နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဘ၀မှာ နေတတ်စေဖို့
6:41 PM | Author: Dhamma Yanant


ဘ၀ဆိုတာကတော့ ကောင်းတစ်ချီ ဆိုးတစ်လှည့်ပေါ့။ အမြဲတမ်းကြီး နေ့မဟုတ်သလို အမြဲတမ်းကြီးလည်း ညမဖြစ်ပါဘူး။ လောကထဲမှာ ရှိနေသရွေ့ကတော့ လောကဓမ္မဆိုတဲ့ လောကဓံတရားတွေနဲ့ ကြုံနေရမှာပါ။ အကောင်းလောကဓံ၊ အဆိုးလောကဓံ နှစ်မျိုးရှိတဲ့အထဲက အကောင်းများများ ကြုံရဖို့ကတော့ ဒါန၊ သီလ၊ ဘာဝနာ များများလုပ်ဖို့ပါပဲ။ ဒါနက ပြင်ပပစ္စည်း စိုက်ထုတ်ဖို့ လိုပေမယ့် ကျန်တဲ့နှစ်ခုကတော့ လုပ်ချင်စိတ်လေး ရှိရုံနဲ့ လုပ်လို့ရပါတယ်။ ဘာမှလည်း မကုန်ပါဘူး။ အကျိုးလည်း ပိုကြီးပါတယ်။ အဆိုးတွေနဲ့ ကြုံရတယ်ဆိုတာ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ အကုသိုလ်အကျိုး မပေးနိုင်လောက် အောင်ကို ငါ့ရဲ့ ကုသိုလ်တာရိုးက မလုံသေးပါလားလို့ပဲ မှတ်ရပါမယ်။ ပိုလုံအောင်၊ ပိုကောင်းအောင်ပဲ ကြိုးစားရပါမယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်တိုနေမယ်၊ စိတ်ဆင်းရဲနေမယ်ဆိုရင်တော့ အကုသိုလ်အတိုးယူသလို ဖြစ်နေမှာပါပဲ။ ဘ၀ထဲမှာ အလိုက်သင့်နေတတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ဘာသာရေးအသုံးအနှုန်းနဲ့ ပြောရရင် ယောနိသောမနသိကာရ ရှိဖို့ပါ။ ခပ်ပေါ့ပေါ့ပြောရရင် အကောင်းမြင်တတ်ခြင်းပါ။ အဲဒါက ကုသိုလ် ဖြစ်ခြင်းရဲ့ အနီးဆုံး အကြောင်းပါပဲ။ မဂ်၊ ဖိုလ်ကိုတောင် ပေးနိုင်ပါတယ်။

ဥပမာဆိုရရင် လှိုင်းထန်တဲ့ ရေပြင်ကျယ်ကို လှေငယ်နဲ့ ဖြတ်ကူးတဲ့အခါ လှိုင်းရိုက်တာကို အလိုက်သင့်ခံပြီး လိုရာကို သွားတတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကန့်လန့်ကြီး သွားခံမယ်ဆိုရင်တော့ ကိုယ့်လှေပဲ တစ်စစီဖြစ်ပြီး နစ်မြုပ်ဒုက္ခရောက်ရမှာပေါ့။ ဒီလိုပါပဲ လောကဓံ လှိုင်းထန်တဲ့ သံသရာရေကြောကို ဖြတ်တဲ့အခါမှာလည်း ပညာနဲ့ အလိုက်သင့်ခံပြီး လိုရာပန်းတိုင်ကို ရောက်အောင် သွားတတ်ရပါမယ်။ ကြားဖူးတဲ့ စကားလေး တစ်ခွန်းနဲ့ ခိုင်မာအောင် ပြောပါဦးမယ်။

စိတ်ဓာတ်မပြည့်ဝသေးတဲ့သူဟာ ပြဿနာတစ်စုံတစ်ခု ကြုံရရင် သူများကို အပြစ် တင်တတ်တယ်တဲ့။
အထိုက်အလျောက် ပြည့်ဝတဲ့သူကတော့ မိမိကိုယ်ကို အပြစ်တင်တတ်တယ်တဲ့။
လုံးဝပြည့်ဝပြီးသူများကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူးတဲ့။

လောကဓမ္မကို အမှန်အတိုင်း သိမြင်ပြီး မတုန်မလှုပ် လက်ခံသွားနိုင်တာပါ။ ဒါကို အလိုက်သင့် ခံယူတတ်တယ်လို့ ဆိုချင်တာပါ။ လောကမှာ အန္တရာယ်များတဲ့ ရေလမ်းခရီးကို သွားတဲ့အခါ ကိုယ့်လှေလေးကိုယ် အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက် ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ စိတ်တိုင်းကျ ဖြည့်တင်းပြီးမှ သွားကြသလို မိမိတို့ရဲ့ ရှေ့ဆက်ရမယ့် သံသရာခရီးကြီးအတွက် ပစ္စုပ္ပန်ဘ၀ ဆိုတဲ့လှေလေးကို ကုသိုလ်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက် ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ ဖြည့်တင်းထား ရပါမယ်။ ရိုးရိုးခရီးက ကိုယ်စိတ်တိုင်းကျတဲ့နေ့မှ သွားလို့ရပေမယ့် သံသရာခရီးက ဘယ်အချိန် သွားရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် အမြဲအသင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သတိတရားလေး လက်ကိုင်ထားပြီး ကိုယ့်စိတ်ကိုယ် ကုသိုလ်ဖြစ်တိုင်း၊ အကုသိုလ်ဖြစ်တိုင်း အတတ်နိုင်ဆုံး သိနေပေးမယ်ဆိုရင် သတိပဌာန်တရား ပွါးများပြီးဖြစ်လို့ လှေကတော့ ခိုင်ပါပြီ။ ဒါန၊ သီလ ရိက္ခာတွေပါ တင်ထားပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို အစိုးမရတဲ့ဘ၀မှာ သူက ဘယ်အချိန် လာထွက်ခိုင်း၊ ထွက်ခိုင်း ကျေကျေနပ်နပ်ကြီး သွားလို့ရပြီပေါ့။

စာဖတ်သူများအားလုံး ဘ၀ထဲမှာ အလိုက်သင့် နေတတ်ထိုင်တတ်ရှိနိုင်ကြပါစေ။

This entry was posted on 6:41 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: