သတ္တဝါတွေဆိုတာ ဘဝများစွာသံသရာ ကျင်လည်နေကြရာမှာ ဆွေမျိုး မတော်စပ်ဖူးသူရယ်လို့ မရှိကြပါဘူး။ မိဘနဲ့ သားသမီးအဖြစ်၊ လင်နဲ့ မယားအဖြစ်၊ မောင်နဲ့ နှစ်မအဖြစ်၊ ဆရာနဲ့ တပည့်အဖြစ်၊ အရှင်နဲ့ ကျွန်အဖြစ် စသဖြင့် မရေမတွက်နိုင်အောင် ဆက်စပ်ဖြစ်ခဲ့ဖူးကြတာချည်းပါပဲ။ မဖြစ်ခဲ့ဖူးတဲ့ တော်စပ်ပုံမျိုးလည်း မရှိပါဘူး။ အနည်းနဲ့ အများပဲ ကွာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပုံစံမျိုးစုံ ကြုံခဲ့ပြီးသားချည်းပါ။
မိဘနဲ့ သားသမီးအဖြစ် ဘဝများစွာ ကြုံတွေ့ကြရဖူးရင်ပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာ မိဘနဲ့ သားသမီး ဖြစ်ခဲ့ဖူးရင်ပဲဖြစ်ဖြစ် မြင်မြင်ချင်း မိဘနဲ့ သားသမီးအရင်းလိုပဲ ချစ်ခြင်း မေတ္တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနည်းတူပါပဲ။ လင်နဲ့ မယားအဖြစ် ဘဝများစွာမှာပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာပဲဖြစ်ဖြစ် တော်စပ်ခဲ့ဖူးရင် (၅၂၈)ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေ အလိုလို ပေါ်ပေါက်လာတော့တာပါပဲ။ မောင် နှစ်မ သံယောဇဉ် စတာတွေဟာလည်း ဒီနည်းအတိုင်းပါပဲ။
"အချစ်မှာ အကြောင်းမရှိဘူး" လို့ လောကလူသားတွေ ပြောဆိုလေ့ရှိကြပါတယ်။ အဲဒီ့စကား အလွန်မှားပါတယ်။
(၁) အတိတ်ဘဝမှာ အတူတကွ နေထိုင်ဖူးခြင်း (ပုဗ္ဗေဝ သန္နိဝါသ)
(၂) ပစ္စုပ္ပန်ဘဝမှာ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း (ပစ္စုပ္ပန္န ဟိတ )
ဒီအကြောင်း (၂)ပါးကြောင့် သတ္တဝါတွေ မြင်လျှင်မြင်ချင်း ချစ်မိခြင်း စတာတွေ ဖြစ်ပေါ်လာကြရတာပါလို့ ဓမ္မပဒမှာ ဘုရားရှင် ဟောကြားတော်မူထားပါတယ်။
အဲဒီ့ အဓိက အကြောင်း(၂)ပါးကို မသိတဲ့အတွက် ချစ်ခြင်းရဲ့အကြောင်းကို ရုပ်ရည်လှပလို့၊ ချမ်းသာလို့၊ ပညာတော်လို့၊ စိတ်ထားကောင်းလို့၊ ဂုဏ်ရှိလို့၊ အစွမ်းအစရှိလို့၊ ၊ ရိုးဖြောင့်လို့၊ အလုပ်အကိုင်ကောင်းလို့ ချစ်မိသွားရပါတယ် စသဖြင့် ခေါင်းစဉ်တပ် အကြောင်းပြချက် ပေးကြည့်ကြပြီး ဘာခေါင်းစဉ်မှ ရှာမရတဲ့အခါကျတော့ "အချစ်မှာ အကြောင်းမရှိဘူး" လို့ ကြွေးကြော်လိုက်ကြတော့တာပါ။
အချစ်မှာ မျက်စိမရှိရတာကလည်း ဒီအကြောင်းနှစ်ပါးကြောင့်ပါပဲ။ ကိုယ့်ရေစက်နဲ့ကိုယ်၊ ကိုယ့်ဆုတောင်းနဲ့ကိုယ် ဆိုတော့ တစ်ခါတစ်လေ မလိုက်ဖက်စွာ တွဲစပ်မိသွားတာ မြင်ရတဲ့အခါ အချစ်မှာ မျက်စိမရှိဘူးလို့ ဆိုမိတတ်ကြတာပါ။ သတ္တ၀ါတွေရတဲ့ ဘယ်အကျိုးမဆို ပစ္စုန်ပ္ပန်သက်သက်ကို ကွက်ကြည့်ရင်သာ မတူ မတန်၊ မလိုက်ဖက်ဘူး ထင်ရတာပါ။ အတိတ်သံသရာအကြောင်းကို ပြန်ကြည့်ရင် သိပ်ကို တူတန် လိုက်ဖက်ပါတယ်။
သားသတ်မုဆိုးကို ကြိုက်မိတဲ့ သောတာပန် သူဌေးသမီးတို့၊ သူခိုးကို ကြိုက်မိတဲ့ ကုဏ္ဍလကေသီတို့၊ ကျွန်နဲ့ လိုက်ပြေးတဲ့ ပဋာစာရီတို့ဆိုတာ အတိတ်က အကြောင်းတရားတွေကြောင့် မတူညီတဲ့ ဘဝတွေနဲ့ ပေါင်းဖက်မိခဲ့ကြတာပါ။ လောကလူတွေ သတ်မှတ်လေ့ရှိကြတဲ့ မတူမတန် မလိုက်ဖက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ ဘဝဘဝက ဆက်စပ်ခဲ့ဖူးတဲ့ အကြောင်းတွေကြောင့်သာ အတားအဆီး အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ အချစ်အတွက် အသက်ပင်သေသေဆိုပြီး ပေါင်းဖက်နိုင်ဖို့ ကြိုးစားကြတာပါ။
ချစ်ရက်နဲ့ ကံအကြောင်းမသင့်လို့ လမ်းခွဲရသူတွေ၊ မချစ်ဘဲနဲ့ ကံစွက်ပြီး ပေါင်းဖက်ရသူတွေ ဆိုတာဟာလည်း မိမိတို့ ပြုမိခဲ့ကြတဲ့ ကံစီမံရာအတိုင်း ခံကြစံကြရတာပါ။ ကံစီမံရာအတိုင်း ဖြစ်နေကြရသူတွေအတွက် မိမိတို့ရရှိထားတဲ့ အခြေအနေကို မကျေမနပ်ဖြစ်မိတယ်ဆိုရင်တော့ ပစ္စုပ္ပန်ကံ တစ်ခုတည်းကိုပဲ ကွက်မကြည့်ဘဲ အတိတ်ကံ၊ အတိတ်ဘဝတွေကိုပါ ထည့်သွင်းစဉ်းစားပြီး စိတ်ချမ်းသာအောင်နေသင့်ပါတယ်။
'ငါနဲ့ သူနဲ့ ဘာကွာလို့လဲ' 'ငါက သူ့ထက် သာတာပဲ' 'ငါက သူ့အောက် ဘာများလျော့နေလို့လဲ' စသဖြင့် ကိုယ်ချစ်မြတ်နိုးရသူက ကိုယ့်ထက် သူတစ်ပါးကို ပိုအရေးပေးနေရင် ဒေါမနဿပွါးတတ်ကြပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ ကိုယ့်ပြိုင်ဘက်နဲ့က ဘယ်လောက်တောင် ဘ၀တွေနီးခဲ့မှန်း မသိ၊ ဒါကို မသိနိုင်တဲ့ကိုယ်က ဒီဘ၀မှ လာတွေ့ပြီး မောင်ဦးအခေါ်ခံချင်လွန်းနေပြန်ရင်လည်း ကိုယ်ပဲ စိတ်ဆင်းရဲ အကုသိုလ်ပွါးရပါမယ်။ ဇာတ်တော်တွေထဲမှာ ရှင်ဘုရင် မြတ်နိုးလွန်းတဲ့ မိဖုရားကို မိဖုရားခေါင်ကြီးက မနာလိုဖြစ်ပြီး ပျက်စီးအောင် ကြံမိတာတွေဟာလည်း ဒီအကြောင်းတွေကို မမြင်တတ်ခဲ့လို့ပါ။
အဲဒီ့လိုပါပဲ။ ကိုယ်က ကောင်းနေပါရက်နဲ့ ကိုယ့်ကို အကြောင်းမဲ့ မုန်းတီးနေသူတွေနဲ့ ကြုံရရင်လည်း စိတ်မချမ်းမသာ ဖြစ်တတ်ကြပါတယ်။ ဒီလောက်တောင် ဖြစ်လှတာဆိုပြီး ဖက်ပြိုင်ပြီးတောင် အာဃာတထား ရန်ငြှိုးဖွဲ့မိတတ်ကြပါတယ်။ အမှန်က ကိုယ်က ဒီဘ၀မှာတော့ ကောင်းပေမယ့် အတိတ်ဘ၀တွေမှာ ဘယ်လောက်တောင်မှ သူ့အကျိုးစီးပွါးကို သိသိကြီးနဲ့တစ်မျိုး၊ အမှတ်တမဲ့တစ်မျိုး ခွင့်မလွှတ်နိုင်လောက်အောင် ပျက်စီးစေခဲ့ဖူးမှန်း မသိနိုင်ပါဘူး။ ဒါကြောင့် ဒီလိုအဖြစ်မျိုး ကြုံလာရရင်လည်း အတိတ်အကြောင်းတွေကို မှန်းဆသံဝေဂယူရပါမယ်။ ကိုယ်က အကြွေးပေးစရာတွေ ရှိနေတယ်လို့ပဲ နှလုံးသွင်းပြီး သူ့အငြှိုးကို ကိုယ့်မေတ္တာနဲ့ အကြွေးကျေအောင်ဆပ်နိုင်ဖို့ပဲ ကြိုးစားရပါမယ်။ မီးကို မီးချင်းငြှိမ်းလို့ မရပါဘူး။ အရင် မျက်လုံးဖွင့်ပြီး မြင်အောင်ကြည့်နိုင်တဲ့သူက သူတော်ကောင်းပါပဲ။ သူမတော်တာ၊ မကောင်းတာ မကြည့်ဘဲ ကိုယ့်ဘက်ကပဲ တော်နိုင်၊ ကောင်းနိုင်အောင် ကြိုးစားရပါမယ်။
သတ္တဝါတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းဆိုတာ ဘယ်သူမှ ဖန်တီးလို့ မရပါဘူး။ တစ်ခါတစ်လေ အကြောင်းမဲ့ ချစ်နေ၊ မုန်းနေတယ် ထင်ရလောက်အောင်ကို ပစ္စုပ္ပန်အကြောင်း ရှာမရတတ်ပေမယ့် အတိတ်ဘဝက ချစ်စ၊ မုန်းစတွေကိုပါ ထည့်သွင်းရေတွက်လိုက်မယ်ဆိုရင်တော့ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်၊ မိမိကိုယ်တိုင်လည်း စိတ်သက်သာရာ ရသွားပါလိမ့်မယ်။
အဲ….. တကယ် အေးငြိမ်းချမ်းသာမှု အစစ်ကိုမှ လိုချင်တယ်ဆိုရင်တော့ မချစ်ပါ မမုန်းပါနဲ့...။
မချစ်တတ်ရင် = ချစ်သူနဲ့ ခွဲရလို့ဖြစ်တဲ့ ဒုက္ခမီး ငြိမ်းပါတယ်။
မမုန်းတတ်ရင် = မုန်းသူနဲ့ တွဲရလို့ဖြစ်တဲ့ ဒုက္ခမီး ငြိမ်းပါတယ်။
ဒီတော့ မချစ်ဘဲ၊ မမုန်းဘဲ နေနိုင်ကြပါ့မလား။ နည်းနည်းနေနိုင်ရင် နည်းနည်း ဒုက္ခငြိမ်းသွားပါမယ်။ အများကြီး နေနိုင်ရင် အများကြီး ဒုက္ခငြိမ်းသွားပါမယ်။ လုံးဝနေနိုင်သွားရင်တော့ လုံးဝ ဒုက္ခငြိမ်းသွားတော့မှာပါပဲ။
ဒါ့ကြောင့် စာဖတ်သူတွေလည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အလိုမကျတဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ကြုံတွေ့ကြရရင် နားလည် ခွင့်လွှတ်ပေးနိုင်ကြပြီး မချစ်ရင် မနေနိုင်သူတွေကနေ မချစ်တတ်၊ မမုန်းတတ်တဲ့သူတွေဖြစ်အောင် ကြိုးစားနေထိုင်သွားနိုင်ကြပါစေ…။
0 comments: