာမရှိအောင် စီးပွါးပျက်ဆင်းရဲသွားရတယ်တဲ့။ ဒီလို ပြောမိတတ်ကြရတာဟာ အတိတ်နဲ့ ပစ္စုပ္ပန် မျှမတွေး၊ မျှမသိဘဲ ပစ္စုပ္ပန် အကြောင်းနဲ့ အကျိုး သက်သက်လေးဘဲ ကွက်ကြည့်မိတတ်တဲ့အတွက် အယူမှားသွားကြရတာပါ။ ဘာမှ သံသယမဖြစ်ကြပါနဲ့။ ကုသိုလ်က ကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အကုသိုလ်ကလည်း အကုသိုလ်အကျိုးကိုပဲ ပေးပါတယ်။ အခုဆင်းရဲရတာနဲ့ အခုကုသိုလ်လုပ်နေတာနဲ့ ဘာမှမဆိုင်ပါဘူး။ အခုဆင်းရဲရတာက အတိတ်အကုသိုလ်ကံရဲ့ အကျိုးဆက်ပါ။ အခုလုပ်နေတဲ့ ကုသိုလ်ကလည်း တစ်ချိန်မှာ ကောင်းကျိုးချမ်းသာကို ပေးပါလိမ့်မယ်။ ဒီလိုပါပဲ။ အကုသိုလ်လုပ်ပြီး ချမ်းသာနေတယ်လို့ မပြောမိပါစေနဲ့။ သက်သက်စီပါ။ ခွဲမြင်တတ်အောင် ကြည့်စေချင်ပါတယ်။ တစ်ခုတော့ သတိပေးပါရစေ။ ဒီနှစ်ခုမှာ ကုသိုလ်က အဆန်လမ်းဖြစ်ပြီး အကုသိုလ်ကတော့ အစုန်လမ်းပါ။ ကုသိုလ်က အားထုတ်ပြီး လှမ်းရပါတယ်။ အကုသိုလ်ကတော့ သက်သာလှပါတယ်။ ဒါပေမယ့် အဆုံးသတ်ပန်းတိုင်ချင်းကတော့ ကွာလွန်းပါတယ်။ ကမ်းကိုပဲ တက်ချင်ပါတယ်၊ ၀ဲဂယက်ထဲမှာ မြုပ်မသွားချင်ပါဘူးဆိုရင်တော့ တဒင်္ဂသက်သာမှုကို မကြည့်ဘဲ ပန်းတိုင်အထိ လှမ်းမြင်သတိရှိဖို့ လိုပါတယ်။ မာရ်နတ် တက်ရပ်ပေးတဲ့အတွက် အကုသိုလ်ဘက်က ချိန်ခွင်လျှာက သာပြီးသားပါ။ ဒါပေမယ့် ချိန်ခွင်လျှာ သာတာကို သာယာနေတဲ့သူအဖို့ ဒီလိုသာတဲ့အတွက် (ဒီဘက်အခြမ်းက) ပိုသာလေ အောက်ဘက်ကို ပိုကျလေဆိုတာလေးကို တွေးသိမိရင်ရော သာယာနိုင်ပါဦးမလား။

ကံတွေရဲ့ သဘောဟာလည်း ရေများရေနိုင်၊ မီးများမီးနိုင်ပါပဲ။ အကုသိုလ်သံလိုက်နဲ့ဆွဲရင် အကုသလ၀ိပါက်သံမှုန်တွေ လာကပ်ဖို့ လမ်းရှာနေကြပါတယ်။ ကုသိုလ်ဆိုရင်လည်း ကုသလ၀ိပါက်တွေက ချောင်းနေကြပါတယ်။ ဒါပေမယ့် အားကြီးသူက လမ်းရပါတယ်။ ကံတစ်ခုလုပ်ရင်- လက်ရှိဘ၀မှာတင် အကျိုးပေးတဲ့ကံ၊ ဒုတိယဘ၀မှာ အကျိုးပေးတဲ့ကံ၊ တတိယဘ၀ကစပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတဲ့ကံဆိုပြီး အရည်အသွေး (၃)မျိုးက တွဲပါပြီးသားပါ။ ကုသိုလ်လုပ်ပေမယ့် ကောင်းကျိုးမရသေးတာက ကုသလ၀ိပါက် တိုးဝင်နေရာယူနိုင်လောက်အောင် အားမကြီးသေးလို့ပါ။ ဒါကို အတွေးချော်မသွားစေဘဲ ဒီလောက်နဲ့မရသေးရင် ပိုပြီးတော့ အားထုတ်ရမယ်လို့ပဲ နှလုံးသွင်းမှန်ရပါမယ်။ အတိတ်ကပြုထားတဲ့ ကုသိုလ်ကံတွေ အရှိန်အဟုန်နဲ့ အကျိုးပေးနိုင်စေဖို့ လက်ရှိဘ၀မှာ ကုသိုလ်တွေ များများလုပ်ပြီး ဒီဘ၀တင် အကျိုးပေးမယ့် ကံတွေနဲ့ ချူယူတတ်ရပါမယ်။ မိမိက သေချာရှင်းထားလို့ မြောင်းထဲမှာ ရေကတော့ အရှိန်အဟုန်နဲ့ စီးလာပါပြီ။ ဆက်လိုက်စရာ ရေမရှိလို့ ရေပြတ်သွားရတယ်လို့လည်း မဖြစ်ပါစေနဲ့…။

(ဂ) ကံဆိုရာမှာလည်း မျိုးစေ့နဲ့ တူတဲ့ကံ၊ အမြစ်နဲ့ တူတဲ့ကံ ဆိုပြီး (၂)မျိုး ရှိပါတယ်။
မျိုးစေ့ဆိုတာ အပင်ဖြစ်ချိန်မှာ မရှိတော့ပါဘူး။ အတိတ်ကံဟာ မျိုးစေ့နဲ့ တူပါတယ်။ အကျိုးပေးချိန်မှာ မမြင်ရတော့ပါဘူး။ နာနာက္ခဏိကကံ လို့ ခေါ်ပါတယ်။
အမြစ်ဆိုတာမျိုးကျတော့ အပင်နဲ့ အတူတကွ ဖြစ်တာပါ။ ပစ္စုပ္ပန်ကံက အမြစ်နဲ့ တူပါတယ်။ သဟဇာတကံ လို့ ခေါ်ပါတယ်။

အတိတ်ကံကို ကိုယ်မပြုပြင်နိုင်ပေမယ့်-
အတိတ် ကုသိုလ်ကံရဲ့ အကျိုးပေး ကောင်းအောင်…
အတိတ် အကုသိုလ်ကံရဲ့ အကျိုးပေး ညံ့အောင်၊ ပျက်အောင်…
ပစ္စုပ္ပန်ကံတွေကို ကောင်းသထက်ကောင်းအောင် အားထုတ်ကြိုးစားပြီး ပြုပြင်နိုင်ပါတယ်။


ဒီလို ကမ္မပစ္စည်း (၂) မျိုးရဲ့ သဘောကို နားလည်နိုင်မယ်ဆိုရင်တော့…
ကံမျှော်သူ လူပျင်း အဖြစ်မှရော၊
ကံချော်သူ မိစ္ဆာဒိဋ္ဌိ အဖြစ်မှရော လွတ်မြောက်နိုင်ပါပြီ။

[+/-] အပြည့်အစုံဖတ်မယ်...

ငါနဲ့ ဆိုင်၊ မဆိုင်
9:14 PM | Author: Dhamma Yanant

ဟိုလူ့ဆီရောက် ဒီဆီရောက်မို့ ရွှေငွေဥစ္စာ အသပြာများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
ငါဖြစ်ချင်သလို မဖြစ်ရလွန်းလို့ ဆွေမျိုးမိဘ သားသမီးများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
မနာချင်လည်းမရ နှိပ်စက်ကြလို့ မျက်စိနားနှာ အင်္ဂါများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
နေချင်သေးလည်း သေကြရလို့ အသက်ခန္ဓာ ဘဝဆိုတာလည်း ငါကမပိုင် ငါနဲ့မဆိုင်။


“ငါကို စွန့်နိုင်ရင် စွန့်။ ငါကို မစွန့်နိုင်ရင် အားလုံးကို ငါဖြစ်အောင်လုပ်” ဆိုတဲ့ စကားလိုပါပဲ။
ငါတိုးတက်အောင် လုပ်သလို အားလုံး တိုးတက်အောင် လုပ်ပေးရပါမယ်။
ငါချမ်းသာအောင် လုပ်သလို အားလုံးချမ်းသာအောင် လုပ်ပေးရပါမယ်။
ငါအန္တရာယ်ကင်းအောင် လုပ်သလို အားလုံး အန္တရာယ်ကင်းအောင် လုပ်ပေးရပါမယ်။
ဘာလို့လဲ ဆိုတော့ အားလုံးက ငါဖြစ်နေလို့ပါ။ အားလုံးက ငါနဲ့ ဆိုင်နေလို့ပါ။




ငါနဲ့မဆိုင်

ဟိုလူ့ဆီရောက် ဒီဆီရောက်မို့ ရွှေငွေဥစ္စာ အသပြာများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
ငါဖြစ်ချင်သလို မဖြစ်ရလွန်းလို့ ဆွေမျိုးမိဘ သားသမီးများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
မနာချင်လည်းမရ နှိပ်စက်ကြလို့ မျက်စိနားနှာ အင်္ဂါများလည်း ငါကမပိုင် ငါနဲ့မဆိုင်။
နေချင်သေးလည်း သေကြရလို့ အသက်ခန္ဓာ ဘဝဆိုတာလည်း ငါကမပိုင် ငါနဲ့မဆိုင်။

ဘယ်လောက်ပဲ နာကျင်နေပါစေ။ (ဥပမာ- ရောဂါဝေဒနာ ခံစားရတဲ့အခါ၊ စိတ်ထဲမှာ နာကျင်ရတဲ့အခါ…)
ဘာတွေပဲ ပျက်စီးနေပါစေ။ (ဥပမာ- ဥစ္စာပျက်တဲ့အခါ၊ တပည့်သားသမီးတွေ ကိုယ့်စကား နားမထောင်ဘဲ ထင်ရာစိုင်းတဲ့အခါ...)
ခလုတ်နှိပ်တိုင်း စိတ်လိုက်တိုမနေဘဲ ငါနဲ့မဆိုင်၊ ငါ့ပိုင်မဟုတ်လို့ နှလုံးသွင်းလိုက်ရင် အေးချမ်းပြီး စိတ်သက်သာရာရသွားပါလိမ့်မယ်။

(ကိုယ်နဲ့မဆိုင်ရင်) တစ်ကမ္ဘာလုံး ဘာတွေ ဘယ်လောက်ကြီးပဲ ပျက်စီးနေကြပါစေ။ ဘယ်သူတွေ ဘယ်လောက်တောင် ဒုက္ခရောက်နေကြပါစေ။ စိတ်ထဲမှာ ကြီးကြီးမားမား မခံစားရဘဲ (ကိုယ့်နဲ့များ ပတ်သက်ရင်တော့) နည်းနည်းလောက်ကလေး ထိခိုက်ပျက်စီးရုံနဲ့ အကြီးအကျယ် စိတ်ထိခိုက် တုန်လှုပ်မှု ဖြစ်ကြရတယ်ဆိုတာ ငါနဲ့ မဆိုင်ခြင်း၊ ဆိုင်ခြင်း ဆိုတဲ့ အစွဲကြောင့်ပါ။ ငါနဲ့ မဆိုင်လို့ ယူဆရင် မပင်ပန်းရဘဲ ငါနဲ့ဆိုင်တယ်လို့ ယူဆရင်တော့ အစွဲကြီးရင် ကြီးသလောက် ပင်ပန်းကြရမှာပါပဲ။

ဒီတော့ ပင်ပန်းချင်တာလား... သက်သာချင်တာလား...။ သက်သာရာရချင်တယ် ဆိုရင်တော့ အရာအားလုံးကို ငါနဲ့မဆိုင် လို့ ......။

ငါနဲ့ ဆိုင်တယ်

“ငါကို စွန့်နိုင်ရင် စွန့်။ ငါကို မစွန့်နိုင်ရင် အားလုံးကို ငါဖြစ်အောင်လုပ်” ဆိုတဲ့ စကားလိုပါပဲ။
ငါတိုးတက်အောင် လုပ်သလို အားလုံး တိုးတက်အောင် လုပ်ပေးရပါမယ်။
ငါချမ်းသာအောင် လုပ်သလို အားလုံးချမ်းသာအောင် လုပ်ပေးရပါမယ်။
ငါအန္တရာယ်ကင်းအောင် လုပ်သလို အားလုံး အန္တရာယ်ကင်းအောင် လုပ်ပေးရပါမယ်။
ဘာလို့လဲ ဆိုတော့ အားလုံးက ငါဖြစ်နေလို့ပါ။ အားလုံးက ငါနဲ့ ဆိုင်နေလို့ပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်မတော်မှုတွေ၊ ဖြစ်ပေါ်လာတဲ့ တာဝန်၊ ဝတ္တရားတွေကို ငါနဲ့ဆိုင်တယ်လို့ သဘောထားပြီး-
မကောင်းတာတွေကို ကောင်းအောင်၊
ကောင်းတာတွေကို ပိုပြီးကောင်းအောင်
ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးရပါမယ်။

ဒါ့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်ချင်တယ်ဆိုရင်ဖြင့် အားလုံး ငါနဲ့ဆိုင်တယ် လို့ ....။

အကောင်းဆုံးကတော့-
ကိုယ့်အတွက်ဆိုရင် ငါနဲ့မဆိုင်၊
အများအတွက်ဆိုရင် ငါနဲ့ဆိုင်တယ် လို့ နှလုံးသွင်းပြီး လုပ်စရာရှိတာ လုပ်ကြဖို့ပါပဲ….။

[+/-] အပြည့်အစုံဖတ်မယ်...

ကြား... ခိုလိုက်ပါ
9:27 AM | Author: Dhamma Yanant

အရည ဂတော ဝါ - တောအရပ်သို့ ကပ်၍သော်လည်းကောင်း၊
ရုက္ခမူလ ဂတော ဝါ - သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊
သုညာဂါရ ဂတော ဝါ - ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍သော်လည်းကောင်း- ဆိုပြီး တရားအားထုတ်ရန် နေရာတွေကို ဗုဒ္ဓမြတ်စွာက ညွှန်ပြခဲ့ပါတယ်။

သက်တမ်းကတို၊ အချိန်ကနည်း၊ လုပ်စရာတာဝန် ဝတ္တရားတွေကများ၊ စွဲမက်စရာ အာရုံတွေကပြည့် - ဒီကြားတွေထဲမှာ ညပ်နေရတဲ့ ယနေ့ခေတ် လူတွေအဖို့ ဘယ်လိုနည်းနဲ့များ တောအရပ်ကို ကပ်နိုင်ပါ့မလဲ၊ သစ်ပင်ရင်းကို ကပ်နိုင်ပါ့မလဲ၊ ဒါ့အပြင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံတွေ ပေါများလာရာမှာ ဆိတ်ငြိမ်ရာအရပ်တွေကလည်း တစ်နေ့တခြား ရှားပါးလာပါတယ်။ ဒီလိုဆိုရင် တရားအားထုတ်စရာ နေရာမရှိ၊ အချိန်မရှိလို့ အားမထုတ်ရတော့ဘူးလား။ တရားမရကြတော့ဘူးလား။ ဒီလို မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ ဘာဝနာအလုပ်ပါ။ ဘာဝနာဆိုတာ ကိုယ်၊ နှုတ်နဲ့ ပွါးရတာမျိုး မဟုတ်ပါဘူး။ စိတ်နဲ့ပွါးရတဲ့ မနောကံအလုပ်ပါ။ စိတ်ဖြစ်ဖို့ အချိန်လည်း မလို၊ နေရာလည်း မလိုပါဘူး။

ဒါဆိုရင် ဘာ့ကြောင့် အရညဂတောဝါ စသဖြင့် တရားအားထုတ်ဖို့ နေရာတွေကို (မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘဲနဲ့) ဗုဒ္ဓက ညွှန်ပြခဲ့ရတာပါလဲ။ အာရုံတွေရဲ့ လွှမ်းမိုးမှုကို မတော်လှန်နိုင်သူတွေအတွက် ညွှန်ပြခဲ့တာပါ။ ပင်ကိုယ်အားဖြင့်ကိုက နှစ်သက်စရာ အာရုံတွေ၊ ခေတ်နဲ့အညီ မကြိုက်ကြိုက်အောင် ဖန်တီးထားတဲ့ နှစ်သက်စရာ အာရုံတွေ.. ဒီလို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ အာရုံတွေကနေ ဝေးဝေးနေနိုင်စေဖို့၊ ရှောင်နိုင်စေဖို့ (အာရတီဖြစ်စေဖို့) ညွှန်ပြခြင်းသာ ဖြစ်ပါတယ်။ စိတ်ကို အာရုံအလို မလိုက်စေဘဲ၊ အာရုံကိုသာ စိတ်အလိုလိုက်နေစေနိုင်ရင် ဘယ်အချိန်၊ ဘာနေရာမှ မလိုတော့ပါဘူး

တစ်စုံတစ်ခုကို လိုချင်ရင် တစ်စုံတစ်ခုကို ပေးဆပ်ရမြဲ ဖြစ်ပါတယ်။ ဘယ်ဥစ္စာမှ အလကားမရပါဘူး။ မိမိတို့ ဘ၀မှာ အများဆုံး ပေးဆပ်လိုက်ရတာက အချိန်တွေပါ။ မွေးကတည်းက ပေးဆပ်လာခဲ့လိုက်ရတာ။ ပေးရဖန်များလွန်းလို့ လက်ကျန်အချိန်ဆိုတာတောင် မရှိတော့သလောက်ပါပဲ။ သီးသန့်အချိန်မရှိတော့မှတော့ ကြားဖြတ်အချိန်ယူရုံပဲ ရှိပါတော့တယ်။ ဒီတော့ ဘယ်လို ကြားဖြတ်ကြမလဲ။

မိမိတို့ နေ့စဉ်ပြုနေကြ အလုပ်ချိန်တွေထဲမှာ ကုသိုလ်စိတ်ကလေး ကြားခိုလိုက်ရုံပါပဲ။ ချက်ရင်း ပြုတ်ရင်း၊ လျှော်ရင်း ဖွပ်ရင်း၊ သွားရင်း လာရင်း၊ တွက်ရင်း ချက်ရင်း၊ လုပ်ရင်း ကိုင်ရင်း၊ ပြေးရင်း လွှားရင်း၊ မောင်းရင်း နှင်ရင်း၊ ပြောရင်း ဆိုရင်း.... အနည်းဆုံး အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာစိတ်ကလေး ကြားခိုနိုင်ပါတယ်။ ဂုဏ်တော်တွေ ပွားများတဲ့ စိတ်ကလေး ကြားခိုနိုင်ပါတယ်။ လုပ်လိုက်သမျှကို လိုက်လိုက်သိနေတဲ့၊ မမြဲတဲ့ သဘောကို သိသိပေးနေတဲ့ ဝိပဿနာ စိတ်ကလေး ကြားခိုနိုင်ပါတယ်။

ဒီလို ဝိပဿနာ စိတ်ကလေး ကြားခိုလိုက်တဲ့အတွက်ကြောင့် တရားထူးရပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အရိယာ ဖြစ်သွားသူတွေ မနည်းလှပါဘူး။ ဆီမီးထွန်းရင်း၊ ခြေဆေးရင်း၊ ထမင်းချက်ရင်း၊ ဟင်းရွက်ကြော်ရင်း၊ နွားကျောင်းရင်း၊ သင်္ဘောစီးရင်း… စသဖြင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်း အရိယာဖြစ်သွားသူတွေ မရေမတွက်နိုင် များစွာပါ။ ဗုဒ္ဓလက်ထက်တော်အခါက သာဝတ္ထိပြည်မှာ လူဦးရေ (၇)ကုဋေရှိတဲ့အထဲမှာ (၅) ကုဋေက အရိယာတွေပါ။ ဒီပုဂ္ဂိုလ်တွေဟာ အိမ်ယာတည်ထောင် လူ့ဘောင်မှာနေပြီး မိမိအလုပ် မိမိလုပ်ရင်းက အရိယာဖြစ်အောင် ကုသိုလ် ကြားခိုနိုင်ခဲ့ကြသူတွေပါ။ သာသနာမှာ အလွန်ထင်ရှားတဲ့ အနာထပိဏ်၊ ဝိသာခါတို့ဆိုတာလည်း ကိုယ့်စီးပွားကိုယ်လုပ်နေကြတဲ့၊ အောင်မြင်စွာ ကြားခိုနိုင်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် ကုန်သည်အရိယာကြီးတွေပါ။

ဒါ့ကြောင့် မိမိတို့အနေနဲ့ တရားအားထုတ်ဖို့ အချိန်နည်းလို့၊ ရိပ်သာမှာ စခန်းသွားမ၀င်နိုင်လို့ စိတ်မဆင်းရဲပါနဲ့။ အားထုတ်ချင်စိတ် ရှိဖို့ပဲ အရေးကြီးပါတယ်။ အလုပ်တိုင်းမှာ အချိန်တိုင်း သတိမကပ်နိုင်တောင် (အကုသိုလ်လုပ်နေရင်တောင်မှ) သတိရလိုက်တဲ့အချိန် ကုသိုလ်စိတ်ကလေး ကြားဖြတ်ဝင်တတ်အောင် ကြိုးစားကြည့်ပါ။ အခု သတိရရင် အခု ကုသိုလ်စိတ်လေး ကြားခိုလိုက်ပါ။ ကြားခိုထားတဲ့ ကုသိုလ်လေးတွေ များများလာရင် ကုသိုလ်အစုအပုံကြီး ဖြစ်လာပါမယ်။ ကုသိုလ်အစုအပုံကြီးက ပေးလာတဲ့အကျိုးဖြစ်မှတော့ သံသရာမှာ ထောက်ရာရပြီပေါ့။

အဲ... တစ်ခုတော့ သတိပေးလိုက်ပါရစေ။ ရှားရှားပါးပါး ကုသိုလ်ပြုနေချိန်မှာတော့ အကုသိုလ် ကြားခိုမလာစေဖို့ အရေးကြီးပါတယ်။ အကုသိုလ်ဆိုတာမျိုးက သိပ်လျင်ပါတယ်။ ၀င်ဖို့လည်း အမြဲချောင်းနေပါတယ်။ အထူးအားထုတ်စရာလည်း မလိုပါဘူး။ အမြဲတမ်းလိုလို ရောက်မှန်းမသိ ရောက်နေတတ်ပါတယ်။ သတိအစောင့် လစ်ရင်လစ်သလို နေရာယူထားတတ်ပါတယ်။ ဒါ့ကြောင့် အကုသိုလ်ကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း ကုသိုလ်ကိုပဲ ကြားခိုခွင့်ပေးလိုက်ပါ...။ ကြားခိုတတ်အောင် ကြိုးစားလိုက်ပါ.....။

[+/-] အပြည့်အစုံဖတ်မယ်...

ဆုံနိုင်ခွင့်...
6:10 PM | Author: Dhamma Yanant

ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။

ဒီဘ၀တစ်ခုတည်းကိုပဲ ဘ၀ထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘ၀တွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြုံးရုံပဲ ပြုံးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။

သတ္တဝါတွေရဲ့ စေတနာကံဆိုတာ တစ်ဦးနဲ့တစ်ဦး ထပ်တူဖြစ်ဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။ ဒါ့ကြောင့် သတ္တဝါအနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း သေသူရှားသလို နောက်ဘဝမှာလည်း လူစသည် အတူတူပြန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ''ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား'' ချင်သူများအတွက် ရိုးရိုးငှက်နဲ့ ဇောက်ထိုးနေတဲ့ လင်းဆွဲငှက်ဖြစ်နေရင် အဆင်ပြေနိုင်ပါ့မလား။ ငှက်တော့ ဖြစ်ပါရဲ့။ ဒါပေမယ့် ငှက်ကြီးဝန်ပိုနဲ့ နှံပြည်စုတ်ငှက် ဖြစ်နေကြရရင်ရော…?။ သတ္တ၀ါတွေ ဘဝရချိန် ကွာခြားသလောက် အသက်အရွယ်စတာတွေလည်း ကွာခြားနိုင်ပါတယ်။ ဇနီးမောင်နှံ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကညာပျိုနဲ့ ဇရာအို ဖြစ်နေတာတို့၊ တစ်မိသားစုတည်း ဖြစ်နေတာတို့၊ ယောက်ျားအတူတူ ဖြစ်နေတာတို့၊ မိန်းမအတူတူ ဖြစ်နေတာတို့ စတာတွေပါ။

တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘ၀ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။ နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။ တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်း ဒဏ်ရာမရှိမှသာ စိတ်စွမ်းအားပြည့်ပြီး ကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။ တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။

ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။ ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။
(၁) တူညီတဲ့ သဒ္ဓါတရားရှိခြင်း၊
(၂) တူညီတဲ့ သီလရှိခြင်း၊
(၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုရှိခြင်း၊
(၄) တူညီတဲ့ ဥာဏ်ပညာရှိခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ပြောင်းပြန်ကြည့်ရင် ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာပန္နက်ရိုက်ရိုက်၊ ဆုတွေတောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။ ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။ ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။

ဗျာဒိတ်ခံပြီးချိန်ကစပြီး နိဗ္ဗာန်ရမယ့် နောက်ဆုံးဘဝအထိ လက်တွဲခဲ့ကြတဲ့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ယသောဓရာ၊ အရှင်မဟာကဿပလောင်း ပိပ္ပလိလုလင်နဲ့ ဘဒ္ဒကာပိလာနီ (သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ ကမ္ဘာမြေကြီးကတောင် ဝမ်းနည်းလွန်းလို့ တုန်လှုပ်သွားခဲ့ပါသေးတယ်) တို့တောင်မှ အသင်္ချေ ကမ္ဘာချီတဲ့ ဘဝတွေမှာ သူတို့တွေ တွေ့ဆုံ ပေါင်းသင်းကြရတဲ့ ဘဝတွေက အလွန်ဆုံး ရာ၊ထောင်ခန့်ပဲ ရှိပါတယ်။ မတွေ့မဆုံ၊ မပေါင်းသင်းခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင် များစွာပါ။

ဒီတော့… ဗုဒ္ဓရဲ့ စကားတော်ဆိုတာ မှားရိုးထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။ နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။ အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။

[+/-] အပြည့်အစုံဖတ်မယ်...

လောကမှာ အမှန်တရား (၂)မျိုး ရှိပါတယ်။ မရှိမှန် သမုတိသစ္စာ နဲ့ အရှိမှန် ပရမတ္ထသစ္စာတို့ပဲ ဖြစ်ပါတယ်။

သမုတိသစ္စာဆိုတာ လောကမှာ ခေါ်ဝေါ်ပြောဆို သိမှတ်နေသမျှသော ပညတ်တရားတွေပါ။ လောကနယ်ပယ်မှာ စကားပြောဖြစ်စေဖို့ မရှိမဖြစ် သမုတ်ထားတဲ့ အမှန်တရား ဖြစ်ပါတယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာမှာ စကားပြောတဲ့အပိုင်းနဲ့ နားလည်တဲ့အပိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါ့ကြောင့် ပညတ်ဆိုရာမှာလည်း စကားပြောဖို့ သဒ္ဒပညတ်နဲ့ နားလည်သဘောပေါက်ဖို့ အတ္ထပညတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အရာဝတ္ထု တစ်ခုတည်းကိုပဲ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကားနဲ့ကိုယ် အမည်သတ်မှတ်ထားတဲ့အတွက် ကိုယ့်ဆိုင်ရာ ဘာသာမှာတော့ မှန်နေပါတယ်။

ဥပမာ- ခွေးကိုပဲ မြန်မာက ခွေး၊ အင်္ဂလိပ်က ဒေါ့ဂ်၊ ဂျပန်က အိနု၊ သီဟိုဠ်က ဗလ်လ၊ ပါဠိက သာ၊ သုနခ၊... စသည်ဖြင့် မိမိတို့ ဘာသာအလိုက် အမည်သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။ ကိုယ့်စကားနဲ့ကိုယ်တော့ မှန်ကြတာချည်းပါ။ ဒါကို ကိုယ့်စကားမှ အမှန်ဆိုပြီး ငြင်းခုံနေစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် လောကမှာ အငြင်းအခုံဖြစ်လိုက်သမျှဟာ ပညတ်တရားတွေကြောင့်ချည်းပဲ များပါတယ်။ ကိုယ့်ဆိုင်ရာ ဆိုင်ရာ မှန်ကန်ကြတာာပဲ ဖြစ်ပေမယ့် အဲဒီ့ပညတ်တရားတွေဆိုတာ တကယ်မရှိပါဘူး။ ဒါ့ကြောင့် မရှိမှန် အမှန်တရားတစ်ခု ဖြစ်ရတာပါ။

ဥပမာ- ခွေးဆိုတာကို စိစစ်ကြည့်ရင် စိတ်၊ စေတသိက်၊ ရုပ်ပဲ ရှိပါတယ်။ ခွေးဆိုတာ မရှိပါဘူး။ ဒါပေမယ့် စကားပြောဆိုတဲ့အခါ အရာအားလုံးကို စိတ်၊ စေတသိက်၊ ရုပ်ချည်းပဲ ပြောလို့မဖြစ်ပါဘူး။ နားထောင်တဲ့သူလည်း ဆိုလိုချက်ကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ အားလုံး ရှုပ်ကုန်ပါလိမ့်မယ်။ ဒါ့ကြောင့် လူလူချင်း ဆက်ဆံရာမှာ နားလည်နိုင်အောင်၊ စကားပြောလို့ဖြစ်အောင် အမည်အမျိုးမျိုး သတ်မှတ်ထားရပါတယ်။ ဒါက အမည်နာမ သမုတ်ထားရတဲ့ သမုတိသစ္စာရဲ့ သဘောပါ။

ပရမတ္ထသစ္စာဆိုတာကတော့ အမှန်တကယ်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တရားတွေပဲ ဖြစ်ပါတယ်။ လောကမှာ တကယ်တမ်းရှိတာက စိတ်၊ စေတသိက်၊ ရုပ်တွေပါ။ နိဗ္ဗာန်ဆိုတာက လောကမှ လွန်မြောက်သွားတဲ့ အရှိတရားပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အထိပ် ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အရှိတရားကို ရောက်ဖို့ဆိုရင် တကယ်မရှိတဲ့ ပညတ်တရားတွေနဲ့ သွားလို့ မရောက်နိုင်ပါဘူး။ အမှန်တကယ်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်ဆိုတဲ့ ရုပ်၊ နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှု မမြဲတဲ့၊ ဆင်းရဲတဲ့၊ အစိုးမရတဲ့ သဘောတွေကို သတိ၊ ဥာဏ်တို့နဲ့ ရှုမှတ်သိမြင်နိုင်မှသာ ရောက်နိုင်ပါတယ်။ မမြဲတဲ့ ဒီရုပ်၊ နာမ်တွေကိုမြင်မှ မြဲတဲ့နိဗ္ဗာန်ကို မြင်မှာ ဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာ သေခြင်းမရှိ၊ ရွေ့ခြင်းမရှိတဲ့ အစ္စုတတရားဖြစ်လို့ မြဲပါတယ်။

သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါးမှာ-
(၁) သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမယ်။
(၂) သူတော်ကောင်းတရားကို ကြားနာရမယ်။
(၃) သင့်တင့်အောင် နှလုံးသွင်းတတ်ရမယ်။
(၄) တရားကို တရားအားလျော်စွာ ကျင့်သုံးတတ်ရမယ်။
ဒီလေးချက်ထဲမှာ လေးခုမြောက်အချက်က လိုရင်းအချုပ်ပါ။ "တရားကို တရားအားလျော်စွာ" လို့ဆိုရာမှာ ရှေ့တရားက မိမိလိုလားတဲ့ ကိစ္စကိုပြပြီး နောက်တရားက မိမိလိုလားတဲ့ကိစ္စနဲ့ လျော်ညီအောင် ကျင့်သုံးရမယ့် အလုပ်ကို ဆိုလိုပါတယ်။ ဒီတော့ မိမိတို့ ဗုဒ္ဓဘာသာဝင်များ လိုလားတဲ့ ကိစ္စက နိဗ္ဗာန် ဆိုရင် ကိစ္စနဲ့ လျော်ညီတဲ့ အလုပ်က ၀ိပဿနာအလုပ် ရပါတယ်။ နိဗ္ဗာန်ဆိုတာက ပရမသုညတသဘော (လွန်မြတ်တဲ့ ဆိတ်သုဉ်းမှု)ပါ။ ဒီ ပရမသုညတ အရှိပရမတ်သဘောဆီကို ခေါင်းကိုယ်ခြေလက် နိမိတ်ပညတ် မရှိတရားနဲ့ သွားလို့မရပါဘူး။ အရှိဆီကို အရှိတရားနဲ့ "အရှိကို အရှိအတိုင်း" သွားမှပဲ ရောက်နိုင်ပါမယ်။

(၁) ကိလေသာဆိုတာ ပညတ်ကို အာရုံပြုပါတယ်။ (သူသူငါငါ အကြောင်းအရာတွေကို အာရုံပြုပါတယ်။)
(၂) ဝိပဿနာက ရုပ်၊နာမ်ကို အာရုံပြုပါတယ်။
(၃) မဂ်၊ဖိုလ်က နိဗ္ဗာန်ကို အာရုံပြုပါတယ်။
ပညတ်ကို အာရုံပြုတဲ့ ကိလေသာနဲ့ မဂ်၊ဖိုလ်ကို မရနိုင်ပါဘူး။ ရုပ်၊နာမ်ကို အာရုံပြုတဲ့ ဝိပဿနာနဲ့မှပဲ မဂ်ဖိုလ်ကို ရနိုင်ပါတယ်။ မဂ်၊ဖိုလ်ရမှသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ လောကမှလွန်မြောက်တဲ့ အရှိပရမတ်တရားကို မျက်မှောက်ပြုနိုင်ဖို့ဆိုရင် လောကထဲက အရှိပရမတ်တရားတွေရဲ့ ဖောက်ပြန်မှုသဘောကို ရှုရတဲ့ သတိပဋ္ဌာန်လမ်း၊ ပဋိစ္စသမုပ္ပါဒ်လမ်း စသည်ဖြင့် ဗုဒ္ဓဟောကြားတော်မူထားခဲ့တဲ့ နည်းလမ်းတွေထဲက မိမိတို့ နှစ်သက်ရာ လမ်းတစ်လမ်းကို ရွေးချယ်လျှောက်လှမ်းရပါမယ်။

နိဗ္ဗာန်ဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးကလွတ်တဲ့ ကာလဝိမုတ်တရား ဖြစ်ပါတယ်။ ပညတ်ဆိုတာလည်း ကာလဝိမုတ်တရားပါ။ ဒါပေမယ့် ပညတ်က တကယ် မရှိတဲ့အတွက်ကို ကာလဝိမုတ် ဖြစ်ရတာပါ။ နိဗ္ဗာန်ကတော့ အမှန်တကယ်ရှိတဲ့ ကာလဝိမုတ်တရား ဖြစ်ပါတယ်။ ဒီတော့ အမှန်တကယ်ရှိတဲ့ ကာလဝိမုတ်တရားဆီရောက်နိုင်ဖို့ဆိုရင်၊ အမှန်တကယ်ရှိတဲ့ ရုပ်နာမ်တရားတွေကို အမှန်တယ်ရှိတဲ့ ကာလဝိမုတ်တရားနဲ့ နီးစပ်စေနိုင်ဖို့ဆိုရင် ကာလသုံးပါးက ကာလတွေကို လျှော့ပစ်ဖို့ လိုပါတယ်။

အဲဒီ့လို လျှော့တဲ့အခါ ပစ္စုပ္ပန်ကာလက ဖြစ်ဆဲဖြစ်တဲ့အတွက် လျှော့ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ အတိတ်ကာလနဲ့ အနာဂတ်ကာလတွေကတော့ ဖြစ်ပြီးဖြစ်လို့ရယ်၊ မရောက်သေးလို့ရယ်ကြောင့် လျှော့ချပစ်နိုင်ပါတယ်။ အဲဒီ့ အတိတ်၊ အနာဂတ် ရုပ်၊ နာမ်တွေအပေါ် ကျရောက်နေတဲ့၊ စွဲလမ်းနေတဲ့၊ မျှော်လင့်နေတဲ့ အစွဲတွေ၊ အမျှော်တွေကို ဖြုတ်ပစ်ရမယ်လို့ ဆိုလိုပါတယ်။ အတိတ်ကို မပြန်ဘဲ၊ အနာဂတ်ကို မကြံဘဲ နှလုံးမသွင်းဘဲ နေရပါမယ်။ ပစ္စုပ္ပန်တည့်တည့် ရှုခြင်းဖြင့်သာ ကာလဝိမုတ် နိဗ္ဗာန်သို့ ရောက်နိုင်ပါတယ်။

တစ်ခုတည်းသော ကာလဖြစ်တဲ့ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ရုပ်၊နာမ်တရားတွေအပေါ်မှာလည်း နှစ်သက်မှု၊ မနှစ်သက်မှု မဖြစ်စေဘဲ ရုပ်၊နာမ်တွေရဲ့ ဖောက်ပြန်ပျက်စီးနေမှုကိုပဲ မလွတ်တမ်းသိနိုင်အောင် ကြိုးစားနေရပါမယ်။ အဲဒီ့လို ဖောက်ပြန်တတ်တဲ့ အရှိတရားတွေကို ဖောက်ပြန်တဲ့ အရှိသဘောအတိုင်း ရှင်းရှင်းလင်းလင်း သိမှသာလျှင် မဖောက်ပြန်တော့တဲ့ အရှိတရား နိဗ္ဗာန်သို့ ရောက်နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့လည်း မရှိပညတ်နယ်ထဲမှာ မောဟဖိစီး အအိပ်ကြီးအိပ်ခဲ့ကြ၊ အမေ့ကြီးမေ့ခဲ့ကြ၊ ကာမဂုဏ်အာရုံတွေမှာ အပျော်ကြီးပျော်ခဲ့ကြလို့ "နတ်ပြည်တစ်ချက်၊ ခွေးဝက်တစ်ဖုံ၊ နတ်ဘုံတစ်နဲ(နည်း)၊ ငရဲခါခါ၊ ပြိတ္တာတန်တန်၊ ဒုက္ခဒဏ်အမျိုးမျိုး၊ ဆင်းရဲအောက်မှာ၊ ဒူးထောက်ခါသာ၊ အဖြာဖြာသား၊ ခံရများ၏" ဆိုသလိုပဲ အတိုင်းအဆမရှိတဲ့ သံသရာခရီးရှည်ကြီးထဲမှာ စုန်တစ်ချည် ဆန်တစ်ပြန်၊ မြုပ်တစ်ခါ ပေါ်တစ်လှည့် အမောကြီး မောခဲ့ရပြီးပါပြီ။ အခုအခါမှာတော့ တရားရှိန်နေမင်း ထွန်းလင်းပွင့်ပေါ်နေပြီဖြစ်တဲ့အတွက် အ၀ိဇ္ဖာဝပ်ကျင်းထဲမှာ အိပ်ပျော်နေရာက ကြိုးစားနိုးထကြပြီး အခွင့်ကောင်းကို မမေ့မလျော့ မပေါ့မဆ အရယူနိုင်ဖို့ "အရှိကို အရှိအတိုင်းသာ"………. ။

[+/-] အပြည့်အစုံဖတ်မယ်...

သုံးတတ်လျှင်ဆေး...
9:04 AM | Author: Dhamma Yanant

ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာ ဖြစ်ပါစေ။ အသုံးမတတ်ရင် အန္တရာယ် ဖြစ်ပါတယ်။ အသက်ကယ်ဆေးတောင် သူ့အချိန်အဆအတိုင်း မသုံးတတ်ရင် အဆိပ်ဖြစ်သွားရတာပါ။ 'သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်ဘေး' ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ မိမိကသာ သုံးတတ်မယ်ဆိုရင် မကောင်းတဲ့အရာ၊ အန္တရာယ်ရှိတဲ့ အရာတွေတောင် အသုံးဝင် အကျိုးရှိလာရပါတယ်။ ဥပမာဆိုရရင် လူကိုသေစေတဲ့ မြွေဆိပ်ကိုပဲ မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြရပါတယ်။ ကြောက်စရာ ကပ်ရောဂါကြီးဖြစ်တဲ့ ကျောက်ရောဂါကို ကာကွယ်ဖို့ ရောဂါပိုးစတိကိုပဲ ဆေးအဖြစ် ထိုးသွင်းခဲ့ကြရပါတယ်။ ကမ္ဘာကြီးကို ပျက်သွားအောင် လောင်ကျွမ်းပစ်နိုင်တဲ့ မီးတောင်မှ သုံးတတ်မယ်ဆိုရင် သတ္တဝါတွေအတွက် မရှိမဖြစ် အသုံးဝင်သွားရပါတယ်။ ဒီနည်းတူပါပဲ။ သတ္တဝါတွေကို ပူလောင်စေတတ်တဲ့၊ အပါယ်ဆင်းရဲကို ပို့နိုင်တဲ့ အကုသိုလ် ကိလေသာမီးတွေကိုလည်း မိမိကသာ အသုံးချတတ်မယ်ဆိုရင် အပူမီးတွေ ငြိမ်းသွားရတဲ့အပြင် အနှိုင်းမဲ့ချမ်းသာကိုတောင် ခံစားရနိုင်ပါတယ်။

တဏှာရာဂစတဲ့ အကုသိုလ် ကိလေသာတွေ ချုပ်ငြိမ်းမှ ရောက်နိုင်တဲ့ အနှိုင်းမဲ့ နိဗ္ဗာန်ချမ်းသာကို ရောက်ဖို့ အကုသိုလ် ကိလေသာတွေကို ဘယ်လိုများ အသုံးချရပါ့မလဲ။ အကုသိုလ် ကိလေသာတွေကို အသုံးချလို့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။ ရနိုင်ပါတယ်။ သာဓကများစွာ ရှိတဲ့အထဲက ပါနီယဇာတ်ကို ထုတ်ပြချင်ပါတယ်။ (ဒီဝတ္ထုကို အတော်များများလည်း ဖတ်ဖူး၊ ကြားဖူးပြီး ဖြစ်ကြမယ်လို့ ထင်ပါတယ်။) ကာမဝိတက်ကို ကြံစည်မိကြတဲ့ ရဟန်း(၅ဝဝ)ကို အကြောင်းပြုပြီး ကိလေသာဆိုတာ သေးတယ်၊ ငယ်တယ်၊ မပြောပလောက်ဘူးလို့ လျစ်လျူမရှုဘဲ နှိပ်ကွပ်သင့်ကြောင်း မြတ်စွာဘုရားက ပုံစံပြ ဟောတော်မူခဲ့ပါတယ်။

ရှေးတုန်းက ကာသိတိုင်းမှာ သူငယ်ချင်းနှစ်ယောက် လယ်ထွန်သွားကြပါတယ်။ တစ်ယောက်က ရေဆာလာတဲ့အခါ မိမိရေဘူးထဲကရေ ကုန်သွားမှာစိုးလို့ အခြားတစ်ယောက်ရဲ့ ရေကို ခိုးသောက်လိုက်ပါတယ်။ အလုပ်ပြီးလို့ ညနေချမ်း ရေမိုးချိုး အနားယူပြီးတဲ့အခါ တစ်နေကုန်ပြုမိတဲ့ ကိစ္စတွေကို ပြန်စဉ်းစားတော့ ရေခိုးသောက်မိတဲ့ မကောင်းမှုကို ပြန်သတိရမိပါတယ်။ (မိမိတို့လည်းပဲ တစ်နေ့တာ ပြုမိတဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ပြန်လည်ဆင်ခြင်ပြီး ကောင်းမှုတွေကို တိုးပွားစေ၊ မကောင်းမှုတွေကို နောင်မဖြစ်ပွားစေရအောင် သံဝေဂပွါး သုံးသပ်တဲ့ အကျင့်လေးထားသင့်ပါတယ်။) အဲဒီလို သတိရလိုက်တဲ့အခါ ဒီခိုးမှုဟာ မိမိကို အပါယ်ထိအောင် ဆွဲချနိုင်ပါလားလို့ ထိတ်လန့်သွားပြီး အဲဒီ့ အကုသိုလ်ကိုပဲ အာရုံပြုပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ခိုးမှုဆိုတဲ့ အဒိန္နာဒါနကံကို ကျူးလွန်မိတဲ့ပုဂ္ဂိုလ်တောင် အဲဒီ့အကုသိုလ်ကို အသုံးချပြီး သဗ္ဗညုဘုရားရှင်ထက် တစ်ဆင့်သာနိမ့်တဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်ခွင့်ရှိသေးရင်…၊ ဖြစ်အောင် လုပ်နိုင်ခဲ့သေးရင်…။

နောက်အကြောင်းအရာတစ်ခုက အဲဒီ့ ကာသိတိုင်းရွာငယ်တစ်ခုမှ သူကြွယ်တစ်ယောက်ဟာ မိမိရှေ့က ဖြတ်သွားတဲ့ ဇနီးမောင်နှံနှစ်ယောက်အနက် အမျိုးသမီးကို တပ်မက်သဘောကျလွန်းလို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိပါတယ်။ ကြည့်မိပြီးကာမှ သူတစ်ပါးရဲ့ မယားကို လောဘနဲ့ ကြည့်မိတဲ့ အကုသိုလ်ကြောင့် အပါယ်ကျရတော့မှာပဲလို့ ထိတ်လန့်ပြီး အဲဒီ့အကုသိုလ်ကို အခြေခံပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ကာယကံမှုပြုမှ ကမ္မပထမြောက်တဲ့ ကာမေသုမိစ္ဆာစာရကံကို စိတ်ကလေးနဲ့တင် ကျူးလွန်မိတာကို အချိန်မီ တားဆီးချုပ်ငြိမ်းစေနိုင်ခဲ့တဲ့အတွက် နိဗ္ဗာန်ချမ်းသာကို ခံစားရပါတယ်။ အလွန်အတုယူဖွယ် ကောင်းပါတယ်။ (ယခုခေတ်လူများ ဒီလိုသာ စိတ်နဲ့ပြစ်မှားမိရုံနဲ့ သံဝေဂရပြီး ဝိပဿနာရှုလို့ ပစ္စေကဗုဒ္ဓါ ဖြစ်ကြမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအတော်များများ ပစ္စေကဗုဒ္ဓါ ဖြစ်ကုန်ကြလို့ နန္ဒမူလိုဏ်ဂူတောင် ဆန့်မယ်မထင်ပါဘူး။ အဲဒီ့လို မဆန့်မှာစိုးလို့လည်း မထိတ်လန့်ကြတာ နေမှာပါ။ ဒါမှမဟုတ်ရင်လည်း သာသနာတွင်းကာလမှာ ပစ္စေကဗုဒ္ဓါ မပွင့်နိုင်ဘူးလို့ ကြားဖူးတဲ့အတွက် မိမိဘာသာ သံဝေဂရအောင် မပွားကြတာ ဖြစ်ပါလိမ့်မယ်။)

နောက်တစ်ဦးလည်း ရှိပါသေးတယ်။ ထိုကာသိရွာမှာပဲ သားအဖနှစ်ယောက် ရှိပါတယ်။ ထိုခေတ်ကလည်း တောအုပ်တွေထဲမှာ ပြန်ပေးသမားတွေ ရှိပါတယ်။ အဲဒီ့ ပြန်ပေးသမားတွေဟာ သားအဖကို ဖမ်းမိရင် သားကို ဖမ်းထားပြီး အဖေကို ငွေပြန်ယူခိုင်းကာ ရွေးစေပါတယ်။ (မိဘမေတ္တာကို သေချာပေါက် တွက်လို့ရပါတယ်နော်။) ညီအစ်ကိုဖြစ်ရင် ညီကိုဖမ်းထားပြီး အစ်ကိုကို လွှတ်ကာ ရွေးစေပါတယ်။ ဆရာတပည့်ဖြစ်ရင် ဆရာကို ဖမ်းထားပြီး တပည့်ကို လွှတ်ပါတယ်။ ပညာကို လိုချင်တဲ့ တပည့်က ဥစ္စာကို ပြန်ယူပြီး ဆရာကို ရွေးရပါတယ်။ အခု ကာသိရွာသား သားအဖနှစ်ယောက်ကိုလည်း ပြန်ပေးသမားတို့က ဖမ်းထားကြပါတယ်။ အဖမ်းများခံရရင် ပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်ဖို့အတွက် ဘာတော်သလဲမေးရင် ဘာမှမတော်ဘူးလို့ လိမ်ပြောဖို့လည်း တိုင်ပင် ထားကြပြီးသားပါ။ ဒီတော့ တကယ်မေးလာတဲ့အခါမှာလည်း တိုင်ပင်ထားတဲ့အတိုင်းပဲ ညာပြောလိုက်ကြပါတယ်။ ပြန်ပေးလက်က လွတ်မြောက်ပြီးလို့ ညချမ်းအခါ မိမိအကြောင်းတွေကို ပြန်တွေးတော့ လိမ်လည်မှုကိုမြင်ပြီး ထိတ်လန့် ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ (မျက်မှောက်ခေတ်မှာတော့ လင်္ကာချောစေဖို့ မပါမဖြစ် ပါရပါတယ်ဆိုတဲ့ မုသား၊ အကျင့်ပါနေတဲ့ မုသား၊ အကျိုးစီးပွား ပျက်စီးစေတဲ့ မုသား၊ အကျိုးစီးပွား မပျက်စီးစေတဲ့ မုသား စသည်.. စသည် ရေလဲသုံးနေတဲ့ မုသားတွေ များလွန်းလို့ မထူးဆန်းတော့ဘဲ သံဝေဂလည်းမရ၊ ဒန်ဝေဂလည်းမရ ဖျောက်ဖျက်ဖို့လည်း မစဉ်းစား၊ ကြောက်လန့်ဖို့လည်း မတွေးအားကြတော့တာနဲ့ မုသာဝါဒကို အခြေခံတဲ့ ၀ိပဿနာဆိုတာ ကြားတောင်မကြားဖူးကြပါဘူး။)

အဲ... နောက်တစ်ယောက်ကတော့ ကာသိတိုင်းမှ ရွာစားတစ်ယောက် ဖြစ်ပါတယ်။ အဲဒီ့ရွာစားက သူ့ရွာမှာ သားငါးမသတ်ရလို့ စည်းကမ်းထုတ်ထားပါတယ်။ တစ်နေ့မှာ သားကောင်တွေကို သတ်ပြီး နတ်ပူဇော်ရတဲ့အခါနဲ့ ကြုံကြိုက်နေပါတယ်။ ရွာသားတွေ စုဝေးပြီး ရှေးထုံးစံအတိုင်း သားသတ်ပြီး နတ်ပူဇော်ခွင့်ပြုဖို့် တောင်းပန်ကြပါတယ်။ ဒါနဲ့ ရွာစားလည်း ထုံးစံရှိတဲ့အတိုင်း ပြုလုပ်ဖို့ ခွင့်ပေးလိုက်ရပါတယ်။ ခွင့်ရတာနဲ့ လူတွေလည်း သတ်ဖြတ်ပူဇော်ကြပါတယ်။ ရွာစားလည်း မိမိရဲ့ ခွင့်ပြုစကား တစ်ခွန်းကြောင့် သတ္တဝါတွေ သေကြရတယ်ဆိုပြီး နောင်တကုက္ကုစ္စ ဖြစ်ရပါတယ်။ အဲဒီ့ ပါဏာတိပါတကံနဲ့ စပ်လျဉ်းတဲ့ နောင်တကိုပဲ ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။

အဲဒီ့ရွာစားလိုပဲ နောက်ထပ် ရွာစားတစ်ယောက် ရှိပါသေးတယ်။ ဒီရွာစားကတော့ သေအရက် ရောင်းဝယ်ခြင်းကို တားမြစ်ထားပါတယ်။ သေသောက်သဘင် ကျင်းပရာအခါ ရောက်တော့ လူအပေါင်းက ရွာစားကို ဝိုင်းတောင်းပန်ကြပါတယ်။ ရွာစားလည်း ရှေးထုံးစံဖြစ်နေတော့ မတားမြစ်သာဘဲ ခွင့်ပြုလိုက်ရပါတယ်။ လူတွေလည်း သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ပွားကြလို့ ကျိုးပဲ့ဒဏ်ရာတွေ ရကုန်ကြပါတယ်။ ဒီလို လူအများ ဆင်းရဲဒုက္ခရောက်ကြရတာ မိမိရဲ့ စကားတစ်ခွန်းကြောင့်ပဲဆိုပြီး ရွာစားလည်း နောင်တရမိပါတယ်။ သုရာမေရယကံကို အခြေခံတဲ့ အဲဒီ့နောင်တကို ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။
(အိမ်တစ်အိမ်၊ ရုံးတစ်ရုံး၊ အဖွဲ့တစ်ဖွဲ့၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ... စသဖြင့် ဆိုင်ရာဆိုင်ရာ နေရာတွေမှာ ခေါင်းဆောင်ဖြစ်တဲ့သူရဲ့ စကားတစ်ခွန်းဟာ အလွန်အရေးပါပါတယ်။ နောက်လိုက်တို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ ခေါင်းဆောင်အပေါ်မှာ မှီနေပါတယ်။ နယ်ကျဉ်းသည်ပဲဖြစ်စေ၊ နယ်ကျယ်သည်ပဲဖြစ်စေ မိမိခေါင်းဆောင် ဖြစ်နေတဲ့အချိန်မှာ ကောင်းကျိုးများများ ဖြစ်ထွန်းစေသင့်ပါတယ်။ ဂုဏ်ရှိ၊ ဂုဏ်ရရန်အတွက် မဟုတ်ဘဲ အများကောင်းကျိုး များများဆောင်ရွက်နိုင်ရန်အတွက်သာ ခေါင်းဆောင်ဖြစ်သင့်ပါတယ်။ ဘွဲ့ထူး၊ ဂုဏ်ထူးတွေဟာလည်း ဂုဏ်မဟုတ်ပါဘူး၊ ငွေဆိုတာလည်း ဂုဏ်မဟုတ်ပါဘူး၊ 'အများအကျိုး ဆောင်ရွက်နိုင်ခြင်းသည်သာလျှင် ဂုဏ်အစစ်' မည်ပါတယ်။)

ဒီပစ္စေကဗုဒ္ဓါငါးပါးတို့ ဗာရာဏသီပြည်ကို ဆွမ်းခံကြွကြတဲ့အခါ (ဘုရားလောင်း)ရှင်ဘုရင်က ကြည်ညိုလွန်းလို့ ဆွမ်းဘောဇဉ်နဲ့ ပြုစုလုပ်ကျွေးပြီး ရဟန်းပြုရခြင်း အကြောင်းတွေကို မေးမြန်းလျှောက်ထားပါတယ်။ ပစ္စေကဗုဒ္ဓါ အသီးသီးက အကြောင်းအသီးသီးကို ပြောပြကြတဲ့အခါ ပိုမိုကြည်ညို သဒ္ဓါပွားလာတဲ့အတွက် ကာမဂုဏ်တရားတွေကို ဝေးစွာ ရှောင်ကြဉ်ပါတော့တယ်။ မိမိအခန်းထဲက နံရံအဖြူကို ကြည့်ပြီး သြဒါတကသိုဏ်းပွားလိုက်တာ ဈာန်ရသွားပါတယ်။ (ဈာန်၊ မဂ်၊ ဖိုလ်ရဖို့ ဘယ်လိုနေရာမျိုးမှာ အချိန်ဘယ်လောက်ကြာအောင် အားထုတ်ရပါ့မလဲလို့ မေးလေ့ရှိသူများ သတိပြုပါ။) အဲဒီ့လို ဘုရားလောင်း ရှင်ဘုရင်ကြီးက ကာမဂုဏ်ကို အပြစ်မြင်ပြီး ဈာန်ချမ်းသာ ရနေချိန်မှာ ယသော်ဓရာလောင်း မိဖုရားကြီးကတော့ ကာမဂုဏ်ချမ်းသာထက် ကောင်းတဲ့အရာ မရှိဆိုပြီး ကာမဂုဏ်ကို ချီးမွမ်းနေပါတယ်။ ဒါနဲ့ ရှင်ဘုရင်ကြီးက ကာမဂုဏ်နဲ့ ပက်သတ်ပြီး အောက်ပါအတိုင်း ကဲ့ရဲ့ပါတယ်။

မြည့်နေအောင်ထက်တဲ့ သန်လျက်နဲ့ အခုတ်ခံရခြင်းထက်၊ ရင်ဝကို လှံနဲ့ အထိုးခံရခြင်းထက် ကာမဂုဏ်ကြောင့်ဖြစ်တဲ့ ဆင်းရဲက ပိုကြီးပါတယ်။

တစ်လံကျော်နက်တဲ့ ရဲရဲတောက်နေတဲ့ မီးကျီးတွင်းထက်၊ နေ့အခါ အလွန်ပူပြင်းတဲ့ နေမင်းထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပူပြင်းပါတယ်။

ချက်ချင်းသေစေနိုင်တဲ့ အဆိပ်ထက်၊ ကျိုက်ကျိုက်ဆူနေတဲ့ သံရည်ပူ၊ ကြေးရည်ပူထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပြင်းထန်ပါတယ်။


အဲဒီ့လို ကာမဂုဏ်တွေရဲ့ အပြစ်ကို ပြောပြပြီး အမတ်တွေကို တိုင်းပြည်အပ်ကာ တောတွက် ရသေ့ရဟန်း ပြုသွားပါတယ်။

ဝတ္ထုလေးကတော့ ဒါပါပဲ။ ပြောချင်တာကတော့… မိမိတို့ဆိုတာ ရဟန္တာ မဖြစ်သေးတဲ့အတွက် လောဘ၊ မာန စသည်လည်း မကုန်သေးပါဘူး။ အနာဂါမ် မဟုတ်တဲ့အတွက် ဒေါသလည်း မကုန်သေးပါဘူး။ သောတာပန်, သကဒါဂါမ် မဟုတ်သေးလို့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတောင် မကုန်သေးပါဘူး။ ဘာအကုသိုလ်ကိုမှ တရားဝင်မပယ်ရသေးတဲ့ ဇဉ်၊ ဇဉ်လို့မည်နေတဲ့ ပုထုဇဉ်အစစ်ကြီးတွေ ဖြစ်ကြတဲ့အတွက် တစ်နေကုန်မှာ ကုသိုလ်ထက် အကုသိုလ်ပဲ အဖြစ်များတတ်ကြပါတယ်။ အစိုးမရတဲ့ တရားတစ်ခုဖြစ်တဲ့ စိတ်ဆိုတာကလည်း အကုသိုလ်တရား မကောင်းမှုများမှာ အလွန်ပဲ ပျော်မွေ့တတ်တဲ့အတွက် ဗုဒ္ဓကတောင် 'ပါပသ္မိံ ရမတိ မနော' လို့ ဟောတော်မူထားခဲ့တာပါ။ ဒီတော့ သူ့သဘာဝအတိုင်း မကောင်းမှုတွေမှာ အားရပါးရမွေ့လျော်ချင်တဲ့ စိတ်ကို မထိန်းမချုပ် အလိုလိုက်ခဲ့မိလို့ မိမိတို့ဘ၀တွေမှာ မကောင်းမှု အဖြစ်များပြီး ညစ်နွမ်းခဲ့ရပါတယ်၊ ဒီဘ၀မှာ တရားမှ ရပါဦးမလားဆိုပြီး စိတ်မပျက် အားမလျော့ပါနဲ့။ အသိနောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကောင်းသည်ပဲဖြစ်စေ၊ ဆိုးသည်ပဲဖြစ်စေ (ပဉ္စာနန္တရိယကံမှ မဟုတ်ရင်ပေါ့) ဖြစ်ပေါ်လာတဲ့ အကောင်း၊ အဆိုး သင်္ခါရတရားတွေကို ဝိပဿနာအသိနဲ့ ရှုပွားနိုင်ခဲ့ရင် 'ခုရှု - ခုငြိမ်း' ဆိုတဲ့ တရားတော်ရဲ့ 'အကာလိက' ဂုဏ်တော်နဲ့အညီ ငြိမ်းအေးချမ်းသာမှုကို မိမိတို့ရဲ့ ပါရမီအလျှောက် ခံစားကြရမှာပါပဲ။ ဒါ့ကြောင့် စာဖတ်သူများလည်း အပါယ်ကို ခြေလှမ်းပြင်နေတဲ့ မိမိတို့ရဲ့ အကုသိုလ် ကြီးငယ်မှန်သမျှကို သံဝေဂပွါး ဝိပဿနာရှုပြီး ဆေးအဖြစ် သုံးတတ်နိုင်ကြပါစေ…။

[+/-] အပြည့်အစုံဖတ်မယ်...

လူပီသခဲ့ကြသူများ...
9:25 PM | Author: Dhamma Yanant

ငါးပါးသီလကို ဂရုတစိုက် ဆောက်တည်ခဲ့ကြလို့ လိုတရခဲ့ကြတဲ့ နိုင်ငံတစ်နိုင်ငံက လူပီသခဲ့ကြသူ သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ အားကျဖွယ် စောင့်ထိန်းပုံလေးတွေလည်း တင်ပြချင်ပါသေးတယ်။

ကုရုတိုင်း၊ ဣန္ဒပတ္တပြည်မှာ ဘုရားလောင်း ဓနဉ္စယ ကောရဗျမင်းကြီး မင်းပြုစဉ် မင်းကြီးအပါအဝင် ပုဂ္ဂိုလ် (၁၁)ဦးဟာ ဂရုဓမ္မဆိုတဲ့ ငါးပါးသီလကို အလွန်စင်ကြယ်စွာ စောင့်ထိန်းကြပါတယ်။ မြို့တံခါး (၄)ခု၊ မြို့လယ်၊ နန်းတော်တံခါး ဆိုတဲ့ (၆)ဌာနတွေမှာ အလှူမဏ္ဍပ်ကြီးတွေ ဆောက်ပြီး နေ့စဉ် (၆)သိန်းဖိုး (၆)သိန်းဖိုး လှူဒါန်းပါတယ်။ တိုင်းသူပြည်သားတွေအနေနဲ့ ထွန်ယက် စိုက်ပျိုး စားစရာ မလိုပါဘူး။ အလွန်ပဲ စည်ပင်ဝပြော သာယာပါတယ်။

ကာလိင်္ဂိတိုင်း ဒန္တပူရပြည်မှာ ကာလိင်္ဂိမင်း မင်းပြုပါတယ်။ အဲဒီ့တိုင်းပြည်မှာတော့ မိုးခေါင် ငတ်မွတ် အနာရောဂါ ထူပြောပါတယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေဟာ နန်းတော်ကိုသွားပြီး ဆန္ဒပြကြပါတယ်။ မင်းကြီးအနေနဲ့ အလှူပေး၊ ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် လုပ်ကြည့်ပေမယ့် မိုးက ရွာမလာပါဘူး။ အဲဒီ့အခါ ဣန္ဒပတ္တပြည်မှာ သာယာဝပြောတာဟာ အဉ္စနဝဏ္ဏ မင်္ဂလာဆင်တော်ကြောင့် နေမှာပဲဆိုပြီး ဓနဉ္စယ ကောရဗျမင်းကြီးထံမှာ ဆင်တော်ကို အလှူခံကြပါတယ်။ ဆင်တော် ရောက်လာပေမယ့်လည်း မိုးက မရွာပါဘူး။ ဒါနဲ့ ဓနဉ္စယ ကောရဗျမင်းကြီး စောင့်ထိန်းတဲ့ ဂရုဓမ္မသီလကြောင့်လို့ သဘောပေါက်ပြီး အဲဒီ့သီလကို ရွှေပြားထက်မှာ ရေးသားဆောင်ယူခဲ့ဖို့ စေလွှတ်လိုက်ပါတယ်။

(၁) ဓနဉ္စယ ကောရဗျမင်းကြီး (ဘုရားလောင်း)ထံ သီလတောင်းတဲ့အခါ မင်းကြီးက သူရဲ့သီလကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။ တန်ဆောင်မုန်းလ ပွဲသဘင်တစ်ခုမှာ တစ်ဘက်ဆည်ကန်ရဲ့ ကန်ဘောင်ပေါ်မှာရပ်ပြီး အရပ်(၄)မျက်နှာကို ပန်းမြားတွေ ပစ်ရစဉ် ကျန်မြား(၃)စင်းကို ပြန်တွေ့ပေမယ့် ရေမှာကျတဲ့မြားကို ရှာမတွေ့ပါဘူးတဲ့။ ငါးစတဲ့ သတ္တ၀ါတွေရဲ့ ကိုယ်ပေါ်မှာများ ကျတာလားဆိုပြီး သံသယဖြစ်မိပါတယ်တဲ့။ ဒီအခါ တမန်တွေက မင်းကြီးမှာ သတ်လိုတဲ့ စေတနာမှ မရှိတာ။ အပြစ်မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးရဲ့ သီလကိုသာ ရေးပေးတော်မူပါလို့ တောင်းပန်ကြလို့ ရွှေပေလွှာပေါ်မှာ 'ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာစာရာ နစရိတဗ္ဗာ၊ မုသာဝါဒါ နဘဏိတဗ္ဗာ၊ မဇ္ဇံ နပါယိတဗ္ဗံ' လို့ ရေးသားပေးလိုက်ပြီး မယ်တော်ရဲ့ သီလက ပိုစင်ကြယ်ပါတယ်ဆိုပြီး မယ်တော့်ထံ ညွှန်လိုက်ပါတယ်။

(၂) မယ်တော် (မဟာမာယာလောင်း)ထံ တောင်းတဲ့အခါ မယ်တော်ကလည်း သူ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ သားတော်မင်းကြီးက အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်နဲ့ အဖိုးတစ်ထောင်ထိုက်တဲ့ ရွှေပန်းတို့ကို မယ်တော်အတွက် ပို့ဆက်လိုက်တုန်းက မိမိမသုံးဆောင်ဘဲ ချွေးမတော်တွေကိုပေးဖို့ အကြံဖြစ်ပါတယ်တဲ့။ ချွေးမအကြီးဖြစ်တဲ့ မိဖုရားကြီးက ပြည့်စုံပါတယ်လေလို့ကြံပြီး အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကိုပဲ ပေးလိုက်ပါတယ်တဲ့။ ချွေးမအငယ်ဖြစ်တဲ့ အိမ်ရှေ့မိဖုရားကိုတော့ အဖိုးတစ်သိန်းထိုက်တဲ့ စန္ဒကူးနှစ်ကို ပေးလိုက်ပါတယ်တဲ့။ ပေးပြီးကာမှ အစဉ်အလာအတိုင်း ကြီးမြတ်သူကို ဦးစားမပေးမိလို့၊ ရသင့်ရထိုက်တာကို မရအောင်ပြုမိလို့ မိမိသီလများ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ဆိုပါတယ်။ ဒီအခါ တမန်တွေက ကိုယ့်ပစ္စည်း ကိုယ်ကြိုက်သလို လုပ်နိုင်တာပဲ။ ဒါကိုမှ မကောင်းမှုလို့ သတ်မှတ်ရရင်တော့ တခြားဟာတွေဆို ဘယ်လိုလုပ်မလဲ။ မယ်တော်ရဲ့ သီလကို ပေးသာပေးပါ လို့ တောင်းခံမှတ်ယူကြပါတယ်။ မယ်တော်ကလည်း ချွေးမတော် မိဖုရားကြီးထံ သီလတောင်းဖို့ ထပ်ပြီးစေလွှတ်လိုက်ပြန်ပါတယ်။

(၃) မိဖုရားကြီး (ယသော်ဓရာလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ မင်းကြီးတိုင်းခန်း လှည့်လည်လာတာကို လေသောက်ပြတင်းက ကြည့်ပါတယ်တဲ့။ မင်းကြီးနောက်ပါးက အိမ်ရှေ့မင်းကို မြင်တော့ မင်းကြီး နတ်ရွာစံရင် အိမ်ရှေ့မင်းက သူ့ကို မိဖုရားမြှောက်ရင် ကောင်းမှာပဲလို့ ကြံစည်မိပါတယ်တဲ့။ အဲဒီ့လို မိမိမှာ ကာမပိုင်ရှိပါလျက်နဲ့ တခြားယောက်ျားကို ကိလေသာရဲ့ အစွမ်းနဲ့ ကြည့်မိတဲ့အတွက် သူရဲ့သီလ ပျက်စီးသလားလို့ သံသယဖြစ်ရကြောင်း ပြောပါတယ်။ တမန်တွေကလည်း စိတ်ဖြစ်ကာမျှနဲ့တော့ သီလမပျက်နိုင်ပါဆိုပြီး မိဖုရားရဲ့ သီလကို တောင်းခံမှတ်ယူကြပါတယ်။ မိဖုရားကလည်း အိမ်ရှေ့မင်းက သီလကို ကောင်းစွာစောင့်ထိန်းပါတယ်လို့ ညွှန်လိုက်ပြန်ပါတယ်။

(၄) အိမ်ရှေ့မင်း (အရှင်အာနန္ဒာလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိကြောင်း ဆိုပြန်ပါတယ်။ မင်းကြီးထံ ညနေချမ်းအခါ အခစားဝင်တဲ့အခါ နန်းတော်မှာပဲ ညအိပ်မယ်ဆိုရင် နှင်တံနဲ့ ကြိုးကို ရထားဦးမှာ ထားပါတယ်တဲ့။ ဒါကိုမြင်ရင် ရထားထိန်းနဲ့ အခြွေအရံတွေ ပြန်သွားကြပြီး မနက်ရောက်မှ လာကြိုကြရပါတယ်တဲ့။ နန်းတော်မှာ ညမအိပ်၊ ခဏသာကြာမယ်ဆိုရင်တော့ နှင်တံနဲ့ ကြိုးကို ရထားအတွင်းမှာပဲ ထားပါတယ်တဲ့။ ဒါဆိုရင် အခြွေအရံတွေက နန်းတော်တံခါးမှာ စောင့်နေကြရပါတယ်တဲ့။ တစ်နေ့မှာတော့ နန်းတော်မှာ ညမအိပ်၊ ပြန်လာမယ် ရည်ရွယ်ပြီး နှင်တံနဲ့ ကြိုးကို ရထားတွင်းမှာ ထားကာ နန်းတော်သို့ ဝင်ပါတယ်တဲ့။ အဲဒီ့ခဏမှာပဲ မိုးကြီးသည်းထန်စွာ ရွာပါတော့တယ်။ မင်းကြီးကလည်း မိုးရွာနေတဲ့အတွက် နန်းတော်မှာပဲ ညအိပ်ခိုင်းပါတယ်။ နောက်နေ့ မိုးလင်းတဲ့အခါ နန်းတော်တံခါးမှာ မိုးရေတွေ စိုရွှဲပြီး တစ်ညလုံး စောင့်နေကြရတဲ့ အခြွေအရံတွေကို တွေ့ရတဲ့အခါ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ ဒါ့ကြောင့် မိမိသီလအပေါ်မှာ သံသယဖြစ်မိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း တမင်ရည်ရွယ်တာမဟုတ်လို့ အပြစ်မဖြစ်နိုင်ကြောင်းပြောပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ တဖန် အိမ်ရှေ့မင်းက ပုရောဟိတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၅) ပုရောဟိတ် (အရှင်မဟာကဿပလောင်း)ကလည်း သူ့ရဲ့ သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ အခြားမင်းတစ်ပါးက အလွန်နူးညံ့ကောင်းမွန်တဲ့ ရထားတစ်စီးကို မင်းကြီးထံ ဆက်သဖို့ ယူလာတာ လမ်းမှာတွေ့ပါတယ်တဲ့။ မိမိကလည်း အသက်ကြီးနေပြီဖြစ်တဲ့အတွက် မင်းကြီးကများ မိမိကို ပေးစွန့်လိုက်ရင် ကောင်းမှာပဲ။ ဒီလို ရထားကောင်းကောင်းလေးနဲ့ ချမ်းချမ်းသာသာ လှည့်လည်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ကြံစည်မိပါတယ်တဲ့။ မင်းကြီးထံ ရထားကို ဆက်သကြတဲ့အခါမှာလည်း မင်းကြီးက ပုရောဟိတ်ကြီးကိုပဲ ပေးပါတယ်တဲ့။ ပုရောဟိတ်ကြီးက လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ သူများပစ္စည်းကို လောဘနဲ့ လိုချင်တောင့်တမိတဲ့အတွက် သီလပျက်စီးပြီလို့ သံသယ ရှိလို့ပါတဲ့။ ဒါကြောင့် သူ့သီလကို မပေးချင်ပါလို့ ဆိုပါတယ်။ တမန်များကလည်း လောဘဖြစ်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ ပုရောဟိတ်ကြီးကလည်း မြေတိုင်းအမတ်ထံ တဖန်ညွှန်လိုက်ပြန်ပါတယ်။

(၆) မြေတိုင်းအမတ် (အရှင်မဟာကစ္စည်းလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းက တစ်နေ့မှာ မြေအပိုင်းအခြား ငုတ်ရိုက်တဲ့အခါ ပုစွန်တွင်းပေါ် တည့်တည့်ကျနေပါတယ်တဲ့။ အဲဒီ့တွင်းကိုရှောင်ပြီး ဒီဘက်နှုတ်ခမ်းမှာ ငုတ်ရိုက်ရင် မင်းကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဟိုဘက်နှုတ်ခမ်းမှာ ရိုက်ပြန်ရင်လည်း လယ်သူကြီးရဲ့ ပိုင်ဆိုင်မှု လျော့ပါမယ်တဲ့။ ဒါနဲ့ တွင်းအခြေအနေကို အကဲခတ်ကြည့်၊ တွင်းထဲ ပုစွန်မရှိလောက်ဘူးထင်ပြီး တွင်းတည့်တည့်ကို ငုတ်ရိုက်လိုက်ပါတယ်တဲ့။ အဲဒီ့အခါ တွင်းထဲက ပုစွန်သံကို ကြားလိုက်ရပါတယ်တဲ့။ ပုစွန်များ သေသွားသလားလို့ သူ့သီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ အဲဒီ့အခါ တမန်တို့ကလည်း စေတနာ မပါတဲ့အတွက် အပြစ်မဖြစ်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။ မြေတိုင်းစာရေးကလည်း ရထားထိန်းထံ ညွှန်လိုက်ပြန်ပါတယ်။

(၇) ရထားထိန်း (အရှင်အနုရုဒ္ဓါလောင်း)ကလည်း သူ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ညနေချမ်းအခါ မင်းကြီး ဥယျာဉ်ကစားပြီးလို့ ရထားစီးပြန်လာနေတုန်း မြို့ကိုမရောက်မီမှာပဲ မိုးသားများ တက်လာတာနဲ့ မင်းကြီး မိုးစိုမှာစိုးလို့ သိန္ဓောမြင်းတွေကို နှင်တံအမှတ် ပေးမိပါတယ်တဲ့။ အဲဒီ့အမှတ်နဲ့ သိန္ဓောမြင်းတွေလည်း လျင်စွာပြေးကြပါတယ်တဲ့။ အဲဒီအချိန်ကစပြီး သိန္ဓောမြင်းတွေဟာ ဥယျာဉ် သွားရင်ပဲဖြစ်ဖြစ်၊ ပြန်လာရင်ပဲဖြစ်ဖြစ် နှင်တံအမှတ်ပေးခဲ့ဖူးတဲ့ အဲဒီ့နေရာရောက်တိုင်း ဘေးရန်ရှိတယ်ထင်ပြီး အမြန်ပြေးကုန်ကြပါတယ်တဲ့။ အလွန်လိမ္မာတဲ့ သိန္ဓောမြင်းတွေကို ပင်ပန်းအောင် လုပ်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်ရပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ပင်ပန်းစေလိုတဲ့ စေတနာမရှိတဲ့အတွက် အပြစ်မရှိနိုင်ပါလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ ရထားထိန်းကလည်း သူဋ္ဌေးကြီးထံ ညွှန်လိုက်ပြန်ပါတယ်။

(၈) သူဋ္ဌေးကြီး (အရှင်သာရိပုတြာလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းကတော့ တစ်နေ့မှာ သလေးစပါးခင်းများကို လှည့်လည်ကြည့်ရှုရင်း သလေးနှံတစ်ဆုပ်ကို ပန်းအဖြစ် ခူးပန်မိပါတယ်တဲ့။ အဲဒီ့နောက်မှ မင်းထံ အခွန်မဆက်ရသေးတဲ့ လယ်ထဲက သလေးနှံကို ယူမိပြီဆိုပြီး မိမိသီလကို သံသယဖြစ်မိကြောင်း ပြောပါတယ်။ တမန်တို့ကလည်း ခိုးလိုသောစိတ် မရှိလို့ အပြစ်မရှိနိုင်ပါဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ သူဋ္ဌေးကြီးကလည်း စာရင်းကိုင်အမတ်ထံ ညွှန်လိုက်ပြန်ပါတယ်။

(၉) စာရင်းကိုင်အမတ် (အရှင်မောဂ္ဂလာန်လောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကောက်စပါးတွေကို ခြင်တွယ်မှတ်သားနေတုန်း မိုးသည်းထန်စွာ ရွာလာတဲ့အတွက် ခြင်လက်စ ကောက်စပါးကို ခြင်ပြီးတဲ့ ကောက်စပါးပုံထဲ ထည့်မိလား၊ မထည့်မိလား မမှတ်မိတော့ပါဘူးတဲ့။ ထည့်မိရင် မင်းကြီးရဲ့ဥစ္စာကို တိုးပွားစေပြီး သူကြွယ်ရဲ့ဥစ္စာကို ယုတ်လျော့စေရာ ရောက်ပါမယ်တဲ့။ ဒါ့ကြောင့် သူ့ရဲ့ သီလကို သံသယရှိပါတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း သူတစ်ပါး ဥစ္စာကို ခိုးလိုတဲ့စိတ်မှ မရှိဘဲလို့ဆိုပြီး သီလကို တောင်းခံမှတ်ယူကြပါတယ်။ အမတ်ကလည်း တံခါးဗိုလ် (တံခါးစောင့်)ကို ထပ်ညွှန်လိုက်ပြန်ပါတယ်။

(၁ဝ) တံခါးဗိုလ် (အရှင်ပုဏ္ဏလောင်း)ကလည်း သူရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပြန်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ သူဆင်းရဲတစ်ယောက်ဟာ နှစ်မငယ်ကို ခေါ်ပြီး တောထဲကို ထင်း၊ ဟင်းရွက်ရှာ သွားပါတယ်တဲ့။ တံခါးဗိုလ်က ညနေချမ်း မြို့တံခါး ပိတ်ခါနီးတိုင်း (၃)ကြိမ် ကြွေးကြော်လေ့ရှိပါတယ်တဲ့။ အဲဒီ့ကြွေးကြော်သံ ကြားတဲ့အတွက် မောင်နှမနှစ်ယောက်လည်း အမြန်ပြန်လာခဲ့ကြပါတယ်။ တံခါးဗိုလ်ဟာ တံခါးပိတ်ခါနီး နောက်ကျမှ ရောက်လာတဲ့အတွက် ကာမဂုဏ် လွန်ကျူးရာမှ ပြန်လာတဲ့အတွက် မောင်နှမကို လင်မယားထင်ပြီး ပြစ်တင်စကား ပြောကြားမိပါတယ်တဲ့။ သူဆင်းရဲက ရှင်းပြမှ မောင်နှမမှန်း သိရပါတယ်တဲ့။ အဲဒီ့လို ပြောဆိုမိတဲ့အတွက် သူ့ရဲ့သီလကို သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ တမန်တို့ကလည်း ဒီမျှလောက်နဲ့တော့ သီလမပျက်နိုင်ပါဘူးလို့ဆိုပြီး သီလကို တောင်းခံ မှတ်ယူကြပါတယ်။ တံခါးဗိုလ်ကလည်း ပြည့်တန်ဆာမကို ထပ်ညွှန်ပြန်ပါတယ်။

(၁၁) ပြည့်တန်ဆာမ (ဥပ္ပလဝဏ်ထေရီလောင်း)ကလည်း သူရဲ့သီလကို သံသယရှိတယ်လို့ ဆိုပါတယ်။ အကြောင်းက တစ်နေ့မှာ ပြည့်တန်ဆာမရဲ့ သီလကို စုံစမ်းဖို့ သိကြားမင်းက လုလင်ပျိုယောင်ဆောင်လာ၊ အသပြာတစ်ထောင်ပေးပြီး နတ်ပြည်ကို ပြန်သွားပါတယ်တဲ့။ အဲဒီ့အသပြာကို လက်ခံပြီးဖြစ်လို့ အခြားသူတွေကို လက်မခံပါဘူးတဲ့။ သိကြားမင်းကတော့ ပေါ်မလာပါဘူး။ (၃)နှစ်စောင့်တဲ့အထိ ပေါ်မလာတဲ့အခါ ပြည့်တန်ဆာမမှာလည်း စားဝတ်နေရေး အခက်ကြုံလာတဲ့အတွက် တရားသူကြီးများထံ အဆုံးအဖြတ်သွားခံပါတယ်တဲ့။ တရားသူကြီးများကလည်း (၃)နှစ်ကြာနေပြီဖြစ်လို့ တခြားသူတွေကို လက်ခံနိုင်ပါပြီလို့ ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ အဲဒီ့ဆုံးဖြတ်ချက်အရ ယောက်ျားတစ်ယောက်ထံမှ အသပြာ တစ်ထောင်ကို လက်ခံဖို့ လက်ကို ဆန့်လိုက်တဲ့အချိန်မှာပဲ သိကြားမင်းကလည်း လုလင်အသွင်နဲ့ ပေါ်လာပါတယ်တဲ့။ ဒါနဲ့ ပြည့်တန်ဆာမလည်း ဆန့်မိတဲ့လက်ကို ရုပ်သိမ်းပြီး နောက်လူကို ငြင်းပယ်လိုက်ပါတယ်တဲ့။ သိကြားမင်းလည်း သိကြားမင်းရဲ့ အသွင်ကိုပြ၊ ကောင်းကင်ကို ပျံတက်ပြီး ချီးမွမ်းစကား ဆိုပါတယ်တဲ့။ ပြည့်တန်ဆာမရဲ့ အိမ်ကိုလည်း ရတနာ (၇)ပါးနဲ့ ပြည့်စေပြီး မမေ့မလျော့ဖို့ ဆုံးမပြီး ပြန်သွားပါတယ်တဲ့။ ရှေ့လူပေးထားတဲ့ အဖိုးအခ မကြေသေးဘဲ နောက်လူရဲ့ငွေကို ယူဖို့ လက်ဆန့်မိတဲ့အတွက် သူ့ရဲ့သီလကို သံသယ ရှိမိပါတယ်လို့ ပြည့်တန်ဆာမက ဆိုပါတယ်။ တမန်တို့ကလည်း လက်ဆန့်ရုံနဲ့တော့ သီလမပျက်နိုင်ပါဘူးဆိုပြီး သီလကို တောင်းခံမှတ်ယူသွားကြပါတယ်။

ဒီလို (၁၁)ဦးသောပုဂ္ဂိုလ်တို့ စောင့်ထိန်းတဲ့ ဂရုဓမ္မသီလ ခေါ် ငါးပါးသီလကို ကာလိင်္ဂမင်းထံ ဆက်သကြပါတယ်။ မင်းကြီးလည်း အတုယူ အားကျပြီး ဂရုဓမ္မသီလကို ကောင်းစွာ စောင့်ထိန်းလိုက်တဲ့အခါ မိုးကောင်းစွာရွာပြီး ဘေး(၃)ပါးလည်း ငြိမ်းသွားပါတယ်။ ဘုရားလောင်း ဓနဉ္စယကောရဗျမင်းလည်း ဒါနစတဲ့ ကုသိုလ်ကောင်းမှုတွေပြုပြီး သေလွန်တဲ့အခါ ပရိသတ်နဲ့တကွ နတ်ပြည်မှာ ဖြစ်ပါတယ်။

ဒီဝတ္ထုကိုကြည့်ရင် ရှေးသူတော်ကောင်းတွေ သီလအပေါ် အလေးထားပုံနဲ့ မိမိတို့ရဲ့ သီလအပေါ် အလေးထားပုံ ဘယ်လောက်တောင် ခြားနားနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပါတယ်။ မိမိတို့က ငါးပါးသီလကိုတောင် အလေးအနက် မဆောက်တည်နိုင်ကြလို့ ဘာအကျိုးမှ သိသိသာသာ မရကြတာပါ။ တစ်ပါးပဲ ထိထိမိမိ စောင့်တဲ့ပုဂ္ဂိုလ်တောင် တစ်ပါးရဲ့အကျိုးကို ထိုက်ထိုက်တန်တန် ခံစားသွားရတာကို ဆရာကြီး ဦးသုခကလည်း "တစ်ပါးသီလ" ဆိုပြီး မီးမောင်းထိုးပြခဲ့ဖူးပါတယ်။ တစ်ပါးမက ငါးပါးလုံး လုံမယ်ဆိုရင်တော့ သိက္ခာရှိတဲ့လူအဖြစ်နဲ့ လိပ်ပြာသန့်သန့် နေနိုင်ပြီပေါ့။ လောကမှာ ကိုယ့်ကို ဂုဏ်တက်စေတဲ့ ပစ္စည်းဆိုရင် မြတ်မြတ်နိုးနိုး တယုတယ သေချာစောင့်ရှောက်သလိုမျိုး မိမိတို့ကို လူပီသ လူဂုဏ်တက်စေတဲ့ ငါးပါးသီလကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ချို့ယွင်းချက်မရှိအောင် စောင့်ရှောက်သင့်ပါတယ်။ ပြောမယ့်သာ ပြောရတာပါ။ မိမိတို့အနေနဲ့ သေချာတာတစ်ခုကတော့… ငါးပါးသီလကို ဒီဝတ္ထုထဲက အလောင်းတော်တွေလောက်သာ မဆောက်တည်နိုင်ရင်နေမယ်.. (မကောင်းမှုကို သံသယဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို) တမန်တွေလောက်တော့ နှစ်သိမ့်တတ်တယ်ဆိုတာပါပဲ…။

[+/-] အပြည့်အစုံဖတ်မယ်...