နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


မကောင်းတဲ့စိတ်ထားဟာ ပိုင်ရှင်ကို လူယုတ်မာ၊ လူ့အောက်တန်းစားဖြစ်အောင် ပြုတတ်ပါတယ်။ ကောင်းတဲ့စိတ်ထားကတော့ သူတော်ကောင်း၊ အထက်တန်းစားဖြစ်အောင် ပြုပေးပါတယ်။ ဒီတော့ လူ့လောကမှာ လက်ခံသုံးစွဲနေကြတဲ့ အထက်တန်းစား၊ အောက်တန်းစားဆိုတဲ့ အသုံးအနှုန်း တွေအတွက် မိမိစိတ်ကို ကောင်းအောင်ထားနိုင်ခြင်း ရှိ၊ မရှိ ပေတံနဲ့ တိုင်းတာသတ်မှတ်မှသာလျှင် တိကျမှန်ကန်နိုင်ပါမယ်။ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုပေါ် မူတည်ပြီး သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန အကုသိုလ်စိတ်တွေကို ထိန်းသိမ်းပြီး ကောင်းတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကုသိုလ်စိတ်တွေ ပွါးများနိုင်ပါမှ အထက်တန်းစား လူကြီးလူကောင်းတွေ ဖြစ်ပါမယ်။

မိမိတို့ လျှောက်လှမ်းနေတဲ့လမ်းက အဆင်းလမ်း၊ အတက်လမ်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကိုယ့်စိတ်ကိုယ် အထိန်းအကွပ်မရှိ သတိလက်လွတ် လွှတ်ထားလို့ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ဟာ ပြုထားသူကို အမြဲတမ်း အောက်တန်းကိုပဲ တွန်းပို့ပါတယ်။ မိမိစိတ်ကို ကောင်းအောင်ထားနိုင်စွမ်းရှိလို့ ပေါ်ပေါက်လာတဲ့ ကုသိုလ်တွေကတော့ ပိုင်ရှင်ကို အထက်တန်းကိုချည်း ဆွဲတင်ပါတယ်။ လက်သည်းခွံပေါ်က မြေမှုန့်နဲ့ မဟာပထ၀ီမြေကြီးကို နှိုင်းစာကြည့်ရင် ပမာဏ အလွန့်အလွန် ကွာခြားသလို တက်သူနဲ့ ဆင်းသူများဟာလည်း မြေမှုန့်နဲ့ မြေကြီးလိုပါပဲ။ မနှိုင်းယှဉ်သာအောင် ကွာခြားလွန်းလှပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ စိတ်ကိုထိန်းချုပ်ရတာထက် လွတ်လပ်ရတာက ပိုသက်သာတယ်ဆိုပြီး ခဏတာ ချမ်းသာကိုကြည့်ပြီး အဆင်းလမ်းကို ရဲရဲကြီးဆင်းနေကြမိလို့ပါ။ အဆင်းရဲလွန်းလို့ ဆင်းရဲတဲ့သူ များရတာပါ။

အထက်တန်းကို ရောက်ဖို့ဆိုတာ လျှောဆင်းလိုက်သလိုတော့ မလွယ်ပါဘူး။ တမင်ကို ကြိုးစားအားထုတ်ပြီး တက်နိုင်ပါမှ ရောက်နိုင်ပါတယ်။ ဒါတောင် တစ်လှမ်းစာပဲ အားထုတ်တက်ရင် တစ်လှမ်းစာပဲ ရောက်ပါမယ်။ ကိုယ့်စိတ်ကိုယ် သတိကပ်ပြီး ကုသိုလ်ဖြစ်အောင် ထားနိုင်ပါမှ အထက်ကို တက်နေတယ်လို့ ဆိုနိုင်ပါတယ်။ တစ်နေ့ တစ်နေ့ အမှုမဲ့ အမှတ်မဲ့ပဲ အချိန်တွေ ကုန်သွားပါတယ်။ ကုသိုလ်ကောင်းမှုလည်း ထူးမလုပ်မိပါဘူး။ အကုသိုလ်ရယ်လို့လည်း မယ်မယ်ရရ မရှိပါဘူးလို့ ဆိုလာသူများကတော့ တစ်လှမ်းချင်း ဆင်းနေသူတွေပါ။ မိုးလင်းကမိုးချုပ် လောဘဇော၊ ဒေါသဇော၊ မောဟဇောတိုက်ပြီး ကိုယ့်လောကီကိစ္စတွေကလွဲလို့ ဘာကိုမှ သတိမရသူများကတော့ အားရပါးရကြီးကို လျှောဆင်းနေကြတာပါ။ မိမိတို့လည်း တစ်နေကုန်မှာ ဘယ်နှစ်လှမ်းလောက် တက်မိလို့ ဘယ်နှစ်လှမ်းလောက်များ ဆင်းမိနေကြပါလိမ့်။

လောကမှာ ပွဲလမ်းသဘင် အခမ်းအနား တက်တော့မယ်ဆိုရင် ပရိသတ်အလယ်မှာ သိက္ခာရှိရှိ ၀င်ဆန့်တဲ့ အထက်တန်းစား လူရည်သန့်တစ်ယောက် ဖြစ်စေဖို့ မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် မှန်ထဲမှာ ကြည့်ရှုပြင်ဆင်၊ ၀တ်ပုံစားပုံ အချိုးကျ၊မကျ သေချာဆင်ခြင်သလို မိမိရဲ့ သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိတွေကို အကောင်းဆုံးဖြစ်အောင် ပညာမှန်ထဲမှာ ကြည့်ရှုပြင်ဆင်၊ ကာယကံ၊ ၀စီကံ၊ မနောကံတွေ အချိုးကျ၊မကျ သေချာဆင်ခြင်ပြီးမှ သံသရာပွဲလမ်း အခမ်းအနား တက်မယ်ဆိုရင်တော့ အထက်တန်းစား ဘ၀ပိုင်ရှင်ချည်းပဲ ဖြစ်ရမှာပါ။

''သိကားသိ၏၊ မကျင့်မိ'' မဖြစ်စေဘဲ အထက်တန်းစား ပုဂ္ဂိုလ်များဖြစ်အောင် ဓမ္မသတိဖြင့် စွမ်းဆောင်ကျင့်နိုင်ကြပါစေ။

This entry was posted on 4:51 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: