နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


အရှင်ကုမာရကဿပကလည်း မြို့စား.. သင့်အယူ ဖြစ်ရခြင်းရဲ့ တခြားအကြောင်း ရှိသေးသလားလို့ မေးပါတယ်။

မြို့- ရှိပါတယ် အရှင်မြတ်။ တစ်နေ့တုန်းက သူခိုးတစ်ယောက်ကို အပြစ်ပေးဖို့ အကျွန်ုပ်ထံ ခေါ်လာကြပါတယ်။ ဒါနဲ့ အဲဒီ့သူခိုးကို မသတ်ခင် အိုးထဲထည့် အဝကိုပိတ် သားရေအစိုနဲ့ကျက် မြေအစိုနဲ့လိမ်းပြီး မီးဖုတ်ခိုင်းလိုက်ပါတယ်။ သေလောက်တဲ့အခါ အိုးကိုဖြည်းဖြည်းလေးဖွင့်ပြီး သူခိုးရဲ့ ထွက်သွားတဲ့ အသက်ကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ မမြင်ခဲ့ရပါဘူး။ ဒါ့ကြောင့်လည်း အကျွန်ုပ်ရဲ့ ဒီအယူက ဖြစ်ရတာပါ။

အဲဒီ့အခါ အရှင်မြတ်က အိပ်မက်ဥပမာပေးပြီး မေးခွန်းထုတ်ပြန်ပါတယ်။

(၇) အိပ်မက် ဥပမာ

ကု- မြို့စား.. နေ့ခင်းနေ့လည် အိပ်တဲ့အခါ ပျော်စရာကောင်းတဲ့ အိပ်မက်မျိုး မြင်မက်ဖူးသလား။

မြို့- မက်ဖူးပါတယ်။

ကု- အဲဒီ့လို အိပ်မက်မက်ပြီး အိပ်ပျော်နေတဲ့အခါ စောင့်နေကြရတဲ့ မောင်းမတွေက သင့်ရဲ့ ဝင်သက်၊ ထွက်သက်ကို မြင်ကြရသလား။

မြို့- မမြင်ကြရပါ။

ကု- မြို့စား.. အသက်ရှင်နေတဲ့ မောင်းမတွေတောင် သက်ရှိထင်ရှား သင့်ရဲ့ ၀င်သက်၊ ထွက်သက်ကို မမြင်ရရင် လူသေရဲ့ ထွက်သက်ကို သင် ဘယ်လိုလုပ် မြင်ရပါ့မလဲ။ ဒါ့ကြောင့် သင့်ရဲ့ အယူမှားကို စွန့်လိုက်ပါတော့။

မြို့- အရှင်မြတ် ဘယ်လိုပြောပြော အကျွန်ုပ်ရဲ့ အယူကို မစွန့်နိုင်ပါ။

ကု- မြို့စား.. ဒီအယူရဲ့ တခြားအကြောင်း ရှိသေးသလား။

မြို့- ရှိပါတယ် အရှင်မြတ်။ တစ်ခါက သူခိုးတစ်ယောက်ကို အပြစ်ပေးဖို့ အကျွန်ုပ်ထံ ခေါ်လာကြပါတယ်။ ဒါနဲ့ အဲဒီ့သူခိုးကို မသတ်ခင် အလေးချိန်ထားလိုက်ပါတယ်။ ပြီးမှ ထွက်သက်မရှိအောင် လည်ပင်းကို ကြိုးနှင့်ညှစ်ပြီး သတ်လိုက်ပါတယ်။ သေသွားတဲ့အခါ ထပ်ပြီး အလေးချိန်ကြည့်ပါတယ်။ အဲဒီ့မှာ ဘာတွေ့ရသလဲ ဆိုတော့ မသေခင်ကထက် ပိုပြီး လေးလည်းလေး၊ တောင့်လည်းတောင့် နေပါတယ်။ ဒါ့ကြောင့်လည်း အကျွန်ုပ်ရဲ့ ဒီအယူ ဖြစ်ရတာပါ။

အဲဒီ့အခါ အရှင်မြတ်က သံတွေခဲ ဥပမာနဲ့ မေးခွန်းထုတ်ပြီး ရှင်းပြန်ပါတယ်။

(ဂ) သံတွေခဲ ဥပမာ

ကု- မြို့စား.. ယောက်ျားတစ်ယောက်ဟာ တစ်နေကုန် မီးဖုတ်ထားလို့ ရဲရဲတောက်နေတဲ့ သံခဲကို အလေးချိန် ချိန်ပြီး မှတ်သားထားမယ်။ အဲဒီ့ သံခဲကိုပဲ အေးသွားတဲ့အခါ အလေးချိန် ထပ်ချိန်ကြည့်မယ် ဆိုပါစို့။ သံခဲပူနှင့် သံခဲအေး ဘယ်ဟာက ပိုပေါ့မလဲ။ ဘယ်ဟာက ပိုပျော့ပြီး ပြုပြင်လို့ ရမလဲ။

မြို့- အရှင်မြတ်.. သံခဲပူက အပူဓာတ်နှင့် လေဓာတ် ပေါင်းဆုံမိလို့ ပိုပေါ့ ပိုပျော့ပြီး အပြုအပြင် ခံပါတယ်။

ကု- မြို့စား.. ဒီလိုပဲပေါ့။ ဒီကိုယ်ဆိုတာ အသက်ကိုယ်ငွေ့နဲ့ အသိစိတ်ဝိညာဏ် ပေါင်းဆုံမိတဲ့အတွက် ပိုမိုပေါ့ပါး ပျော့ပြောင်းပြီး အပြုပြင်ခံနေတာ။ အသက် ကိုယ်ငွေ့၊ အသိစိတ်ဝိညာဏ်တွေနဲ့ ကင်းကွာသွားတဲ့အခါ ပိုလေးလံ ခက်မာလာပြီး ပြုပြင်လို့ မရတော့ဘူး။ ဒါ့ကြောင့် နောက်ဘဝရှိတယ် စတဲ့ မှန်တဲ့အယူကို ယူပါတော့။

မြို့- အရှင်မြတ် ဘယ်လိုပြောပြော အကျွန်ုပ်ရဲ့ အယူကို မစွန့်နိုင်ပါ။

ကု- မြို့စား.. သင့်အယူ ဖြစ်ရခြင်းရဲ့ တခြားအကြောင်း ရှိသေးသလား။

မြို့- အရှင်မြတ်.. ရှိပါတယ်။ တစ်ခါတုန်းက သူခိုးတစ်ယောက်ကို အရေထူ၊ အရေပါး၊ အကြော၊ အရိုးမပျက်စေဘဲ သတ်ဖို့၊ သေခါနီးမှာ သူခိုးကို ပက်လက်ထားပြီး အသက်ထွက်သွားတာကို စောင့်ကြည့်ဖို့ ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် ဘာမှ မမြင်ကြရပါဘူး။ ဒါနဲ့ မှောက်လျက်၊ ဘယ်ညာတစောင်း၊ မတ်တပ်၊ စောက်ထိုးထား၊ လက်နဲ့ပုတ်၊ တုတ်နဲ့ရိုက်၊ ဓားနဲ့ခုတ် အမျိုးမျိုးလုပ်ပြီး အသက်ထွက်တာကို စောင့်ကြည့်ခိုင်းပါတယ်။ ဒါပေမယ့် အသက်ထွက်တာကို ဘယ်လိုမှ မမြင်ကြရပါဘူး။ အဲဒီ့ ခိုးသူမှာ မျက်စိလည်း ရှိပါတယ်။ ရူပါရုံလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ အာရုံကို မခံစားနိုင်ပါဘူး။ တခြား နား၊ နှာ၊ လျှာ၊ ကိုယ်တွေနဲ့လည်း ဘယ်အာရုံကိုမှ မခံစားနိုင်ပါဘူး။ ဒါ့ကြောင့် နောက်ဘဝ ဆိုတာတွေ မရှိဘူးဆိုတဲ့ အကျွန်ုပ်ရဲ့အယူ ဖြစ်ရတာပါ။

အဲဒီ့အခါ အရှင်မြတ်က ခရုသင်းမှုတ်တဲ့ ယောက်ျား ဥပမာပေးပြီး ရှင်းပြန်ပါတယ်။

(၉) ခရုသင်းမှုတ်သူ ဥပမာ

ကု- မြို့စား.. ရှေးတုန်းက ခရုသင်းမှုတ်တဲ့ ယောက်ျားတစ်ယောက်ဟာ ခရုသင်းကို ယူပြီး တိုင်းစွန်ပြည်ဖျား ကျေးရွာတစ်ရွာကို သွားသတဲ့။ ရွာလယ်မှာ ရပ်၊ ခရုသင်းကို သုံးကြိမ်မှုတ်ပြီး ခရုသင်းကို မြေမှာ ချထားလိုက်တယ်။ ရွာသားတွေ စုဝေးရောက်လာပြီး ဘာသံလဲလို့ မေးတော့ ဒီခရုသင်းသံလို့ ဖြေတာပေါ့။ ဒီတော့ ရွာသားတွေလည်း ခရုသင်းကို ပက်လက်ထားပြီး 'မြည်လော့၊ မြည်လော့' လို့ ဆိုကြတယ်။ မမြည်တဲ့အခါ မှောက်ခုံ၊ တစောင်း၊ မတ်မတ်၊ စောက်ထိုးထား၊ လက်နဲ့ပုတ်၊ ခဲနဲ့ထု၊ တုတ်နဲ့ရိုက်၊ ဓားနဲ့ခုတ်၊ ဟိုဘက်၊ ဒီဘက် အပြန်ပြန် အလှန်လှန်ချပြီး 'မြည်လော့၊ မြည်လော့' လို့ ဆိုကြပြန်သတဲ့။ ဒါပေမယ့်လည်း မြည်မလာဘူး။ အဲဒီ့အခါ ခရုသင်းမှုတ်တဲ့ ယောက်ျားက ဒီလူတွေ မိုက်လိုက်တာလို့ တွေးပြီး ခရုသင်းကို ကောက်ယူ သုံးကြိမ်မှုတ်ပြပြီး ထွက်သွားပါတော့တယ်။ အဲဒီ့အခါကျမှ ရွာသားတွေက သြော်.. ခရုသင်းနဲ့ မှုတ်တဲ့ ယောက်ျား၊ မှုတ်ခြင်းနဲ့ လေတို့ ပေါင်းဆုံမိမှ အသံထွက်တာပါလားလို့ သဘောပေါက်သွားကြပါသတဲ့။ မြို့စား.. ဒီအတိုင်းပါပဲ။ ဒီကိုယ်ဆိုတာလည်း အသက်ကိုယ်ငွေ့ အသိစိတ်ဝိညာဏ်တို့ ပေါင်းဆုံမိမှ လျောင်းထိုင်ရပ်သွား ဆိုတဲ့ အမူအရာတွေနဲ့ မြင်ကြားနံစား စတဲ့ အာရုံခံစားမှုတွေကို ပြုလုပ်နိုင်တာပါ။ အသက်ကိုယ်ငွေ့ အသိစိတ် ဝိညာဏ်တွေ မရှိရင် ဘာမှ မလုပ်နိုင်၊ မခံစားနိုင်ပါဘူး။ ဒါ့ကြောင့် သေပြီး နောက်ဘဝ ရှိတယ် စတဲ့ မှန်တဲ့ အယူကို ယူပါ။

မြို့- အရှင်ကဿပ ဘယ်လိုပဲပြောပြော အကျွန်ုပ်ရဲ့ အယူကို မပြောင်းနိုင်ပါ။

ကု- တခြားအကြောင်းများ ရှိသေးသလား။

မြို့- ရှိပါတယ် အရှင်မြတ်။ တစ်ရက်တုန်းက သေဒဏ်ကျခံထားရတဲ့ သူခိုးတစ်ယောက်ကို အရေထူ၊ အရေပါးကိုခွါ၊ အသားကိုလှီး၊ အကြောကိုဖြတ်၊ အရိုးကိုပိုင်း၊ ရိုးတွင်းချဉ်ဆီကိုထုတ် စတာတွေ လုပ်ပြီး အသက်ကို ရှာကြည့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မတွေ့ရတဲ့အတွက်ကြောင့် နောက်ဘဝမရှိ၊ ကောင်းကံ၊ မကောင်းကံတွေရဲ့ အကျိုးမရှိဆိုတဲ့ အယူ ဖြစ်ရပါတယ်။

အဲဒီ့အခါ အရှင်မြတ်က မီးကို လုပ်ကျွေးတဲ့ ရသေ့ဥပမာပေးပြီး ရှင်းပြပြန်ပါတယ်။

(၁ဝ) မီးကို လုပ်ကျွေးသော ရသေ့ဥပမာ

ကု- ရှေးတုန်းက တောမှာနေပြီး မီးကိုလုပ်ကျွေးတဲ့ (မီးမငြိမ်းအောင်ထားရတဲ့) ရသေ့တစ်ယောက်ဟာ ခရီးသွား လှည်းသမားတွေ လှည်းစခန်း ချသွားတဲ့နေရာက စွန့်ပစ်ခံ ပက်လက်အိပ်တတ်ရုံ ကလေးတစ်ယောက်ကို ကောက်ယူ မွေးစားထားပါသတဲ့။ (၁ဝ)နှစ်၊ (၁၂)နှစ် အရွယ်လောက် ရောက်လာတော့ ရသေ့က ဇနပုဒ်တစ်ခုကို ခရီးသွားစရာရှိလို့ သူငယ်ကို မီးမငြိမ်းအောင် ဂရုစိုက်ဖို့၊ ငြိမ်းများသွားခဲ့ရင် ပဲခွပ်၊ ထင်း၊ မီးပွတ်တွေသုံးပြီး မီးရအောင် ပြန်လုပ်ဖို့ မှာပြီး ခရီးထွက်သွားပါတယ်။ သူငယ်ဟာ ကစားမက် နေတဲ့အတွက် မီးငြိမ်းသွားပါတယ်။ ဒါနဲ့ မီးပြန်ရဖို့ မီးပွတ် (မီးခြစ်)ကို ပဲခွပ်နဲ့ ရွေတယ်။ မရတာနဲ့ နှစ်စိတ်၊ သုံးစိတ်၊ လေးစိတ်၊ ငါးစိတ် အစိတ်စိတ် အမွှာမွှာ ခွဲတယ်။ မရတော့ ဆုံမှာ ထည့်ထောင်းတယ်။ မရပြန်တာနဲ့ လေပြင်းထဲမှာ ကြဲလွှင့်ကြည့်တယ်။ ဒါပေမယ့် မရတာက မရတာပါပဲ။ ရသေ့ ဇနပုဒ်က ပြန်ရောက်ပြီး အကြောင်းစုံကို သိရတော့ မိုက်လိုက်တာ။ ဘာ့ကြောင့် အဆင်အခြင်မရှိ မီးကို ရှာရသလဲ ဆိုပြီး မီးပွတ်ကိုယူ မီးမွှေးပြလိုက်ပါတယ်။ ပညာရှိဆိုတာ ဘယ်သူမှ မင်းလို မီးကိုမရှာဘူးလို့လည်း ဆိုပါသတဲ့။ အသင် မြို့စားကြီးလည်း ဒီလို ဖြစ်နေပြီပဲ။ အဆင်အခြင်မရှိ တခြားလောကကို ရှာနေပါ့လား။ ဒီအကျိုးမရှိတဲ့ အယူကို စွန့်လိုက်ပါတော့။

မြို့- အရှင် ဘယ်လိုပြောပြော ကျွန်ုပ်ရဲ့ အယူကို မစွန့်နိုင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်ုပ် ဒီအယူကိုယူတာ ပသေနဒီ ကောသလမင်းကြီးလည်း သိပါတယ်။ တခြား မင်းတွေလည်း သိကြပါတယ်။ ဒီတော့ သူတို့ ကဲ့ရဲ့မှာ ကြောက်တာက တစ်ကြောင်း၊ အရှင်ဘုရားကို ချေပလို၊ ဆန့်ကျင်တုပြိုင်လိုတာက တစ်ကြောင်းကြောင့် ကျွန်ုပ်ရဲ့ အယူကိုပဲ ဆက်ယူမြဲ ယူနေမှာပါ။

အဲဒီ့အခါ အရှင်ကဿပက လှည်းမှူးကြီး နှစ်ယောက် ဥပမာပေးပြီး ရှင်းပြ ပြန်ပါတယ်။

(၁၁) လှည်းမှူးကြီး နှစ်ယောက်ဥပမာ

ကု- မြို့စား.. ရှေးက လှည်းတစ်ထောင်ကို လှည်းမှူး(၂)ယောက် ခေါင်းဆောင်ပြီး အရှေ့ကနေ အနောက်ကို ခရီးထွက်လာကြတယ်။ မြက်ထင်းရေ အခက်အခဲကြောင့် (၅ဝဝ)စီ နှစ်ဖွဲ့ ခွဲသွားဖို့ သဘောတူပြီး လှည်းမှူးတစ်ယောက် ခေါင်းဆောင်တဲ့ လှည်း(၅ဝဝ)က ရှေးဦးစွာ သွားနှင့်ပါတယ်။ အဲဒီ့အဖွဲ့ (၂)ရက်၊(၃)ရက် လောက် သွားမိတော့ အဝတ်စို၊ ဆံပင်စိုတွေနဲ့ ရွှံ့တွေကလည်း ပေနေတဲ့ မျက်လုံးနီနီ၊ အသားမည်းမည်း လူယောင်ဆောင် ဘီလူးတွေနဲ့ တွေ့ပါတယ်။ ဘယ်ကလာလို့ ဘယ်ကိုသွားကြမလဲ နှုတ်ဆက်စကား ပြောပြီး ရှေ့မှာ မိုးကြီးရွာထားလို့ မြက်ထင်းရေတွေ သိပ်ပေါနေတယ်။ လှည်းတွေ ဝန်ပေါ့သွားအောင် ပါလာတဲ့ မြက်ထင်းရေတွေ စွန့်ပြီး မပင်မပန်း သွားကြဖို့ ဆိုလာပါတယ်။ လှည်းမှူးမိုက်လည်း သူတို့ပြောတာ ယုံပြီး ပါလာတဲ့ မြက်ထင်းရေတွေ စွန့်ပစ်စေပြီး ခရီးဆက်ကြပါတယ်။ လှည်းစခန်း (၇)စခန်းလောက်သာ ရောက်လာတယ်။ ဘာမြက်ထင်းရေမှ မတွေ့ရတဲ့အတွက် လူတွေ နွားတွေ သေကြေ ပျက်စီး ကုန်ကြပါတယ်။ အဲဒီ့ကျမှ ဘီလူးတွေလာပြီး သူတို့ကို စားပစ်လိုက်ကြပါတယ်။ အရိုးပဲ ကျန်ပါသတဲ့။ ပထမလှည်းအဖွဲ့သွားပြီးလို့ အတန်ကြာတဲ့အခါ ဒုတိယလှည်းအဖွဲ့ ခရီးစထွက်ကြတယ်။ အဲဒီ့အဖွဲ့ကိုလည်း ဘီလူးတွေက အရင်အတိုင်း လှည့်စားကြပြန်ပါတယ်။ ဒါပေမယ့် ဒုတိယလှည်းမှူးက ပညာရှိတဲ့အတွက် သူတို့ရဲ့ စကားကို မယုံပါဘူး။ မြက်ထင်းရေတွေ မစွန့်စေဘဲ ခရီးဆက်ထွက်လာတော့ ဘီလူးစားခံထားရတဲ့ ရှေ့လှည်းအဖွဲ့ရဲ့ လူရိုး၊ နွားရိုးတွေကို တွေ့ရပါတယ်။ အဲဒီ့နောက် မိမိတို့လှည်းပေါ်မှာပါတဲ့ အဖိုးမတန်တဲ့ ပစ္စည်းတွေကို စွန့်၊ ရှေ့လှည်းအဖွဲ့က အဖိုးတန်ကုန်တွေကို တင်စေပြီး ခရီးဆက်ကြတော့တာပေါ့။ မြို့စား.. ဒီလိုပဲ သင်လည်း အဆင်အခြင်မရှိ တခြားလောကကို ရှာမယ်ဆိုရင် ပထမလှည်းမှူးမိုက်နဲ့ အဖွဲ့လိုပဲ သင်ရော၊ သင့်အယူကို လက်ခံသူတွေရော ပျက်စီးရလိမ့်မယ်။ ဒါ့ကြောင့် သင့်ရဲ့အယူမှားကို စွန့်လိုက်ပါတော့။ အကျိုးမဲ့တဲ့၊ ဆင်းရဲကိုပဲ ဖြစ်စေတတ်တဲ့ အယူမှားကြီးကို အကြာကြီး လက်ခံမထားပါနဲ့။

အဲဒီ့အခါ မြို့စားက အများသိပြီးဖြစ်တဲ့ သူ့အယူကို သူများကဲ့ရဲ့မှာ စိုးတာရယ်၊ အရှင်ကဿပကို ဆန့်ကျင်လိုတာရယ်ကြောင့် ဆက်ပြီး ယူနေဦးမှာပဲလို့ ဆိုပါတယ်။

ဒါနဲ့ မြို့စားကို အရှင်ကဿပက မစင်ထုပ် ဆောင်ယူသူ ဥပမာပေးပြီး ဆုံးမ ပြန်ပါတယ်။

(၁၂) မစင်ထုပ် ဆောင်ယူသူ ဥပမာ

ကု- မြို့စား.. ရှေးက ဝက်မွေးတဲ့ ယောက်ျားတစ်ယောက်ဟာ တခြား ရွာတစ်ရွာကိုသွားရင်း အဲဒီ့ရွာမှာ မစင်ခြောက်တွေ တွေ့တော့ ဝက်စာရပြီဆိုပြီး ၀မ်းသာအားရ အပေါ်ရုံ အဝတ်နဲ့ထုပ် ခေါင်းပေါ်ရွက်ပြီး ကိုယ့်ရွာကိုယ် ပြန်လာ ခဲ့ပါတယ်။ လမ်းမှာ မိုးကြီးမိတော့ သူ့တစ်ကိုယ်လုံး မစင်တွေ ရွှဲရွဲစိုနေတာပေါ့။ ဒါကိုမြင်တဲ့ သူများတွေက 'မင်း ရူးများနေသလား။ ဘာ့ကြောင့် မစင်ရည်တွေ အရွှဲခံပြီး ဒါကြီးကို ရွက်လာရတာလဲ' လို့ မေးကြတယ်။ အဲဒီ့တော့ 'ငါ မရူးဘူး၊ မင်းတို့ပဲ ရူးနေကြတာ။ ဒါတွေဟာ ငါ့ ဝက်စာတွေဆိုတာ နားမလည်ဘူးလား' လို့ ပြန်ပြောပါသတဲ့။ မြို့စား.. သင်လည်းပဲ မစင်ထုပ် ဆောင်သူနဲ့ အတူတူ ဖြစ်နေပြီ။ သင့်ရဲ့ အယူမှားကို စွန့်လွှတ်လိုက်ပါတော့။

မြို့စားကလည်း အများသိပြီးဖြစ်တဲ့ သူ့အယူကို သူများကဲ့ရဲ့မှာ စိုးတာက တစ်ကြောင်း၊ အရှင်ကဿပကို ဆန့်ကျင်လိုတာက တစ်ကြောင်းကြောင့် ဒီအယူကိုပဲ ဆက်ယူမယ်လို့ ဆိုပြန်ပါတယ်။

ဒါနဲ့ အရှင်ကဿပက အန်ကစားသူ ဥပမာ ပေးပြီး ဆုံးမပြန်ပါတယ်။

(၁၃) အန်ကစားသူ ဥပမာ

ကု- မြို့စား.. ရှေးတုန်းက အန်ကစားသမား နှစ်ယောက် အန်ကစားကြတော့ တစ်ယောက်က ရှုံးမည့်အန်ကို အမြဲပဲ မျိုမျိုချပါသတဲ့။ ဒီလို မျိုတာကို မြင်တဲ့ ဒုတိယ အန်သမားက 'မင်း နိုင်ပါတယ်။ မင်းရဲ့အန်တွေ ငါ့ကိုလည်း ပြပါဦး။ နတ်တင်ဦးမယ်' ဆိုပြီး အန်တွေကို ပထမလူ မသိအောင် အဆိပ်နဲ့ လိမ်းကျံပြီး ပြန်ပေးလိုက်တယ်။ ဆက်ကစားကြတော့ ပထမ အန်သမားဟာ ရှုံးမယ့်အန်တွေကို မျိုမြဲမျို နေပြန်ပါတယ်။ ဒီတော့မှ ဒုတိယ အန်သမားက ' ဟယ်.. အန်သမား ငညစ်ပတ်၊ အန်တွေမှာ အဆိပ်ပြင်းတွေ လိမ်းထားတာကို မင်း မသိ။ မင်းတော့ မကြာခင်ပဲ ဒုက္ခဆိုးကြီးနဲ့ တွေ့ရတော့မယ်' လို့ ဆိုပါသတဲ့။ မြို့စား.. သင်လည်း ပထမ အန်သမားမိုက်နဲ့ တူလှပါလား။ သင့်ရဲ့ အကျိုးမရှိတဲ့ အယူမှားကို စွန့်လွှတ် လိုက်ပါတော့။

ဒါပေမယ့် မြို့စားကတော့ အများသိပြီးဖြစ်တဲ့ သူ့ရဲ့အယူကို သူများကဲ့ရဲ့မှာ စိုးတာရယ်၊ အရှင်ကဿပကို ဆန့်ကျင်လိုတာရယ်ကြောင့် ဆက်ပြီးယူနေဦးမယ်လို့ ဆိုနေဆဲပါပဲ။

အဲဒီ့အခါ မြို့စားကို ပိုက်ဆံလျှော်ထုပ် သယ်ယူသူ ဥပမာနဲ့ ဆုံးမပြန်ပါတယ်။

(၁၄) ပိုက်ဆံလျှော်ထုပ် သယ်ယူသူ ဥပမာ

ကု- ရှေးက မိတ်ဆွေနှစ်ယောက်ဟာ ရွာဟောင်းတစ်ခုဆီ သွားပြီး စွန့်ပစ်ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှာဖွေကြပါတယ်။ အဲဒီ့မှာ ပိုက်ဆံလျှော်တွေကို တွေ့လို့ ထုပ်ပိုး ယူဆောင်လာကြပါတယ်။ ရှေ့ကို ခရီးဆက်ကြတော့ တခြားရွာဟောင်းတစ်ခုမှာ စွန့်ထားတဲ့ ပိုက်ဆံလျှော် ချည်တွေကို တွေ့ပြန်ပါတယ်။ ဒီတော့ တစ်ယောက်က တခြားသူကို 'ငါတို့ လျှော်တွေကို ယူလာကြတာ ချည်အတွက်ပဲ။ အခု ချည်တွေကို တွေ့ပြီဆိုတော့ ဒါတွေကို စွန့်ပြီး ချည်တွေကို ယူကြကုန်စို့' လို့ ဆိုပါတယ်။ အဲဒီ့အခါ ဒုတိယလူက 'ငါတို့ ဒါတွေကို အဝေးကြီးကနေ အပင်ပန်းခံပြီး သယ်လာရတာ၊ မစွန့်နိုင်ပါဘူး' ဆိုပြီး မစွန့်ဘဲ ဆက်သယ်ယူလာပါတယ်။ ပထမလူကတော့ လျှော်တွေကို စွန့်ပြီး ချည်တွေကို ယူခဲ့ပါတယ်။ ဆက်သွားကြတော့ တခြားရွာဟောင်းတစ်ခုမှာ ပိုက်ဆံလျှော် အထည်တွေကို တွေ့ကြပါတယ်။ ပထမလူက ချည်ကိုစွန့်ပြီး အထည်ကို ယူပေမယ့် ဒုတိယလူကတော့ ရှေ့ဆက်သွားပြန်တော့ ခုံလျှော်တွေကို တွေ့ကြပါတယ်။ ဒီနည်းနဲ့ ရှေ့ရှေ့ရွာတွေမှာ ခုံလျှော်ချည်တွေ၊ ခုံလျှော်အထည်တွေ၊ ဝါတွေ၊ ဝါချည်တွေ၊ ဝါချည်အထည်တွေ၊ သံတွေ၊ ကြေးတွေ၊ ခဲပုပ်တွေ၊ ဘင်တွေ၊ ငွေတွေ၊ ရွှေတွေကို တွေ့ကြပါတယ်။ တွေ့တိုင်း တွေ့တိုင်း ပထမလူက ညံ့တာကို စွန့်ပြီး ပိုကောင်းတာကိုပဲ ထုပ်ပိုးသယ်ဆောင်ပေမယ့် ဒုတိယလူကတော့ အဝေးကြီးကနေ ဒုက္ခခံ သယ်လာရတာဆိုပြီး ပိုက်ဆံလျှော်ထုပ်ကိုပဲ မစွန့်နိုင်၊ မလဲနိုင်ဘဲ သယ်ယူလာပါတယ်။ ကိုယ့်ရွာကိုယ် ပြန်ရောက်ကြတော့ ရွှေတွေ သယ်လာတဲ့သူရဲ့ မိဘဆွေမျိုးတွေက ဝမ်းမြောက်ဝမ်းသာ ချမ်းသာလို့ပေါ့။ ပိုက်ဆံလျှော်ကိုပဲ သယ်လာတဲ့သူရဲ့ မိဘဆွေမျိုးတွေကတော့ ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ ဝမ်းမြောက် ဝမ်းသာ ချမ်းသာ မဖြစ်ကြရပါဘူး။ မြို့စား.. သင်လည်း ပိုက်ဆံလျှော်ကိုပဲ သယ်လာသူနဲ့ တူနေတဲ့အတွက် သင့်ရဲ့ အကျိုးစီးပွားမဲ့ ဖြစ်စေမယ့် အယူမှားကြီးကို စွန့်လိုက်ပါတော့။

အဲဒီ့အခါကျမှ မြို့စားက အရှင်ကဿပ အကျွန်ုပ်ဟာ အရှင်ဘုရားရဲ့ ပထမဆုံး ဥပမာနဲ့တင် သဘောပေါက် ကျေနပ်ပြီးသားပါ။ ကြည်ညိုခဲ့ပါတယ်။ ဒါပေမယ့် အရှင်ဘုရားရဲ့ ဥပမာဆန်းတွေကို ဆက်နာကြားချင်လို့ စကားကတ်နေခဲ့တာပါ။ အရှင်ဘုရားရဲ့ တရားတွေဟာ အလွန့်ကို နှစ်သက်စရာပါပဲ။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါပြီ။ ဒီနေ့ကစပြီး အသက်ထက်ဆုံး ဥပါသကာလို့ မှတ်တော်မူပါ။ အကျိုးစီးပွားရှိမယ့် ယဇ်ကြီးတစ်ခုလောက် ပူဇော်ချင်ပါတယ်။ အရှင်ဘုရား စီစဉ်ညွှန်ကြားပေးတော်မူပါ လို့ လျှောက်ထား တောင်းပန်ပါတယ်။

ကု- မြို့စား.. ကျွဲ၊နွား၊ ဆိတ်၊ ဝက် သတ္တဝါတွေကို သတ်ပြီး ပူဇော်တယ်ဆိုတာ အလွန်မှားပါတယ်။ အကျိုး မကြီးပါဘူး။ ဥပမာပြောရရင် မိုးခေါင်ပါတယ်ဆိုမှ သစ်ငုတ်၊ ဆူးငြောင့် မရှင်းရသေးတဲ့ မြေရိုင်းမှာ ကျိုးပဲ့ပုပ်ဆွေး, အနှစ်အဆံမပါတဲ့ မျိုးစေ့ကို သွားစိုက်ပျိုးရင် အကျိုးကြီး မရနိုင်သလိုမျိုးပေါ့။
သတ္တဝါတွေကို မသတ်ဘဲ နည်းမှန်လမ်းမှန် ယဇ်ပူဇော်နိုင်မှ အကျိုးကြီးပါတယ်။ ဥပမာဆိုရရင် မိုးလေ၀သ ကောင်းတဲ့အချိန် ရှင်းလင်း မြေသြဇာထည့်ပြီးသား မြေပေါ်မှာ အနှစ်အဆံရှိတဲ့ မျိုးစေ့ကောင်းတွေကို စိုက်ပျိုးလိုက်ရင် အကျိုး ကျေးဇူးကြီး ရနိုင်သလိုပေါ့။

အဲဒီ့အချိန်ကစပြီး ပါယာသိမြို့စားဟာ သမဏ၊ ဗြာဟ္မဏ၊ အထီးကျန်၊ သူတောင်းစားတွေကို အမြဲ လှူဒါန်းပါတော့တယ်။ ဒါပေမယ့် ပုံးရည်ဟင်းနှင့် ဆန်ကွဲထမင်းကိုပဲ လှူပါတယ်။ အညံ့စား အဝတ်တွေကိုပဲ လှူပါတယ်။ အဲဒီ့အလှူကို ဥတ္တရလုလင်က အုပ်ချုပ်ရပါတယ်။ အညံ့စားတွေကိုပဲ လှူနေရတဲ့ အတွက်ကြောင့် နောင်ဘဝမှာ ပါယာသိမြို့စားနှင့် မဆုံတွေ့ရစေဖို့ ဥတ္တရလုလင်က ဆုတောင်းပါတယ်။ ဒါကို ပါယာသိမြို့စား သိတော့ ခေါ်မေးပါတယ်။ အရှင်သာဆိုရင် ကိုယ်တိုင် သုံးဆောင်ဖို့ နေနေသာသာ ခြေဖျားနဲ့တောင် မတို့နိုင်တာတွေကို လှူလို့ ဒီဆုတောင်းရတာပါလို့ ဥတ္တရလုလင်က ဆိုပါတယ်။ ဒီတော့မှ ကိုယ်တိုင် သုံးဆောင်နေကျ အစားအသောက် အ၀တ်အထည်တွေကို လှူစေပါတယ်။

ပါယာသိမြို့စားဟာ အဲဒီ့လို အလှူကို မရိုမသေ လှူတာတွေ၊ ကိုယ်တိုင် မလှူတာတွေ၊ ပစ်ပစ်ခါခါ လှူတာတွေကြောင့် သေပြီးတဲ့နောက် အခြံအရံ မရှိတဲ့ သေရီသက ဗိမာန်မှာ စတုမဟာရာဇ်နတ်သား သွားဖြစ်ရပါတယ်။ အလှူကို စီမံရတဲ့ ဥတ္တရလုလင်ကတော့ မိမိလက်နဲ့ ကောင်းကောင်းမွန်မွန် တရိုတသေ လှူတဲ့ အတွက် သေပြီးနောက် တာဝတိံသာနတ်ပြည်မှာ ဖြစ်ပါတယ်။

အရှင်ဂဝံပတိ မထေရ်မြတ်ဟာ နေ့သန့်စင်ဖို့ ပရိသတ်ကင်းမဲ့တဲ့ သေရီသက ဗိမာန်သို့ အမြဲကြွလေ့ရှိပါတယ်။ တစ်နေ့မှာ ပါယာသိနတ်သားက မထေရ်ကို လာရှိခိုးပါတယ်။ ဘယ်သူလဲလို့ မေးကြည့်တော့ ပါယာသိမြို့စားပါလို့ လျှောက်ပါတယ်။ ဒါနဲ့ မထေရ်က ပါယာသိမြို့စားဆိုတာ အယူမှားပိုင်ရှင်ပဲလို့ ဆိုတော့ အရှင်ကုမာရကဿပ မထေရ်ကြောင့် အယူမှားကို စွန့်လွှတ်နိုင်ခဲ့ ပါတယ်လို့ ပြန်လျှောက်ပါတယ်။ ပြီးတော့ အလှူကို မရိုမသေ လှူခဲ့တဲ့အတွက် မိမိ ရတဲ့အကျိုး၊ အလှူကို ရိုရိုသေသေ လှူခဲ့တဲ့ ဥတ္တရလုလင် ရတဲ့အကျိုးတွေကို လျှောက်ထားပြီး အလှူကို မရိုမသေ လှူတာ၊ ကိုယ်တိုင် မလှူတာ၊ ပစ်ပစ်ခါခါ လှူတာမျိုးတွေ မလုပ်ဘဲ ရိုရိုသေသေ အလေးအမြတ်ထား လှူဖို့ လူတွေကို ပြန်တရားဟောပေးပါလို့ လျှောက်ထားပါတယ်။ အရှင်ဂဝံပတိ မထေရ်မြတ် ကလည်း အဲဒီ့တရားတွေကို အကြောင်းအကျိုးပြပြီး လူ့ပြည်မှာ ပြန်ဟောပြ ခဲ့ပါတယ်။

(မဟာဝဂ္ဂ ပါဠိတော်က ဒီပါယာသိသုတ္တန်ကို စဖတ်ဖူးကတည်းက အလွန်ကို သဘောကျခဲ့မိလို့ ပြန်မျှဝေလိုက်တာပါ။ ဘုရားရှင် လက်ထက်ကတည်းက နောက်ဘ၀ ရှိ၊ မရှိကို ကျယ်ကျယ်ပြန့်ပြန့်ကြီး research လုပ်သွားတဲ့ ပါယာသိ မြို့စားကြီးအကြောင်း စဉ်းစားမိရင် ခုခေတ် အနောက်နိုင်ငံသားတွေ၊ ရုပ်ဝါဒီတွေ၊ ဘာသာခြားတွေတောင်မှ နောက်ဘ၀ကို မယုံကြတာချင်း အတူတူ သူလောက် သုတေသန မလုပ်နိုင်၊ စကားမကတ်နိုင်ကြဘူးဆိုတဲ့ အတွေးတစ်စနဲ့ ပြုံးမိပါတယ်။ ဒို့က လက်တွေ့၊ မျက်တွေ့မဟုတ်ရင် အယုံအကြည် မရှိဘူး၊ ပုံပြင်တွေပဲ မှတ်တယ် ဆိုလေ့ရှိသူများ စဉ်းစားမိစေချင်ပါတယ်။ ခုခေတ်မှာ microscope နဲ့ကြည့်မှ မြင်နိုင်မယ့် သတ္တ၀ါလေးတွေကို ပကတိ မျက်စိနဲ့ မမြင်ရလို့ မရှိဘူး မပြောနိုင်သလိုပါပဲ။ ကိုယ်က မစွမ်းတာလား၊ သူက မရှိတာလား။ အင်း.. လက်တွေ့မှလို့ ထပ်ပြောချင်ရင်တော့ အဘိညာဉ် microscope ပိုင်ရှင်ဖြစ်အောင် အရင်လုပ်ပေါ့။ မျက်တောင်တစ်ဆုံး မကြည့်ဘဲ မျက်စိတစ်ဆုံး ကြည့်မိဖို့ အရေးကြီးပါတယ်။ မြို့စားရဲ့ ကတ်သီးကတ်သပ် တင်ပြချက်တွေကို ထိထိမိမိ ဥပမာတွေဆောင်ပြီး ဖြေရှင်းပေးသွားတဲ့ တရားအဆန်းတကြယ် ဟောနိုင်မှုမှာ ဧတဒဂ်ဘွဲ့ရ အရှင်ကုမာရကဿပ မထေရ်မြတ်ကြီးကိုလည်း အလွန်ပဲ ကြည်ညို အားကျမိပါတယ်။ စာရေးသူလည်း မေးခွန်းအခက်အခဲတွေ ဖြေရှင်းဖို့များ ကြုံလာ ရရင် အရှင်မြတ်ကြီးရဲ့ ဉာဏ်ရည်မျိုး ဆယ်ပုံတစ်ပုံလောက် ပိုင်ဆိုင်ခွင့် ရပါရစေ လို့တောင် ဆုတောင်းမိပါရဲ့။)

This entry was posted on 8:43 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On Saturday, June 20, 2009 6:46:00 PM , Anonymous said...

ဒီဆောင်းပါးလေးကို ဒီထက် အကျယ်ရေးရင် ဒီထက် ပိုကောင်းမှာသေချာတယ်။ စာရေးသူက သူ့ရဲ့အမြင်ကို အဆုံးမှာ နည်းနည်းလေးပဲ ထည့်ထားတော့ အားမရဖြစ်မိတယ်။ ဆုံးဖြတ်ချက်၊ သုံးသပ်ချက်တွေ အများကြီးနဲ့ဆို ဖတ်ရတာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားမယ်လို့ ထင်မိကြောင်းပါ။