လူတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတယ်၊ ဘ၀ကို မျှော်လင့်ချက်နဲ့ အသက်ဆက်နေကြတယ်လို့ ဆိုလေ့ရှိကြပါတယ်။ မျှော်လင့်ချက်နဲ့ သံသရာလည်နေကြတယ်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။
အစားအသောက်ရဖို့ မျှော်လင့်ရတယ်။
အဝတ်အထည်ရဖို့ မျှော်လင့်ရတယ်။
နေရာထိုင်ခင်းရဖို့ မျှော်လင့်ရတယ်။
ချစ်ခြင်းမေတ္တာရဖို့ မျှော်လင့်ရတယ်။
အောင်မြင်မှုရဖို့ မျှော်လင့်ရတယ်။
ချမ်းသာဖို့ မျှော်လင့်ရတယ်။
ကျန်မာရေးကောင်းဖို့ မျှော်လင့်ရတယ်။
အစရှိတဲ့ မရေမတွက်နိုင် များစွာသော မျှော်လင့်ချက်တွေနဲ့ ဘ၀ကို လည်ပတ်နေကြပါတယ်။
တစ်စုံတစ်ခု၊ တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်ကို မျှော်လင့်ကြတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေကိုသာမက အရေးပေးခံရမှု၊ ဂရုစိုက်ခံရမှု၊ ကြင်နာယုယမှု၊ ထင်ပေါ်ကျော်ကြားမှု၊ မြတ်နိုးအလေးထားမှု-- စတာတွေကို ရဖို့လည်း မျှော်လင့်နေကြတယ်။ မျှော်လင့်ချက် မရှိရင်၊ မျှော်လင့်ချက် ပျောက်ဆုံးရင်၊ မျှော်လင့်ချက် ကင်းမဲ့ရင် ကိုယ့်ကိုယ်ကို မကျေနပ်ကြပါဘူး။
ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာမှသာ ဆင်းရဲရတယ်လို့ ထင်တတ်ကြပါတယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခင် မျှော်ရခြင်းဆိုတဲ့ ဒုက္ခ၊ အတိုင်းအတာတစ်ခုထိ အချိန်ကို စောင့်(လင့်)ရခြင်းဆိုတဲ့ ဒုက္ခ။ ဒါတွေဟာ အလွန်ကြီးမားတဲ့ ဒုက္ခတွေပါ။ အရေးပါရင် ပါသလောက် ကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကိုတောင် ဖြစ်စေတတ်ပါတယ်။ ဒီဒုက္ခကြီးတွေကို ကိုယ်မျှော်လင့်သလို ဖြစ်လာရင် မေ့ပျောက်ပစ်လိုက်ကြပါတယ်။ မျှော်လင့်သလို ဖြစ်မလာရင်တော့ ဆတိုးပြီး ဆင်းရဲကြပါတော့တယ်။ မျှော်လင့်ချက် ကြီးရင် ကြီးသလောက် ဆင်းရဲကြီးပါတယ်။ မျှော်လင့်ချက်များရင် များသလောက် ဆင်းရဲများပါတယ်။ မျှော်လင့်ချက်နည်းရင် နည်းသလောက် ဆင်းရဲပေါ့ပါတယ်။ မျှော်လင့်ချက် လုံးဝမရှိရင် ဆင်းရဲလည်း လုံးဝမရှိနိုင်တော့ဘူးလို့ရော တွေးမိဖူးပါရဲ့လား။ မိမိတို့ ပုထုဇဉ်တွေအနေနဲ့ကတော့ မျှော်လင့်ချက် မရှိရင် လုံးဝမနေတတ်ကြပါဘူး။ မျှော်လင့်ချက်မရှိတဲ့ ဘ၀က အဓိပ္ပါယ်မဲ့တယ်လို့တောင် ထင်ကြပါတယ်။
မျှော်လင့်ချက် လုံးလုံးမရှိရာ ဆိုတာကတော့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်မှပဲ မျှော်လင့်ချက်အားလုံး လုံးဝချုပ်ငြိမ်း ကုန်ဆုံးသွားမှာပါ။ မျှော်လင့်ချက်အားလုံး လုံးဝချုပ်ငြိမ်း ကုန်ဆုံးသွားမှလည်း နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ မျှော်လင့်ချက် (ပဏိဟိတ)ဆိုတာ အမှန်တကယ်တော့ လောဘရဲ့ အမည်ပါ။ မျှော်လင့်ချက် မရှိခြင်း (အပ္ပဏိဟိတ)ဆိုတာက နိဗ္ဗာန်ရဲ့ အမည်ဖြစ်ပါတယ်။ လောဘအမြစ်ဆိုတာ ရဟန္တာဖြစ်မှ အကုန်အစင် ပြုတ်တာပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တွေ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကလည်း တစ်ချိန်မှာ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်ရေးဖြစ်တဲ့အတွက် မသိခဲ့စဉ် အချိန်တွေကိုတော့ မတတ်နိုင်ပါဘူး။ သိလာတဲ့အခါမှာတော့ နည်းနည်းလောက်လေးဖြစ်ဖြစ် အသိတရားနဲ့ သတိထားပြီး ပြင်ကြည့်ပါ။ ကိုယ်၊ စိတ်ပူလောင်ရမှာကို ကြောက်ရင် မျှော်လင့်ချက်တွေ အတတ်နိုင်ဆုံး လျှော့ချပစ်ဖို့ လိုပါတယ်။ မျှော်လင့်ချက်ကိုပဲ လျှော့စေချင်တာပါ။ ကြိုးစားမှု ဝီရိယကို လျှော့ခိုင်းတာ မဟုတ်ပါဘူး။ တချို့သူတွေဟာ မျှော်လင့်ချက် မရှိလို့ဆိုပြီး ဘာမှ မလုပ်ဘဲ အလကားနေတတ်ကြပါတယ်။
မိမိတို့ မျှော်လင့်နေကြတယ် ဆိုရာမှာလည်း အကျိုးကိုပဲ မျှော်လင့်နေကြတာပါ။ အမှန်အားဖြင့်တော့ အကြောင်းကိုလုပ်ရင် အကျိုးက မျှော်လင့်သည် ဖြစ်စေ၊ မမျှော်လင့်သည် ဖြစ်စေ မုချရမှာပါပဲ။ မိမိတို့အနေနဲ့ ပုံမှန် ကြိုးစားနေရင် အောင်မြင်မှုဆိုတာ မျှော်လင့်စရာ မလိုဘဲ ရမှာပါပဲ။ မိမိက သူတစ်ပါးကို အရေးပေးဆက်ဆံရင် မိမိကို အရေးပေးဆက်ဆံမှုတွေ အလိုလို ရပါလိမ့်မယ်။ မိမိက မေတ္တာထားရင် မိမိထံလည်း မေတ္တာရောင်ပြန်တွေ ရောက်လာမှာပါပဲ။ ကိုယ့်ဘက်ကသာ အကောင်းဆုံး အကြောင်းတရားတွေ ပြုလုပ်နေမယ်ဆိုရင် အကောင်းဆုံး အကျိုးတရားတွေဆိုတာ မျှော်လင့်စရာကိုမလိုဘဲ အလိုလို ရောက်လာမှာပါ။
ဒီတော့... မိမိတို့အနေနဲ့ရော ဘယ်သူ့ဆီကပဲဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်ဖြစ် ၊ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ဘာတွေကို မျှော်လင့်နေမိပါသလဲ...?။
အောင်မြင်မှုတွေလား...၊ အရေးပါ အရာရောက်မှုတွေလား...၊ ချစ်ခြင်းမေတ္တာတွေလား...?၊
ကိုယ့်ကိုယ့်ကို ဆန်းစစ်ကြည့်ပြီးရင် ကိုယ်၊ စိတ်ချမ်းသာအောင် နေနိုင်ဖို့၊ မီး အလောင်ခံရမှုတွေ ပါးသွားစေဖို့၊ တောင့်တမိလို့ ကျရတဲ့ မျက်ရည်ပူတွေ ခမ်းစေဖို့ မျှော်လင့်ချက်တွေကို လျှော့ချပစ်ကြပါစို့။
မျှော်လင့်ချက် မရှိခြင်း၊ မျှော်လင့်ချက် မထားခြင်းဆိုတာကပဲ အကောင်းဆုံး ငြိမ်းအေးဆေး မဟုတ်ပါလား။

0 comments: