နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


မြင်လျှင်မပြုံး၊ နှလုံးမသာ၊ မျက်နှာမပေး၊ ကျင့်ရေးဆန့်ကျင်၊ ရန်တွင်မှီခို၊ မိတ်ကိုကြဉ်ဖဲ၊ ဆဲသူကိုမ၊ ချီးမွမ်းကဖျက်၊ လျှို့ဝှက်မကြား၊ ၀ှက်ထားဖော်ဆို၊ မှုကိုပြစ်ရှာ၊ ပညာပြစ်တင်၊ ပျက်လျှင်ကြည်သာ၊ ပွါးလာမုန်းထား၊ စားထူးရမေ့၊ ရလေ့မတ၊ ဆယ့်ခြောက်ဝတွင်၊ အမိတ္တမူ၊ မိတ်ပြန်ယူပြီး၊ ဤသူကားရန်၊ ဤသူဟန်မူ၊ မိတ်မှန်အမြဲ၊ မချွတ်လွဲသည်၊ လူကဲခတ်၍ ပေါင်းလေသတည်း။
(ကင်းဝန်မင်းကြီး ကဗျာစု)


လောကရဲ့ သဘာဝကိုက ပြိုင်ဆိုင်မှုနဲ့ မကင်းပါဘူး။ ''မိမိမှတစ်ပါး အခြား'' ဆိုတာတွေ ရှိတဲ့နောက်မှတော့ အတွင်းကြိတ် ပြိုင်ဆိုင်မှုတွေ၊ သိသိသာသာ ပြိုင်ဆိုင်မှုတွေ ရှိတော့တာပါပဲ။ ကြီးပွါးတိုးတက်ရေးကို ဦးတည်တဲ့ ပြိုင်ဆိုင်မှုမျိုးကို ကြိုဆိုလက်ခံပြီး ဆုတ်ယုတ်ပျက်စီးမှုကို ခြေလှမ်းပြင်နေတဲ့ ပြိုင်ဆိုင်မှုမျိုးကို ဟန့်တားရပါမယ်။ လူရယ်လို့ ဖြစ်လာရင် တစ်ဦးတည်းသင်းကွဲ နေလို့မရတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေကတော့ အနည်းနဲ့အများ ရှိကြရမှာပါ။ အပေါင်းအသင်း အချင်းချင်းထဲမှာလည်း ကြိတ်ပြိုင်၊ ပေါ်တင်ပြိုင်ရင်းနဲ့ မိတ်ဆွေဘ၀ကနေ ရန်သူအဖြစ် ပြောင်းလဲသွားတာမျိုးတွေ ရှိပါတယ်။ ဒီလို ပြောင်းလဲတတ်တဲ့အတွက် ကိုယ်နဲ့ သိပ်ကြီးရင်းရင်းနှီးနှီးရှိပေမယ့် မိတ်ဆွေပါလို့ တစ်ထစ်ချ ပြောလို့မရတော့သလို သိပ်မခင်လို့လည်း ရန်သူစာရင်း သွင်းလို့မရနိုင်ပါဘူး။ ခွဲဖို့ သိပ်ခက်ပါတယ်။ ပြီးတော့ အယောင်ဆောင် မိတ်ဆွေဆိုတာ ရန်သူထက်တောင် ဆိုးတယ်မဟုတ်လား။ အချိန်မရွေး နောက်ကျောကို ဓားနဲ့ထိုးသွားနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်ကလည်း ကလျာဏမိတ္တ (မိတ်ဆွေစစ်)နဲ့ ပြည့်စုံခြင်းဟာ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်မှုအတွက် ရာနှုန်းပြည့် အရေးပါတယ်လို့ အရှင်အာနန္ဒာကို မိန့်ကြားတော်မူခဲ့ပါတယ်။ ပဌာန်း ပါဠိတော်မှာလည်း မိတ်ဆွေကောင်းကို လောကရေး၊ ဓမ္မရေးမှာ အလွန်စွမ်းအားကြီးမားတဲ့ အားထားမှီခိုရာ = ဥပနိဿယပစ္စည်းလို့ ဆိုထား ပါတယ်။ ဒီလောက်တောင် အရေးပါနေတဲ့ မိတ်ဆွေစစ်ကို ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။ သူ့စိတ်လည်း ကိုယ်ဝင်ကြည့်လို့မရ။ အပေါင်းအသင်းမှားသွားလို့ သောတာပန်မျိုးစေ့ကြီး ပါပါလျက်နဲ့ ငရဲမှာနစ်သွားရတဲ့ အဇာတသတ်လိုမျိုး ဖြစ်သွားရရင်လည်း ဒုက္ခ။ အင်း…။ သိပ်တော့လည်း စိတ်မပူပါနဲ့။ မိမိတို့က ဗုဒ္ဓရဲ့ တပည့်သားသမီး ဖြစ်တဲ့နောက်တော့ ပြဿနာတိုင်းအတွက် အဖြေရှိပြီးသားပါ။

ဗုဒ္ဓဟောကြားခဲ့တဲ့ ရန်သူ၊ မိတ်ဆွေ ခွဲခြားနည်းတွေထဲက မိတ္တာမိတ္တဇာတ်လာ နည်းကလေး တစ်ခုကိုပဲ လက်ဆောင်ပေးချင်ပါတယ်။ ရန်သူ့အင်္ဂါ (၁၆)ပါး၊ မိတ်ဆွေအင်္ဂါ (၁၆)ပါးရယ်လို့ ရှိပါတယ်။

ရန်သူ့အင်္ဂါ (၁၆)ပါးက -

(၁) ကိုယ့်ကိုမြင်လျှင် မပြုံးရွှင်။
(၂) ကိုယ့်အသံကြားသော်လည်း မနှစ်သက်။
(၃) မျက်လုံးချင်းပင် မဆုံချင်၊ မျက်နှာလွှဲ၏။
(၄) ကိုယ့်ကို အမြဲ ဆန့်ကျင်၏။
(၅) ကိုယ်နှင့် မတည့်သူတို့နှင့်သာ ပေါင်း၏။
(၆) ကိုယ်နှင့်တည့်သူတို့နှင့် မပေါင်း။
(၇) ကိုယ့်ကို ချီးမွမ်းလျှင် မကြိုက်၊ တားမြစ်၏။
(၈) ကိုယ့်ကို ဆဲရေးကဲ့ရဲ့လျှင် ကြိုက်၏။
(၉) ရန်သူတို့၏ လျှို့ဝှက်ချက်ကို ကိုယ့်ကို မပြော။
(၁၀) ကိုယ့်လျှို့ဝှက်ချက်ကို လျှို့ဝှက်မပေး။
(၁၁) ကိုယ့်အလုပ်ကို မချီးမွမ်း၊ အပြစ်ရှာ၏။
(၁၂) ကိုယ့်ပညာကို အသိအမှတ် မပြု။
(၁၃) ကိုယ်စီးပွါးပျက်လျှင် ၀မ်းသာ၏။
(၁၄) ကိုယ်စီးပွါးတက်လျှင် မနာလို၊ မရှုစိမ့်။
(၁၅) ကောင်းတာရလျှင် ကိုယ့်ကို သတိမရ။
(၁၆) ကိုယ်ဒုက္ခရောက်သော်လည်း မသနား၊ စိတ်မတုန်လှုပ်။
-တို့ ဖြစ်ပါတယ်။

မိတ်ဆွေအင်္ဂါ (၁၆)ပါးကတော့ -

(၁) ခွဲခွါနေရလျှင် အမြဲအောက်မေ့ သတိရ၏။
(၂) ကိုယ်ရောက်လာလျှင် နှစ်သက်သဘောကျ၏။
(၃) ကိုယ့်ကို အမြဲ ပျော်ရွှင်စေလို၏၊ ချစ်မြတ်နိုး၏။
(၄) ကိုယ့်အသံကြားလျှင် အမြဲ နှစ်သက်၏၊
(၅) ကိုယ့်မိတ်ဆွေများနှင့်သာ ပေါင်း၏။
(၆) ကိုယ့်ရန်သူများနှင့် မပေါင်း။
(၇) ကိုယ့်ကို ချီးမွမ်းလျှင် ထောက်ခံချီးမွမ်း၏။
(၈) ကိုယ့်ကို ဆဲရေးကဲ့ရဲ့လျှင် တားမြစ်၏။
(၉) ရန်သူတို့၏ လျှို့ဝှက်ချက်ကို ပြောပြ၏။
(၁၀) ကိုယ့်လျှို့ဝှက်ချက်ကို လျှို့ဝှက်ပေး၏။
(၁၁) ကိုယ့်အလုပ်ကို ချီးမွမ်းလေးစား၏။
(၁၂) ကိုယ့်ပညာ၊ စွမ်းရည်သတ္တိကို အသိအမှတ် ပြု၏။
(၁၃) ကိုယ်စီးပွါးပျက်လျှင် မနှစ်သက်။
(၁၄) ကိုယ်စီးပွါးတက်လျှင် ထပ်တူဝမ်းသာ၏။
(၁၅) ကောင်းတာရလျှင် ကိုယ့်ကို သတိရ၏။
(၁၆) ကိုယ်ဒုက္ခရောက်သော် စိတ်ချမ်းသာအောင် စောင့်ရှောက်၏။
- တို့ပဲ ဖြစ်ပါတယ်။

ဒီ (၃၂)ပါးသော လက္ခဏာတွေနဲ့ မိမိနဲ့ ပေါင်းသင်းဆက်ဆံနေသူများကို ရန်သူ၊ မိတ်ဆွေ ခွဲခြားကြည့်နိုင်ပါတယ်။ ဒီမှာကြည့်ရင် မိတ်ဆွေစစ်တစ်ယောက် ရဖို့အတွက် လောကီစည်းစိမ် အဆင့်အတန်းက ဘယ်နေရာကမှ အရေးမပါဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ငွေရှိရုံနဲ့ မဖြစ်နိုင်တဲ့အထဲမှာ မိတ်ဆွေစစ်ကလည်း ထိပ်ဆုံးကပေါ့။ မိမိပတ်ဝန်းကျင်မှာ ၀ိုင်းဝိုင်းလည်နေတဲ့ အပေါင်းအသင်းတွေထဲမှာ မိတ်ဆွေစစ် ဘယ်နှစ်ယောက်များပါသလဲလို့ ခွဲခြားကြည့်ရတာ စိတ်ဝင်စားစရာပါပဲ။

မိတ်ဆွေကောင်းနဲ့ ပေါင်းမိပါမှ သူတော်ကောင်းတရား နာရပါမယ်။ သူတော်ကောင်းတရား နာရပါမှ ကိုယ့်စိတ်ကိုယ် ကောင်းစွာထားတတ်ပါမယ်။ ကိုယ့်စိတ်ကိုယ် ကောင်းစွာထားတတ်ပါမှ ကုသိုလ်ဖြစ်ပါမယ်။ ကုသိုလ် တရားကသာလျှင် အရာရာအောင်မြင်စေတဲ့ အကြောင်းဆိုတော့ ဆန့်ကျင်ဘက် သံသရာစက်ကြီး လည်မလာခင် မြန်မြန်ပဲ ခွဲခြားစိစစ် စွန့်ထုတ်ပစ်လိုက်စမ်းပါ။

အဲ… ကိုယ့်အနေ ကိုယ့်ဘက်ကချည်း အားရပါးရ မကြည့်ဘဲ ကိုယ်ကရော…? ဆိုတဲ့ အတွေးလေး ၀င်ဖို့တော့ မမေ့စေနဲ့နော်။

This entry was posted on 12:51 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: