နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဘ၀ပေါင်းများစွာ...
4:41 PM | Author: Dhamma Yanant


ဆိတ်တစ်ကောင်သတ်မိလို့ ဆိတ်မွေးနှင့် အညီအမျှ ဘဝပေါင်းများစွာ ပြန်ပြီးအသတ်ခံရတယ်၊ ဆင်းရဲဒုက္ခတွေ ခံစားရတယ်။ ပန်းတစ်ပွင့်လှူ၊ ကြံတစ်ချောင်းလှူ၊ ရေလေးတစ်ခွက်လှူရုံနဲ့ ရှင်ဘုရင်ဘဝ၊ နတ်သား၊ နတ်သမီးဘဝ ရတယ်။ ဘဝပေါင်းများစွာ ချမ်းသာခံစားရတယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။ ဟုတ်မှ ဟုတ်ပါ့မလား။ မပိုလွန်းဘူးလား။ တစ်ကြိမ်တစ်ခါလေး ပြုမိတဲ့ ကောင်းမှု၊ မကောင်းမှုက ဘဝပေါင်းများစွာ ဒီလောက်ကြီးတောင်မှ အကျိုးပေးနိုင်ပါ့မလားလို့ တွေးမိကြလိမ့်မယ် ထင်ပါတယ်။ ဟုတ်ကဲ့..... ပေးနိုင်ပါတယ်။ နောက်ဘ၀ပေါင်းများစွာကျမှ မဟုတ်ပါဘူး။ အခုလုပ်ရင် အခုချက်ချင်း(စက္ကန့်မခြား)တောင် အကျိုးပေးနိုင်ပါတယ်...။

ရှင်းပြပါဦးမယ်။ ဗုဒ္ဓ အဘိဓမ္မာအရ-

၁- စက္ကန့်မှာ - စိတ်ပေါင်း ကုဋေ (၁) သိန်း ဖြစ်ပျက်နေပါတယ်။
ကုဋေ-၁-သိန်း = ၁,ဝဝဝ,ဝဝ ဝ,ဝဝဝ,ဝဝဝ

၁- စက္ကန့်မှာ - ရုပ်ပေါင်း ကုဋေ (၅၈၈၂)ကျော် ဖြစ်ပျက်နေပါတယ်။
ကုဋေ (၅၈၈၂) ကျော် = ၅၈၈၂ ၃,၅၂၉,၄၁၁

၁- စက္ကန့်မှာ - ဝီထိ (စိတ်အစဉ်) ပေါင်း ကုဋေ (၅၈၈၂)ကျော် ဖြစ်ပျက် နေပါတယ်။

၁- စက္ကန့်မှာ - အကျိုးပေးနိုင်တဲ့ ဇောစေတနာပေါင်း ကုဋေ (၄၁,၁၇၆)ကျော် ဖြစ်ပျက်နေပါတယ်။
ကုဋေ (၄၁၁၇၆) ကျော် = ၄၁၁၇၆ ၄,၇ဝ၅,၈၈၁

၁- စက္ကန့်မှာ - ယခုမျက်မှောက်ဘဝမှာတွင် အကျိုးပေးနိုင်တဲ့ ပထမဇော စေတနာပေါင်း ကုဋေ (၅၈၈၂)ကျော် ဖြစ်ပျက်နေပါတယ်။

၁- စက္ကန့်မှာ - ဒုတိယဘဝ(နောက်ဘဝ)မှာ အကျိုးပေးနိုင်တဲ့ သတ္တမဇော စေတနာပေါင်း ကုဋေ (၅၈၈၂)ကျော် ဖြစ်ပျက်နေပါတယ်။

၁- စက္ကန့်မှာ - တတိယဘဝကစပြီး နိဗ္ဗာန် မရမချင်း အကျိုးပေးနိုင်တဲ့ အလယ်ဇော စေတနာပေါင်း ကုဋေ (၂၉,၄၁၁)ကျော် ဖြစ်ပျက်နေပါတယ်။
ကုဋေ (၂၉,၄၁၁) ကျော် = ၂၉၄၁၁ ၇,၆၄၇,ဝ၅၈

(၁) စက္ကန့်မှာဖြစ်တဲ့ စိတ်စေတနာတွေမှာ ဘဝကို ဖြစ်စေနိုင်တဲ့ စိတ်စေတနာ ကုဋေပေါင်း - ၃၅၂၉၄ ကျော်ရှိသည်။
ကုဋေပေါင်း - ၃၅၂၉၄ ကျော် = ၃၅၂၉၄ ၁,၁၇၆,၄၇ဝ

ဒီလိုဖြစ်နေတဲ့ အတွက်ကြောင့်---
ဆိတ်တစ်ကောင်ကို သတ်ဖို့ စိတ်ကူးပေါက်တဲ့အချိန်၊ မသတ်ခင်မှာ ပြင်ဆင်နေတဲ့ အချိန်၊ သတ်တဲ့အချိန်၊ သတ်ပြီး စိတ်ထဲမှာ ပြန်ပေါ်နေတဲ့အချိန် စတာတွေဟာ အချိန်ဘယ်လောက် ကြာနေမလဲ။ ဇောပေါင်း ဘယ်လောက် စောနေမလဲ- စဉ်းစားကြည့်နိုင်ပါတယ်။ ဆိတ်မွေးကမှ နည်းနေပါဦးမယ်။ စောသွားလိုက်မယ့် အကုသိုလ်ဇောတွေက ကုဋေ အနန္တလောက် ဖြစ်နေပါပြီ။ ကုသိုလ်ပြုချိန်မှာလည်း ဒီနည်းတူပဲ ဇောပေါင်း ဘယ်လောက် အားကောင်းစွာ ဖြစ်နေမလဲလို့ စိစစ်ကြည့်နိုင်ပါတယ်။

ရေကို လှူသည်ဖြစ်စေ၊ ရွှေကို လှူသည် ဖြစ်စေ၊ ခြင်ကို သတ်သည် ဖြစ်စေ၊ ဆင်ကို သတ်သည်ဖြစ်စေ ကုသိုလ်၊ အကုသိုလ်ပြုဖို့ အားထုတ်ရတဲ့အချိန် ကြာရင် ကြာသလောက်၊ ဇောစေတနာ အားကောင်းရင် အားကောင်းသလောက် အကျိုးပေး အနည်း၊ အများ ကွာသွားတာပါ။ တစ်ခု ပြောစရာရှိတာက မိမိတို့တတွေဟာ အကုသိုလ်ဖြစ်စရာရှိရင် (ဥပမာ- ဒေါသဖြစ်တဲ့အခါ) အူလှိုက် သည်းလှိုက် (တချို့များ မီးကုန် ယမ်းကုန်) တရစပ် တခြားဘာစိတ်မှ မ၀င်ဘဲ အချိန်အတော်ကြာ ထပ်ကာထပ်ကာ ဖြစ်ကြပါတယ်။ တချို့များ အခုတွေးရင် အခုစိတ်တိုတယ်။ တော်နေမှတွေးရင် တော်နေမှ စိတ်တိုတယ်လို့ကြွေးကြော်ပြီး အကုသိုလ်ဒေါသဇောကို တစ်ချိန်တည်းစောရတာ အားမရလို့ အတိုးကြီးကြီးပါ ယူထားလိုက်ပါသေးတယ်။ အဲ... ကုသိုလ်လုပ်တဲ့အခါမှာတော့ (ဥပမာ- ဘုရားရှိခိုးတစ်ပုဒ်ဆုံးအောင်တောင်) အာရုံမပြန့်ဘဲ တစ်ချိန်လုံး ကုသိုလ်စိတ်ဖြစ်နေတာက ခပ်ရှားရှားပါ။ အလှူဒါနပြုတဲ့အခါ၊ သီလဆောက်တည်ထားတဲ့အခါ၊ ဘာဝနာပွါးနေတဲ့ အခါ(တချို့)တွေလည်း ဒီအတိုင်းပါ။ ဒီလို အဖြစ်များတဲ့ အကုသိုလ်ကြောင့်လည်း မကောင်းတာပဲ များများကြုံတွေ့ကြရတာပါ။

ကောင်းမှု၊ မကောင်းမှုတွေဟာ အချိန်နဲ့အမျှနီးပါး ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတွေမှာ ဖြစ်ပွားနေကြတာပါ။ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုတဲ့ လောကသဘာဝအရ အားကြီးတဲ့ကံတွေက အရင်ဆုံး အကျိုးပေးကြပါတယ်။ ဒါကြောင့် မကောင်းမှုများ ပြုမိရင် ဇော စေတနာတွေ လျော့ရဲ နည်းပါးလေ ကောင်းလေပါ။ ကောင်းမှု ပြုရာမှာတော့ ဇောစေတနာတွေ အားကြီး များပြားနေစေဖို့ အရေးကြီးပါတယ်။ ဒီအတွက်ကလည်း မခက်ပါဘူး။ ဗုဒ္ဓဟောကြားထားတဲ့ သမ္မပ္ပဓာန်နည်းလမ်းနဲ့အညီ နေလိုက်ရုံပါပဲ။

သမ္မပ္ပဓာန် လေးပါးရှိပါတယ်။
(၁) ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်ရပါမယ်။ (အတတ်နိုင်ဆုံး မေ့ပျောက်ထားရပါမယ်။ ပြန်တွေးနေတာဟာ အကုသိုလ်အတိုးယူနေတာပါ။)
(၂) မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်စေရပါဘူး။
(၃) မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်စေရပါမယ်။
(၄) ဖြစ်ပြီးသား ကုသိုလ်တွေကို တိုးပွါးစေရပါမယ်။ (အတတ်နိုင်ဆုံး သတိရ ၀မ်းမြောက်ပေးနေရပါမယ်။ ကုသိုလ်အတိုးယူတာပါ။)

ဒီတော့... မိမိတို့ (၁)စက္ကန့်မျှ ပြုမိတဲ့ ကံဟာ ဘဝပေါင်းများစွာ အကျိုးပေးနိုင်တယ်လို့ သိပြီဆိုရင် ဘယ်လို ဘဝပေါင်းများစွာကို လိုချင်ပါသလဲ...။ ကောင်းတဲ့ ဘဝပေါင်းများစွာလား။ မကောင်းတဲ့ ဘဝပေါင်းများစွာလား။ ဘယ်လို ဘဝမျိုးပဲ ဖြစ်ဖြစ် ဘဝတစ်ခုဟာ ဆင်းရဲတစ်ခုပဲလို့ မြင်နိုင်တဲ့ အသိဥာဏ်များ ရှိလာမယ်ဆိုရင် ဘဝမရှိမှ ဆင်းရဲငြိမ်းမှာ ဖြစ်တဲ့အတွက် ဘဝမရှိအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါဆိုရင်တော့ ကံပြတ်မှ ဘဝပြတ်မှာဖြစ်တဲ့အတွက် ကံဖြတ်ဖို့ ဗုဒ္ဓပေးထားတဲ့ ဝိပဿနာ ဘာဝနာနည်းလမ်းနဲ့ ကြိုးစားကြရုံပဲ ရှိပါတော့တယ်။

- မကောင်းတဲ့ ဘဝပေါင်းများစွာရဖို့ အထူးအားမထုတ်ရတဲ့ အမြဲလျှောက်နေကျ ပြန့်ပြူးချောမွေ့တဲ့ လမ်းမကြီးက တစ်လမ်း၊
- ကောင်းတဲ့ ဘဝပေါင်းများစွာရဖို့ အားထုတ်ပြီး တစ်ခါတစ်ရံမှ သွားမိတဲ့ လမ်းကတစ်လမ်း၊
- ဘယ်ဘဝကိုမှ ထပ်မရစေတော့ဖို့ အထူးအားထုတ် ခုတ်ထွင်ရှင်းလင်းပြီး သွားရတဲ့ လမ်းကတစ်လမ်း
... ဆိုပြီး အတုမရှိ လမ်းပြခေါင်းဆောင် ဖြစ်တော်မူတဲ့ ဗုဒ္ဓမြတ်စွာက ညွှန်ပြပြီးဖြစ်လို့ မိမိတို့အနေနဲ့ ကြိုက်ရာလမ်းကို ရွေးချယ်နိုင်ပါပြီ။ စာဖတ်သူတို့အနေနဲ့ ဘယ်လမ်းကိုများ ရွေးချယ်ကြမှာပါလိမ့်...။ ဘ၀ပြတ်လမ်းကို မလျှောက်နိုင်သေးသရွေ့ ရှိနေဦးမယ့် ဘ၀ပေါင်းများစွာအတွက် ဘယ်လိုများ ပြင်ဆင် ဖြတ်သန်းကြမှာပါလိမ့်...။

This entry was posted on 4:41 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On Saturday, July 04, 2009 10:50:00 PM , Anonymous said...

နေရာမှန်ဖို့ အရေးကြီးကြောင်း ပြောပြပေးလို့အထူးကျေးဇူးတင်ပါတယ်