နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


ကြိုးစားမှုလည်း ရှိပါလျက်...

အကြံဉာဏ်လည်း ကောင်းပါလျက်...
အစစ အရာရာ မအောင်မမြင်၊ မချောမမော၊ အခက်အခဲမျိုးစုံကြုံပြီး အရှုံးတွေနဲ့ချည်း ရင်ဆိုင်နေရပြီဆိုရင် ကိုယ့်ကံကိုယ် စိစစ်ကြည့်ဖို့ လိုအပ်နေပါပြီ။

ခင်ပွန်းကြီး(၁၀)ပါးထဲက တစ်ပါးပါးကို ကာယကံ၊ ၀စီကံ၊ မနောကံ တစ်မျိုးမျိုးနဲ့ ပြစ်မှားခဲ့ဖူးရင် ဘယ်လောက်ပဲတော်တော် အောင်မြင်ကြီးပွါးမှာ မဟုတ်ပါဘူး။ ဒဏ်(၁၀)ပါး သင့်တတ်ပါတယ်။

ခင်ပွန်းကြီး(၁၀)ပါး ဆိုတာက -
• ဘုရား
• ပစ္စေကဗုဒ္ဓါ
• အဂ္ဂသာဝက+မဟာသာဝက
• ရဟန္တာ
• မိခင်
• ဖခင်
• ဆရာ
• သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးသူ
• တရားဟောပုဂ္ဂိုလ်
• ပေးကမ်းကူညီဖူးသူ - တို့ ဖြစ်ပါတယ်။

ဒဏ်(၁၀)ပါး ဆိုတာကတော့ -
• ဥစ္စာပျက်စီးခြင်း
• ဆွေမျိုးပျက်စီးခြင်း
• ကိုယ်ခန္ဓာပျက်စီးခြင်း
• ရူးသွပ်ခြင်း
• နူနာစွဲခြင်း
• အစွပ်စွဲခံရခြင်း
• မီးလောင်ခံရခြင်း
• ဖျားနာခြင်း
• ဒဏ်တပ်ခံရခြင်း
• တရားရှုံးခြင်း - တို့ပဲ ဖြစ်ကြပါတယ်။

သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခန်း၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဌ၊ တွေ့ကြုံရ၍၊
သေကငရဲ၊ ကမ္ဘာစွဲ၏။

အလွန်ကို ကြောက်စရာကောင်းပါတယ်။ ဒီဘ၀မှာ မပြစ်မှားမိပေမယ့် သံသရာကို ကိုယ်ပြန်မမြင်နိုင်ပါဘူး။ ဒီတော့ မိမိတို့အနေနဲ့ လောလောဆယ်မှာ ကံကောင်း နေသည်ဖြစ်စေ၊ ကံဆိုးနေသည်ဖြစ်စေ ခင်ပွန်းကြီး(၁၀)ပါးကို ၀န်ချတောင်းပန် လိုက်ခြင်းကြောင့် ဘာမှအကျိုးမယုတ်ပါဘူး။ ပဉ္စာနန္တရိယကံမှ ကျူးလွန်မထား မိဘူးဆိုရင် မဂ်တား၊ ဖိုလ်တား အန္တရာယ်အားလုံးကိုတောင် ပျောက်ကင်း စေနိုင်ပါတယ်။ ၀ဋ်နာ ကံနာရောဂါတွေရဲ့ ကုသဆေးလည်းဟုတ်၊ ကာကွယ် ဆေးလည်း ဟုတ်ပါတယ်။ ဒီတော့ ဘယ်လိုကုကြမလဲ။

ဒဏ်ကိုကုချင်ရင် ကံကိုပြုပြင်ပေးလိုက်ရုံပါပဲ။

မနက်အိပ်ယာထရင် -
• ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့၏ အနန္တသီလ၊ အနန္တသမာဓိ၊ အနန္တပညာတို့နှင့်တကွ သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးကို အလှူခံအရာ ထားပြီး မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ၊ ဆွမ်း၊ ပန်း၊ အလင်းတိုင်၊ အမွှေးတိုင်များ မိမိတို့ တတ်နိုင်သလောက် ကပ်လှူပူဇော်ပြီး ဒါန ပြုရပါမယ်။
• သရဏဂုံ ဆောက်တည်၊ ၅/၈/၉ပါး သီလ ခံယူပြီး လုံအောင်စောင့်ထိန်း ရပါမယ်။
• ဘ၀သံသရာ အဆက်ဆက်မှ ယခုအချိန်အထိအောင် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်များ၊ မိဘ ဆရာသမားများ၊ သူတော်စင် သူတော် ကောင်းများ၊ ကျေးဇူးရှင်များအပေါ်မှာ ကာယကံ၊ ၀စီကံ၊ မနောကံဖြင့် ပြစ်မှားမိခဲ့ဖူးသော အပြစ်များ ကျေပျောက်ပါစေခြင်းအကျိုးငှာ ၀န်ချ ကန်တော့ တောင်းပန်ပါ၏ လို့ အလေးအနက် ရှိခိုးတောင်းပန်ရပါမယ်။
• နောက်ဆုံးအနေနဲ့ မေတ္တာပို့ခြင်း၊ ဂုဏ်တော်ပွါးခြင်း၊ တရားထိုင်ခြင်း စတဲ့ ဘာဝနာ မှုတွေ ပြုလုပ်ပါ။

ဒီလိုနည်းနဲ့ ကံကိုပြုပြင်ပြီး ဒဏ်ကိုကုစားလိုက်မယ်ဆိုရင် အဆိုးတွေပပျောက်၊ အကောင်းဆုံးတွေချည်း ရောက်လာမှာ လုံးဝသေချာပါတယ်။ ဒီတော့ စာဖတ်သူ များလည်း ဆေးစသောက်ကြည့်လိုက်ကြရအောင်လား.....။

This entry was posted on 7:11 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: