နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

a

ဗုဒ္ဓလက်ထက်တော်အခါက ကောသလတိုင်း သေတဗျမြို့ကို အုပ်ချုပ်နေတဲ့ ပါယာသိမြို့စားဆိုတာ ရှိပါတယ်။ အဲဒီ့ မြို့စားကြီးမှာ အယူမှားတစ်ခု ရှိပါသတဲ့။ အဲဒါကတော့- 'တခြားလောကဆိုတာ မရှိဘူး။ (နောက်ဘဝမရှိ)။ သေပြီးရင် သတ္တဝါ တဖန်ပြန်မဖြစ်ဘူး။ (သေရင် ပြတ်တယ်)။ ကောင်းမှု, မကောင်းမှုတို့ရဲ့ အကျိုးဆိုတာ မရှိဘူး' လို့ပဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ အရှင်ကုမာရကဿပ ခေါင်းဆောင်တဲ့ ရဟန်းတော်ငါးရာ ဒေသစာရီ လှည့်လည်ရင်းနဲ့ အဲဒီ့ သေတဗျမြို့ကို ရောက်လာပြီး မြို့ရဲ့ မြောက်ဘက် ယင်းတိုက်တောမှာ သီတင်းသုံး နေတော်မူကြပါတယ်။ အရှင်ကုမာရကဿပ ဆိုတာ ဥာဏ်ပညာ အလွန်ထက်မြက်ပြီး တရားအဆန်းတွေကိုလည်း ဟောတတ်ပါတယ်။ စကားပြော အလွန်ပြေပြစ်တဲ့ ရဟန္တာကြီး တစ်ပါးပါ။ ဒါ့ကြောင့် သေတဗျမြို့သားတွေဟာ အရှင်ကုမာရကဿပကို ဖူးမြော်ဖို့ မြို့မြောက်အရပ်ကို အစုလိုက် အဖွဲ့လိုက် သွားကြပါတယ်။

ဒါကို ပြသာဒ်ထက်ကနေ မြင်တဲ့ ပါယာသိမြို့စားက အရှင်ကုမာရကဿပ မြို့သူမြို့သားတွေကို တရားမဟောခင် သူ့ဝါဒကို တင်ပြချင်လို့ လိုက်ဦးမယ်၊ ခဏစောင့်ပါဦး ဆိုပြီး လိုက်သွားပါတယ်။

အရှင်ကုမာရကဿပထံ ရောက်တဲ့အခါ သူ့ရဲ့ဝါဒကို လျှောက်ထားပါတယ်။ အဲဒီ့အခါမှာ အရှင်မြတ်က ဒီလို အယူရှိသူမျိုး မကြုံဖူးဘူး။ ဘာ့ကြောင့် ဒီအယူကို ယူရတာလဲ။ သင့်ကိုပဲ ပြန်မေးရမှာပဲ ဆိုပြီး လ၊နေ ဥပမာဆောင်ပြီး မေးခွန်းမေးပါတယ်။

(၁) လနေ ဥပမာ

ကု- မြို့စားကြီး.. လ၊နေဆိုတာ ဒီလောကမှာ ဖြစ်တာလား၊ တခြားလောကမှာ ဖြစ်တာလား။ အဲဒါတွေဟာ နတ်တွေလား၊ လူတွေလား။

မြို့- အရှင်မြတ်.. လ၊နေဆိုတာ တခြားလောကမှာ ဖြစ်တာပါ။ နတ်တွေပါ။ လူ မဟုတ်ပါဘူး။

ကု- မြို့စား.. ဒါဆိုရင် တခြားလောကဆိုတာ ရှိတယ်။ သေပြီး တဖန်ပြန်ဖြစ်တယ်။ ကောင်းမှု၊ မကောင်းမှုတွေရဲ့ အကျိုးရှိတယ် ဆိုတဲ့ မှန်တဲ့ အယူကို ယူပါ။

မြို့- အရှင်မြတ် ဘယ်လိုဆိုဆို အကျွန်ုပ်ရဲ့ အယူကို မစွန့်နိုင်ပါဘူး။

ကု- မြို့စား.. ဒီအယူမှားကို ယူရခြင်းရဲ့ တခြားအကြောင်း ရှိသေးသလား။

မြို့- ရှိပါတယ် အရှင်မြတ်။ အကျွန်ုပ်ရဲ့ မိတ်ဆွေသားချင်းတချို့ဟာ မကောင်းတာ မှန်သမျှ အကုန်လုပ်ကြပါတယ်။ ဒါနဲ့ သူတို့ သေခါနီးမှာ သူတို့ဆီသွားပြီး မကောင်းမှုပြုရင် ငရဲကျမယ်လို့ တချို့ရဟန်းတွေ ဟောကြတယ်။ မင်းတို့ဆိုတာလည်း မကောင်းမှု မှန်သမျှ အကုန်လုပ်ထားတော့ သေရင် သေချာပေါက် ငရဲကျမှာပဲ။ ဒီတော့ ငရဲရောက်ရင် ငါ့ဆီ လာပြောကြပါဦး။ မင်းတို့ကို ငါယုံတယ် လို့ ပြောလိုက်ပါတယ်။ သူတို့ကလည်း စိတ်ချပါလို့ ဆိုကြပါတယ်။ ဒါပေမယ့် သေပြီးတဲ့နောက် ကိုယ်တိုင်လည်း တစ်ယောက်မှ ပြန်လာ မပြောကြပါဘူး။ လူလွှတ်ပြီးလည်း မပြောခိုင်းကြပါဘူး။ ဒါ့ကြောင့် အကျွန်ုပ်ရဲ့ နောက်ဘဝမရှိဆိုတဲ့ အယူ ဖြစ်ရတာပါ။

အဲဒီ့အခါ အရှင်မြတ်က ခိုးသူဥပမာဆောင်ပြီး ပြန်မေးခွန်းထုတ်ပါတယ်။

(၂) ခိုးသူ ဥပမာ

ကု- မြို့စား.. သူခိုးတစ်ယောက်ကိုဖမ်းပြီး သင့်ထံ ခေါ်လာတယ်။ သင်က အဲဒီ့သူခိုးကို လက်ပြန်ကြိုးတုပ်၊ ခေါင်းတုံးရိတ်၊ လမ်းဆုံမှာ စည်လည်၊ တောင်တံခါးကနေထုတ်ပြီး သူသတ်ကုန်းမှာ ခေါင်းဖြတ် သတ်စေလို့ အမိန့်ပေးလိုက်တယ်။ သင့်တပည့်တွေကလည်း သင်ခိုင်းတဲ့အတိုင်း လုပ်တယ် ဆိုပါတော့။ သတ်ခါနီးမှာ သူခိုးက မိဘဆွေမျိုးတွေနဲ့ ခဏလောက် တွေ့ပါရစေ၊ အကြောင်းကြားခဲ့ပါရစေလို့ တောင်းပန်ရင် ခွင့်ပြုနိုင်ပါ့မလား။ ငိုယိုတောင်းပန် နေတုန်းပဲ သတ်ပစ်မှာလား။

မြို့- တွေ့ ခွင့်ပေးမှာ မဟုတ်ပါ။ ငိုကြွေးတောင်းပန်နေတုန်းပဲ ခေါင်းဖြတ် သတ်ပစ် လိုက်ကြမှာပါ။

ကု- မြို့စား.. လူဖြစ်တဲ့ သူခိုးက လူဖြစ်တဲ့ သူသတ်ကိုတောင် တောင်းပန်လို့ မရရင် ငရဲကျသွားတဲ့ သင့် ဆွေမျိုး မိတ်ဆွေတွေက သင့်ထံခဏပြန်လာပြီး နောက်ဘဝရှိတယ်ပြောဖို့ ငရဲထိန်းထံ ခွင့်တောင်းလို့ ရနိုင်ပါ့မလား။ သင့် အယူမှားကို စွန့်ပြီး နောက်ဘဝရှိတယ်ဆိုတဲ့ မှန်တဲ့အယူကို ယူပါ။

မြို့- အရှင်မြတ် ဘယ်လိုပြောပြော အကျွန်ုပ်ရဲ့ အယူကို မပြောင်းနိုင်ပါ။

ကု- မြို့စား.. သင့်အယူ ဖြစ်ရတာ တခြားအကြောင်း ရှိသေးသလား။

မြို့- ရှိတာပေါ့ အရှင်မြတ်။ အကျွန်ုပ်ရဲ့ ဆွေမျိုး အပေါင်းအသင်းတချို့ဟာ မကောင်းတာ မလုပ်ဖူးကြပါဘူး။ ကောင်းတာတွေချည်း လုပ်ပါတယ်။ ကောင်းတာလုပ်တဲ့သူတွေ သေရင် နတ်ပြည် ရောက်တယ်လို့ တချို့ရဟန်းတွေ ဟောကြပါတယ်။ ဒါ့ကြောင့် သူတို့ သေခါနီးမှာ သွားပြီး မင်းတို့သေလို့ နတ်ပြည် ရောက်ရင် ပြန်လာပြောကြဦးလို့ သေချာမှာလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ပြန်လာမပြောကြပါဘူး။ ဒါ့ကြောင့် နောက်ဘ၀ဆိုတာကို အယုံအကြည် မရှိပါဘူး။

အဲဒီ့အခါ အရှင်ကုမာရကဿပက မစင်တွင်းမှာ နစ်တဲ့ ယောက်ျား ဥပမာနဲ့ မေးခွန်း မေးပြန်ပါတယ်။

(၃) မစင်တွင်း၌ နစ်မြုပ်သူ ဥပမာ

ကု- မြို့စား.. မစင်တွင်းထဲမှာ ခေါင်းပါမြုပ်နေတဲ့ ယောက်ျားတစ်ယောက်ကို ဆွဲထုတ် ရေမိုးချိုး သန့်ရှင်း မွှေးကြိုင်အောင်လုပ်၊ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပေးပြီး ကာမဂုဏ်ငါးပါး ခံစားဖို့ ပြာသာဒ်ပေါ် တင်ထားလိုက်ရင် အဲဒီ့လူက မစင်တွင်းထဲကို နောက်ထပ်ဆင်းချင်ဦးမယ် ထင်သလား။

မြို့- ဘယ်ဆင်းချင်တော့ပါ့မလဲ။ ဒီလောက် ညစ်ပတ်နံစော် ရွံစရာ ကောင်းတာကို။

ကု- မြို့စား.. ဒီလိုပဲ။ နတ်တွေဘက်က ကြည့်ရင် လူတွေဟာ အလွန်ရွံစရာ ကောင်းတယ်။ ညစ်ပတ် နံစော်နေကြတာ။ နတ်တွေဟာ လူနံ့ကို ယူဇနာတစ်ရာ အကွာကတောင် မခံနိုင်ကြဘူး။ ဒါ့ကြောင့် နတ်ပြည် ရောက်မှတော့ ဘယ်သူက သင့်ထံ ဒုက္ခခံပြီး လာပြောနေမှာလဲ။ ဒီတော့ သင့်ရဲ့ နောက်ဘဝမရှိ စတဲ့ အယူမှားကို စွန့်လိုက်ပါ။

မြို့- အရှင်မြတ် ဘယ်လိုပြောပြော အကျွန်ုပ်ရဲ့ အယူကို မစွန့်နိုင်ပါ။

ကု- မြို့စား.. သင့်အယူ ဖြစ်ခြင်းရဲ့ တခြားအကြောင်း ရှိသေးသလား။

မြို့- အရှင်မြတ်.. ရှိပါတယ်။ အကျွန်ုပ်ရဲ့ ဆွေမျိုး မိတ်ဆွေတချို့ဟာ သူ့အသက် မသတ်ခြင်း စတဲ့ သီလတွေ စောင့်ကြပါတယ်။ သီလစောင့်တဲ့သူတွေသေရင် တာဝတိံသာနတ်တွေရဲ့ အပေါင်းအသင်းတွေ ဖြစ်ရတယ်လို့ တချို့ရဟန်းတွေ ဟောကြပါတယ်။ ဒါနဲ့ သူတို့ သေခါနီးမှာ သေပြီးရင် ဟုတ်၊မဟုတ် ပြန်လာပြောဖို့ သွားမှာလိုက်ပါတယ်။ တစ်ယောက်မှလည်း လာမပြောကြပါဘူး။ ဒါ့ကြောင့် အကျွန်ုပ်၏ နောက်ဘဝ မရှိစတဲ့ အယူ ဖြစ်ရပါတယ်။

အဲဒီ့အခါ အရှင်မြတ်က တာဝတိံသာနတ် ဥပမာပေးပြီး မေးခွန်းထုတ်ပြန်ပါတယ်။

(၄) တာဝတိံသာနတ် ဥပမာ

ကု- မြို့စား.. လူ့ပြည် အနှစ်(၁ဝဝ)ဟာ တာဝတိံသာနတ် တစ်ရက်၊ အဲဒီ့လို ရက်သုံးဆယ်ဟာ တစ်လ၊
အဲဒီ့လို (၁၂)လက တစ်နှစ်၊ အဲဒီ့လို အနှစ်(၁ဝဝဝ)ကျမှ တာဝတိံသာနတ်တွေရဲ့ အသက်ပါ။ သီလစောင့်လို့ တာဝတိံသာနတ်ပြည် ရောက်ရတဲ့သူဟာ ကာမဂုဏ်စည်းစိမ်ကို နှစ်ရက် သုံးရက် ခံစားပြီးမှ သင့်ထံ လာပြောမယ် ကြံရင် လာပြောနိုင်ပါ့မလား။

မြို့- မတွေ့နိုင်တော့ပါ။ သူလာမပြောခင်ကတည်းက အကျွန်ုပ်တို့ သေကုန်လောက် ပါပြီ။ ဒါပေမယ့် အရှင်မြတ်.. တာဝတိံသာနတ်တွေ ရှိတယ်။ အဲဒီ့နတ်တွေရဲ့ အသက်က ဒီလောက်လို့ အရှင့်ကို ဘယ်သူ ပြောသလဲ။ အဲဒီ့ နတ်တွေရှိတယ် ဆိုတာကို မယုံနိုင်ပါဘူး။

အဲဒီ့အခါ အရှင်မြတ်က ဝမ်းတွင်းကန်း ဥပမာပေးပြီး မေးခွန်းထုတ်ပြန်ပါတယ်။

(၅) ဝမ်းတွင်းကန်း ဥပမာ

ကု- မြို့စား.. ဝမ်းတွင်းကန်းတစ်ယောက်က ဖြူနီညိုရွှေ အရောင်တွေ၊ လနေ နက္ခတ်တွေကို မမြင်ရလို့ မရှိဘူးလို့ ပြောရင် မှန်နိုင်ပါ့မလား။

မြို့- အရှင်မြတ်.. ဖြူနီညိုရွှေ အရောင်တွေ၊ လနေ နက္ခတ်တွေဆိုတာ အမှန်တကယ်ပဲ ရှိပါတယ်။ အဲဒါကို မမြင်ရလို့ မရှိဘူးလို့ဆိုရင် မမှန်နိုင်ပါဘူး။

ကု- မြို့စား.. ဒီလိုဆိုရင် သင်လည်း ဝမ်းတွင်းကန်းနဲ့ တူနေပါရောလား။ တခြားလောက (နတ်ပြည်)ဆိုတာ သင်ထင်သလို ပကတိ အသားစိုင် မျက်စိနဲ့ မြင်ရတာမျိုး မဟုတ်ဘူး။ မမေ့မလျော့ ပြင်းစွာအားထုတ်ပြီး ဒိဗ္ဗစက္ခု အဘိညာဏ်ရမှသာ တခြားလောကတို့၊ ဘ၀သစ်သတ္တဝါတို့ ဆိုတာမျိုးက မြင်နိုင်တာ။ ဒါ့ကြောင့် သင့်အယူကိုစွန့်ပြီး တစ်ခြားလောကဆိုတာ ရှိတယ်။ သေပြီး တဖန်ဖြစ်တယ်။ ကောင်းကျိုး မကောင်းကျိုးရှိတယ်လို့ အမှန်အတိုင်း သိပါတော့။

မြို့- အရှင်မြတ် ဘယ်လိုပြောပြော အကျွန်ုပ်ရဲ့အယူကိုတော့ မစွန့်နိုင်ပါဘူး။

ကု- မြို့စား.. ဒီအယူဖြစ်ရတာ တခြားအကြောင်း ရှိသေးသလား။

မြို့- အရှင်မြတ်.. ရှိပါတယ်။ အသက်ရှည် ချမ်းသာလိုကြတဲ့ အကျင့်သီလကောင်းတဲ့ သူတွေကို မြင်ရတဲ့အခါ အကျွန်ုပ် တစ်ခုတွေးမိပါတယ်။ အကျင့်ကောင်းတဲ့သူတွေ သေလို့ ပိုကောင်းတဲ့ ဘဝကို ရမယ်ဆိုရင် သူတို့ ကိုယ့်ကိုယ်ကို ဘာလို့ သတ်မသေကြပါလိမ့် ဆိုတဲ့အတွေးပါ။ ဒါဟာ နောက်ဘဝ မရှိလို့ ဖြစ်မှာပဲလို့ အကျွန်ုပ် ယူဆပါတယ်။

အဲဒီ့အခါ အရှင်မြတ်က ကိုယ်ဝန်ဆောင် ပုဏ္ဏေးမ ဥပမာပေးပြီး ရှင်းလင်းပြန် ပါတယ်။

(၆) ကိုယ်ဝန်ဆောင် ပုဏ္ဏေးမ ဥပမာ

ကု- မြို့စား.. ရှေးက ပုဏ္ဏား တစ်ယောက်မှာ မယားနှစ်ယောက်ရှိတယ်။ တစ်ယောက်မှာ ၁ဝ/၁၂ နှစ် အရွယ် သားတစ်ယောက် ရှိတယ်။ ကျန် တစ်ယောက်ကတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားခါနီးပေါ့။ အဲဒီ့ အချိန်မှာ ပုဏ္ဏား သေသွားတယ်။ ဒီတော့ သားဖြစ်သူက အဖေ့အမွေတွေ သူနဲ့ပဲ ဆိုင်တယ်ဆိုပြီး အမွေအားလုံးအပ်ဖို့ မိထွေးကို ပြောတယ်။ မိထွေးက မီးဖွားပြီးတဲ့အထိ စောင့်ပါဦး။ သားမွေးရင် တချို့တ၀က်တော့ ပေးပါ။ သမီးမွေးရင် မင်းနဲ့ပေးစားပါမယ်လို့ တောင်းပန်ပါတယ်။ ဒါပေမယ့် သားဖြစ်သူက အမွေအားလုံး သူပိုင်ကြောင်းပဲ (၂)ကြိမ်၊(၃)ကြိမ် ထပ်ပြောနေတော့ မိုက်မဲတဲ့ ပုဏ္ဏေးမငယ်ဟာ ကလေးမွေးစေဖို့ တိုက်ခန်းထဲဝင်ပြီး ဓားနဲ့ ဗိုက်ကိုခွဲပါသတဲ့။ အဲဒီတော့
စည်းစိမ်ဥစ္စာလည်း မရတော့ဘဲ ကလေးရော၊ လူကြီးပါ ပျက်စီးသွားရတာပေါ့။ သီလရှိတဲ့သူဆိုတာ ဒီပုဏ္ဏေးမလိုမျိုး မမိုက်ဘူး။ အချိန်ကျအောင် စောင့်တယ်။ အကျင့်ကောင်းတဲ့ သူတွေအဖို့ အသက်ရှည်လေ ကုသိုလ်တိုးလေပဲ။ အများ အကျိုးကို ပိုဆောင်နိုင်တယ်။ နောက်ဘဝမရှိလို့ ကိုယ့်ကိုယ်ကို သတ်မသေတာ မဟုတ်ဘူး။ ဒါ့ကြောင့် သင့်အယူကို စွန့်ပါ။

မြို့- အရှင်မြတ် ဘယ်လိုပြောပြော အကျွန်ုပ်ရဲ့ အယူကို မစွန့်နိုင်ပါ။

အပိုင်း (၂)ကို ဆက်ဖတ်ပါဦး။

This entry was posted on 10:44 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: